HomeCharacterThor: Love and Thunder ထဲက Zeus ရဲ့ ကောမစ် Origin နဲ့ စွမ်းအားများ

Thor: Love and Thunder ထဲက Zeus ရဲ့ ကောမစ် Origin နဲ့ စွမ်းအားများ

Thor: Love and Thunder ရုပ်ရှင်ကတော့ မကြာခင်ကပဲ ရုံတင်ခဲ့ပြီး ဒါရိုက်တာ Taika Waititi ကပဲ ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဂရိနတ်ဘုရားဖြစ်တဲ့ Zeus လည်း ပါဝင်လာပြီး Russell Crowe က ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Zeus ဟာ ၁၉၄၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Venus #5 ထဲမှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Zeus ဟာ အနည်းသာ ပါဝင်ခဲ့ပြီး သူ့ရြ့အကြောင်းတွေကိုလည်း သေချာမမြင်ခဲ့ရပါဘူး။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Zeus ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

ကောမစ် Origin

photo via screenrant

ကောမစ်ထဲမှာတော့ Zeus ဟာ သုခဘုံ၊ ကောင်းကင်နဲ့ ရာသီဥတုတို့ရဲ့ နတ်ဘုရားပဲ ဖြစ်ပြီး Olympus Dimension မှာ နေထိုင်တဲ့ လူသားနဲ့ဆင်တူတဲ့ Being တစ်ယောက်ပဲ ဖြစ်ပါတယ်။ Zeus ကတော့ Titan တွေ ဖြစ်ကြတဲ့ Cronus နဲ့ Rhea တို့ရဲ့ အငယ်ဆုံးသားပဲ ဖြစ်ပါတယ်။ Cronus ကတော့ Olympus ရဲ့ အုပ်ချုပ်သူပဲ ဖြစ်ပြီး တစ်နေ့မှာ သူ့ရဲ့ကလေးတွေထဲက တစ်ယောက်ဟာ သစ္စာဖောက်လိမ့်မယ်ဆိုတဲ့ ရှေ့ဖြစ်ဟောတစ်ခုကို ကြောက်နေပါတယ်။ ဒါကြောင့်ပဲ Cronus ဟာ ကလေးတွေ မွေးပြီးပြီးချင်းပဲ အဲဒီကလေးတွေကို Tartarus လို့ခေါ်တဲ့ ဒိုင်မေးရှင်းတစ်ခုမှာ ဖမ်းချုပ်ထားပါတယ်။ ဒါပေမယ့်လည်း Zues ရဲ့ အလှည့်ကျရောက်လာတဲ့ အချိန်မှာတော့ Rhea ဟာ ဒီလိုမျိူး အကျဉ်းချမခံရအောင် ကယ်တင်ခဲ့ပြီး သူ့ရဲ့အဘွားဖြစ်သူ Gaea က Zeus ကို စောင့်ရှောက်ပေးခဲ့ပါတယ်။ Zeus ကလည်း အသက်ကြီးလာတာနဲ့အမျှ သူ့ရဲ့အဖေကို လက်စားချေဖို့ ကျိန်ဆိုခဲ့ပြီး သူ့ရဲ့ညီအစ်ကို မောင်နှမတွေဖြစ်တဲ့ Hades ၊ Poseidon ၊ Hera ၊ Demeter နဲ့ Hestia တို့ကို လွှတ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Zeus တို့ဟာ Titan တွေနဲ့ ဆယ်စုနှစ်ကြာအောင် စစ်ဖြစ်ခဲ့ပါတယ်။ Zeus တို့ကတော့ အဲဒီစစ်ပွဲကို အောင်နိုင်သွားပြီး သူ့အဖေ Cronus အပါအဝင် အသက်ရှင်ကျန်ခဲ့တဲ့ Titan တွေကို Tartarus ထဲမှာ ဖမ်းထားခဲ့ပြီး Zeus ကတော့ Olympus ကို သိမ်းပိုက်ခဲ့ပါတယ်။

photo via screenrant

Zeus ကတော့ နတ်ဘုရားမ Hera ကို လက်ထပ်ယူထားပေမယ့်လည်း တခြားနတ်ဘုရားမတွေအပြင် လူသားအမျိူးသမီးတွေနဲ့ပါ ရှုပ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူ့မှာ ကလေးတွေများစွာ ရှိပြီး အဲဒီထဲက Ares ၊ Athena ၊ Apollo ၊ Artemis နဲ့ Hermes တို့လို နာမည်ကြီးတွေလည်း ပါဝင်ပြီး Troy နဲ့ Hercules တို့လည်း ပါဝင်ပါတယ်။ Marvel ကောမစ်ထဲက Zeus ရဲ့ အကြောင်းဟာလည်း ဂရိဒဏ္ဍာရီကို အဓိကအခြေခံပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒီဒဏ္ဍာရီထဲကလိုပဲ Olympian God တွေဟာ Mystic Being တွေအနေနဲ့ ကိုးကွယ်ခံခဲ့ရပြီး ဒီလိုမျိူး ဖြစ်လာဖို့အတွက် Zeus ဟာ ဂရိလူအဖွဲ့အစည်းကို သူတို့ရှိနေမှန်း ပြသခဲ့တာ ဖြစ်ပါတယ်။

Olympus ဒိုင်မေးရှင်းနဲ့ ဂရိမှာရှိတဲ့ Olympus တောင်တို့ရဲ့ လျှို့ဝှက်ဆက်သွယ်မှုကို သိသွားတဲ့ အချိန်မှာတော့ Zeus ဟာ Eternal တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း လူသားတွေဟာ Eternal တွေကို နတ်ဘုရားတွေလို့ တဖြည်းဖြည်းနဲ့ ယူဆလာတဲ့ အချိန်မှာတော့ Olympian God တွေဟာ ဒေါသထွက်ခဲ့ပြီး အဲဒီမဟာမိတ်ဟာ ပျက်စီးသွားခဲ့ပါတယ်။ Thor နဲ့ ပြဿနာ အနည်းငယ် ဖြစ်ပြီးတဲ့ နောက်မှာတော့ Zeus ဟာ Odin နဲ့ တွေ့ဆုံခဲ့ပြီး Celestial တွေကို အနိုင်ယူဖို့အတွက် အတူပူးပေါင်းခဲ့ပါတယ်။ ယခုခေတ် Marvel ကောမစ်ထဲအထိ Zeus နဲ့ Thor အပါဝင် Asgardian တို့ဟာ မဟာမိတ်တွေ ဖြစ်ကြပြီး Olympia Corporation ဆိုတဲ့ အဖွဲ့အစည်းကိုတောင် တည်ထောင်ခဲ့ပါတယ်။

စွမ်းအားများ

photo via screenrant

ဂရိနတ်ဘုရားတစ်ယောက်ဖြစ်တဲ့ Zeus ကတော့ Odin နဲ့ Galactus တို့နဲ့ ဆင်တူတဲ့ Cosmic Power တွေကို ပိုင်ဆိုင်ထားပါတယ်။ သူဟာ Olympian တွေရဲ့ ခေါင်းဆောင်လည်း ဖြစ်တာကြောင့် တခြား Olympian တွေထက် ပိုမိုစွမ်းအားကြီးတယ် ဆိုရင်လည်း မမှားပါဘူး။ စွမ်းအားတွေကတော့ Superhuman Strength ၊ Speed ၊ Agility ၊ Reflexes နဲ့ Stamina တို့ကို ပိုင်ဆိုင်ထားပါတယ်။ Zeus ဟာ Cosmic Power တွေကို အသုံးပြုတဲ့ အချိန်မှာတော့ အပေါ်မှာဖော်ပြထားတဲ့ စွမ်းအားတွေဟာ ပုံမှန်ထက် ပိုမိုစွမ်းအားကြီးလာပါတယ်။

တခြားနတ်ဘုရားတွေလိုပဲ Zeus ဟာ မသေမျိူးတစ်ယောက် ဖြစ်တာကြောင့် ပုံမှန်အတိုင်းတော့ အသက်အရွယ်ကြီးမြင့်ပြီး မသေသွားနိုင်ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ Regenerative Healing လည်း ရှိနေပြီး ကိုယ်တွင်းအင်္ဂါတစ်ခုခု ထိခိုက်သွားရင်တောင် အသစ်ပြန်ကောင်းနိုင်သလို ခြေတွေလက်တွေ ပြတ်သွားရင်လည်း အသစ်ပြန်ပေါက်လာမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အကြမ်းခံနိုင်စွမ်းကြောင့်လည်း Energy Blast တွေ၊ ထိခိုက်မှု ပြင်းထန်စေတဲ့ လက်နက်တွေနဲ့ အလွန်မြင့်မားတဲ့ အပူချိန်နဲ့ အလွန်နည်းတဲ့ အပူချိန်တို့ကိုလည်း ခံနိုင်ရည်ရှိပါတယ်။ ဒါတင်မကသေးဘဲ Zeus ဟာ အသက်ရှင်နေနိုင်ဖို့အတွက် အစာရေစာနဲ့ အောက်ဆီဂျင်တို့ကိုတောင် မလိုအပ်ပါဘူး။

photo via screenrant

ဂရိဒဏ္ဍာရီထဲကလိုပဲ ကောမစ်ထဲက Zeus ဟာလည်း လျှပ်စီးကို လိုသလိုဖန်တီးထိန်းချုပ် အသုံးပြုနိုင်ပြီး Thunderbolt လို့ခေါ်တဲ့ လျှပ်စီးပုံစံလက်နက်ဟာ သူ့ရဲ့ အထင်ကရလက်နက်တစ်ခုလည်း ဖြစ်ပါတယ်။ Zeus ဟာ Thunderbolt ကို အသုံးပြုနိုင်ဖို့အတွက် မျက်လုံးတစ်လုံးပဲ ရှိတဲ့ Cyclops ဆီက သင်ယူခဲ့ရပြီး Cyclops ကပဲ Poseidon ကို သူ့ရဲ့အထင်ကရလက်နက်ဖြစ်တဲ့ Trident ကို ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Zeus ဟာ Spell-Casting နဲ့ Magic Manipulation တွေ ပြုလုပ်နိုင်ပြီး သူ့ရဲ့ ပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်သလို လက်ဗလာတိုက်ခိုက်နည်းမှာ ကျွမ်းကျင်သူ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Zeus ဟာ လေပေါ်လည်း ပျံနိုင်သလို “Allspeak” လို့ခေါ်တဲ့ စွမ်းရည်လည်း ရှိပါတယ်။ အဲဒါကတော့ သူဟာ ရှိသမျှ ဘာသာစကားအားလုံးနဲ့ ဆက်ဆံနိုင်တာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular