HomeCelebs Update NewsKoreaဗီလိန်အဖြစ်ရော ဇာတ်လိုက်အဖြစ်ပါ သရုပ်ဆောင်ပိုင်နိုင်ကြတဲ့ မင်းသား(၅)ယောက်

ဗီလိန်အဖြစ်ရော ဇာတ်လိုက်အဖြစ်ပါ သရုပ်ဆောင်ပိုင်နိုင်ကြတဲ့ မင်းသား(၅)ယောက်

ဇာတ်လမ်းတစ်ခုမှာတော့ ဇာတ်လိုက်သရုပ်ဆောင်ကလည်း အရေးပါသလို ဗီလိန်တွေရဲ့ အရေးပါမှုကိုလည်း ဒရာမာနဲ့ ရုပ်ရှင်ချစ်ပရိသတ်တိုင်း သိထားကြပြီး ဖြစ်မှာပါ။ ဒါ့အပြင် သရုပ်ဆောင်နည်းပညာတွေအရ ဗီလိန်ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်ဖို့ဆိုရင် ပိုပြီးအားထုတ်ကြိုးစားရတာမျိုးတွေ ရှိပါသေးတယ်။ ကိုရီးယားဒရာမာလောကမှာတော့ ဇာတ်လိုက်ဟီးရိုးနေရာမှာတင်မက ဗီလိန်ဇာတ်ရုပ်တွေမှာပါ နှစ်မျိုးလုံး ပီပြင်အောင် သရုပ်ဆောင်နိုင်သူတွေ ရှိပါတယ်။ ဒါကြောင့်ပဲ ဇာတ်လိုက်အဖြစ်နဲ့ရော၊ ဗီလိန်အဖြစ်နဲ့ပါ သရုပ်ဆောင်ကောင်းတဲ့ မင်းသား(၅)ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။

Yoo Seung Ho

Yoo Seung Ho ကတော့ မိန်းကလေးတွေရဲ့ စိတ်ကူးယဉ်ချစ်သူ ဖြစ်လောက်တဲ့ ဇာတ်ရုပ်မျိုးတွေမှာလည်း သရုပ်ဆောင်ဖူးသလို ကလဲ့စားချေချင်စိတ်နဲ့ စိတ္တဇလူသတ်သမားအဖြစ်လည်း သရုပ်ဆောင်ဖူးပါတယ်။ သည်းထိတ်ရင်ဖို ဒရာမာဖြစ်တဲ့ Missing You ထဲမှာတော့ Yoo Seung Ho ဟာ စိတ္တဇလူသတ်သမား Kang Hyung Joon အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် သူဟာ အနှိပ်စက်ခံရသူနေရာမှာရော၊ သူကိုယ်တိုင်က သူများကို နှိပ်စက်သူအဖြစ်နဲ့ပါ ပီပြင်စွာ သရုပ်ဆောင်ထားတာပါ။

သို့သော်လည်း I’m Not A Robot ၊ My Strange Hero တို့လို ရိုမန့်တစ်ဆန်တဲ့ ဒရာမာတွေထဲမှာတော့ မိန်းကလေးပရိသတ်အကြိုက် သရုပ်ဆောင်ထားပြီး Memorist ထဲမှာဆိုရင်လည်း လူတွေရဲ့စိတ်ကို ဖတ်နိုင်စွမ်းရှိတဲ့ စုံထောက်တစ်ယောက်အဖြစ် ဇာတ်လိုက်နေရာတွေမှာ သရုပ်ဆောင်ထားပါသေးတယ်။

Kim Jae Wook

မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသား Kim Jae Wook ဟာလည်း နာမည်ကြီး မှုခင်းဒရာမာ The Voice ထဲမှာ စိတ္တဇဝေဒနာရှင် ဗီလိန် Mo Tae Goo အဖြစ် သရုပ်ဆောင်ပြီး ပရိသတ်အားပေးမှုကို တခဲနက် ရရှိထားပါတယ်။ ယနေ့အချိန်ထိ The Voice ဟာ နာမည်ကြီး မှုခင်းဒရာမာအဖြစ် ပရိသတ်တွေကြားမှာ ကျော်ကြားနေဆဲ ဖြစ်ပြီး Kim Jae Wook ရဲ့ သရုပ်ဆောင်မှုကတော့ ကြက်သီးထစရာကောင်းလောက်အောင် ပြောင်မြောက်တာ တွေ့ရမှာပါ။ Crazy Love ၊ Her Private Life ၊ The Guest တို့လို ဒရာမာတွေထဲမှာတော့ Kim Jae Wook ရဲ့ မတူညီတဲ့ သရုပ်ဆောင်မှုတွေကို ခံစားရဦးမှာ ဖြစ်ပါတယ်။

Shin Sung Rok

Shin Sung Rok ကတော့ ဗီလိန်ဇာတ်ရုပ်မှာ သရုပ်ဆောင်ပြီး ပရိသတ်အချစ်ခံရတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။ My Love From The Star ထဲက သူ့ရဲ့ဗီလိန်ဇာတ်ရုပ်ကတော့ ပရိသတ်တွေကြားထဲမှာ နာမည်ကြီးပဲ ဖြစ်ပါတယ်။ အပြင်ပန်းမှာတော့ လူကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်ထားပြီး တကယ်တမ်းမှာတော့ အစီအစဉ်တကျနဲ့ သွေးအေးရက်စက်တတ်တဲ့ လူသတ်သမားတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ ဒါ့အပြင် The Last Empress ထဲမှာဆိုရင်လည်း မိမိကိုယ်ကို ယုံကြည်မှုနည်းပါးတဲ့ ဘုရင်တစ်ပါးအဖြစ် ဗီလိန်ဇာတ်ရုပ်နဲ့ ပရိသတ်တွေ ကြွေသွားအောင် သရုပ်ဆောင်ထားပါသေးတယ်။ မတူညီတဲ့ သရုပ်ဆောင်မှုအနေနဲ့ Kairos ဒရာမာထဲမှာတော့ ဇာတ်လိုက်အဖြစ်နဲ့ ပါဝင်ထားပါတယ်။

Lee Joon

Idol သရုပ်ဆောင်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ဘဝ အစောပိုင်းမှာ ဗီလိန်ဇာတ်ရုပ်ကို သရုပ်ဆောင်တယ်ဆိုတာဟာ တော်တော်လေး ထူးခြားပါတယ်။ Gap Dong ထဲက Lee Joon ရဲ့ဇာတ်ရုပ်ကတော့ စိတ္တဇဝေဒနာသည် ထောင်ထွက်တစ်ယောက် ဖြစ်ပါတယ်။ ဉာဏ်ရည်မြင့်မားပြီး ဒုစရိုက်မှုကျူးလွန်ရာမှာ တစ်ဖက်ကမ်းခတ်သူ ဖြစ်တာကြောင့် သူလေးစားအားကျရတဲ့ ကွင်းဆက်လူသတ်သမားအတိုင်း တသွေမတိမ်း လိုက်လုပ်တဲ့ ကြောက်စရာဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားတာဟာ ချီးကျူးစရာပါပဲ။ My Father is Strange ၊ Bloody Heart နဲ့ The Silent Sea အစရှိတဲ့ ဒရာမာတွေထဲမှာတော့ Lee Joon ရဲ့မတူညီတဲ့ သရုပ်ဆောင်မှုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Lee Dong Wook

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသား Lee Dong Wook ကတော့ အနု၊အကြမ်း စွယ်စုံရတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ အထူးသဖြင့် Strangers From Hell ဒရာမာထဲက သူ့ရဲ့ဇာတ်ရုပ်ဆိုရင် horror အမျိုးအစားဖြစ်တာကြောင့် ကြည့်ရှုသူတွေကို အိပ်မက်ဆိုးပါ မက်စေလောက်ပါတယ်။ အလားတူပဲ Tale of the Nine Tailed ၊ Touch Your Heart ၊ My Girl အစရှိတဲ့ ဒရာမာတွေထဲမှာတော့ Lee Dong Wook ရဲ့ မတူညီတဲ့ သရုပ်ဆောင်မှုတွေကို မြင်တွေ့ရဦးမှာပါ။

Vancouver
RELATED ARTICLES

Most Popular