HomeEntertainmentFilmအမှုမှန်မပေါ်ခဲ့တဲ့ ဖြစ်ရပ်မှန်မှုခင်းတွေကို အခြေခံရိုက်ကူးထားတဲ့ အကောင်းဆုံးရုပ်ရှင်(၆)ကား

အမှုမှန်မပေါ်ခဲ့တဲ့ ဖြစ်ရပ်မှန်မှုခင်းတွေကို အခြေခံရိုက်ကူးထားတဲ့ အကောင်းဆုံးရုပ်ရှင်(၆)ကား

ရုပ်ရှင်ချစ်သူတစ်ယောက်ဆိုရင် ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားတွေ ကြည့်ဖူးမှာပါ။ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ရုပ်ရှင်ဇာတ်ကား များစွာရှိတဲ့ထဲက လျှို့ဝှက်ဆန်းကြယ်ပြီး ယနေ့အချိန်အထိ အဖြေရှာမရနိုင်သေးတဲ့ မှုခင်းဖြစ်ရပ်တွေကို အခြေခံရိုက်ကူးထားတဲ့ အကောင်းဆုံး ရုပ်ရှင်(၆)ကားကို ဖော်ပြပေးချင်ပါတယ်။

(6) FROM HELL
photo via screenrant

ဒီကားကတော့ လုံးဝအမှုမှန် မပေါ်ပေါက်ခဲ့တဲ့ နာမည်ကြီးဖြစ်ရပ်တစ်ခုကို အခြေခံထားတာ ဖြစ်ပါတယ်။ ကွင်းဆက်လူသတ်မှုတစ်ခုဖြစ်ပြီး သံသယရှိသူတွေထဲမှာ ဖရီးမေဆင်ဂိုဏ်းကနေ တော်ဝင်မိသားစုအထိ ပါဝင်ပေမယ့် တကယ့် လူသတ်သမား အစစ်အမှန်ကိုတော့ လုံးဝမဖော်ထုတ်နိုင်ခဲ့ကြပါဘူး။

ဇာတ်လမ်းကတော့ Jack the ripper လို့ခေါ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ကို လိုက်ပြီး စုံစမ်းတဲ့ စုံထောက်တစ်ယောက်ရဲ့အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အဲ့ဒီ့ကွင်းဆက်လူသတ်သမားကို Jack the ripper လို့ ခေါ်ရတဲ့အကြောင်းအရင်းကတော့ သူ့ရဲ့နာမည်က Jack ဖြစ်ပြီး သတ်ဖြတ်လိုက်တဲ့ လူတိုင်းကို အပိုင်းပိုင်းခုတ်၊ တစစီလုပ်ပစ်ပြီး သတ်ပစ်တတ်တာကြောင့် ဖြစ်ပါတယ်။  Frederick Abberline ကတော့ မူးယစ်ဆေးစွဲနေတဲ့ စုံထောက်တစ်ယောက်ပါ။ ဒါ့အပြင် သူဟာ အကြားအမြင်ရသလိုမျိုး အာရုံတွေ ရနေတတ်ပြီး အဲ့ဒီ့အစွမ်းအပေါ် မူတည်ကာ အမှုတွေကို ဖြေရှင်းသူလည်း ဖြစ်ပါတယ်။ Frederick တစ်ယောက် အဲ့ဒီ့ကွင်းဆက်လူသတ်သမားအမှုအကြောင်းကို ဘယ်လိုစုံစမ်းမှာလည်းဆိုတာ စိတ်ဝင်စားစရာပါ။ စုံထောက်နေရာမှာကလည်း Johnny Depp သရုပ်ဆောင်ထားတာကြောင့် မကြည့်ရသေးရင် ကြည့်သင့်ပါတယ်နော်။

(5) THE TOWN THAT DREADED SUNDOWN
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၄၆ခုနှစ်က Texarkana မှာ ဖြစ်ခဲ့ပြီး အမှုမှန်မပေါ်ခဲ့တဲ့ လူသတ်မှုအကြောင်းကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားဟာ Halloween တို့၊ Friday the 13th တို့ထက် စောတဲ့ horror ကားတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ခေါင်းစွပ်စွပ်ထားတဲ့ လူသတ်သမားတစ်ယောက်ဟာ Texarkana မြို့က လူတွေကို တောက်လျှောက် လိုက်သတ်ခဲ့တဲ့ ဇာတ်လမ်းပါ။ The Phantom လို့ နာမည်ပေးထားတဲ့ လူသတ်သမားဟာ မျက်နှာဟာ ခေါင်းစွပ်နဲ့ ဖုံးအုပ်ထားတတ်ပြီး ကားပါကင်နေရာက လူတွေကို ပစ်မှတ်ထား၊ သတ်ဖြတ်တတ်သူ ဖြစ်ပါတယ်။ ရဲတွေကိုယ်တိုင်က လူသတ်သမား ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နိုင်ခဲ့ဘဲ သူဟာ လူတွေရဲ့အနီးအနား ပတ်ဝန်းကျင် မျက်စိရှေ့မှာတင် နေနေတဲ့လူ ဖြစ်နိုင်တယ်ဆိုတဲ့ မှတ်ချက်တစ်ခုသာ ရရှိထားပါတယ်။

(4) THE IRISHMAN
photo via screenrant

International Brotherhood of Teamsters အဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ James Riddle Hoffa ဆိုသူက လူမိုက်ဂိုဏ်းတစ်ခုနဲ့ ပတ်သက်မိပြီး ၁၉၇၅ခုနှစ်မှာ ရုတ်တရက် ခြေရာလက်ရာမရှိ ပျောက်သွားတဲ့ အကြောင်းကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက နည်းနည်းရှည်ပါတယ်။ ကြာချိန်ကတော့ ၃နာရီခွဲလောက်ရှိပြီး အပြင်ကတကယ့်ဖြစ်ရပ်မှာ James ပျောက်ဆုံးသွားရတဲ့အကြောင်းကို ဘယ်သူမှ မသိကြပေမယ့် ဇာတ်လမ်းထဲမှာတော့ ဘာကြောင့်ပျောက်သွားရတာလည်းဆိုတာကို ဖော်ပြထားပါတယ်။

(3) WOLF CREEK
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၈၉ခုနှစ်ကနေ ၁၉၉၃ခုနှစ်အတွင်း ဩစတျေးလျနိုင်ငံရဲ့ လူသူမနီး ဝေးလံခေါင်သီတဲ့နေရာမှာ ခရီးသွားတွေ အများအပြား အသတ်ခံခဲ့ရတဲ့ အမှုကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တောင်တက်ဖို့ လာတဲ့ ခရီးသွားသုံးယောက်ဟာ Wolf Creek လို့ခေါ်တဲ့ သဘာဝဥယျာဉ်ထဲမှာ ကားပျက်ပြီး ပိတ်မိသွားရာက စပါတယ်။ အဲ့ဒီ့မှာတင် အနီးအနားက နယ်ခံလူပုံစံနဲ့ လူတစ်ယောက်က ခရီးသွားသုံးယောက်ကို ကူညီပေးဖို့ အဖွဲ့ထဲ ဝင်ရောက်လာခဲ့ပါတယ်။ အစပိုင်းမှာတော့ နယ်ခံလူဟာ သာမန်ဩစတျေးလျသားပုံစံ ထင်ရပေမယ့် နောက်ပိုင်းမှာတော့ ကြောက်မက်ဖွယ်အဖြစ်တွေ ဖြစ်လာပါတော့တယ်။

(2) FIRE IN THE SKY
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၇၅ခုနှစ်က အရီဇိုးနားပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတာပါ။  Travis Walton ဆိုတဲ့ လူတစ်ယောက်ဟာ အရီဇိုးနားပြည်နယ် Snowflake မြို့မှာရှိတဲ့ တောထဲမှာ တခြားသစ်ခုတ်သမားတွေနဲ့အတူ အလုပ်လုပ်နေတုန်းမှာ ရုတ်တရက် ပျောက်သွားခဲ့ပါတယ်။ Travis ရဲ့ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး သူနဲ့အတူ အလုပ်လုပ်နေတဲ့လူတွေကတော့ ဂြိုဟ်သားတွေက ယာဉ်ပျံတစ်ခုနဲ့ ခေါ်သွားတာဆိုပြီး ရဲတွေကို ပြောပြကြပါတယ်။

ဒါပေမဲ့ ရဲတွေကတော့ ဒီသစ်ခုတ်သမားတွေက Walton  ကို တစ်ခုခုလုပ်ပြီး အပြစ်ကလွတ်အောင် လျှောက်ပြောနေတာလို့ ထင်ခဲ့ကြပါတယ်။ ထူးဆန်းစွာနဲ့ပဲ နောက်ငါးရက်အကြာမှာတော့ Walton ဟာ အသက်ရှင်လျက်နဲ့ ပြန်ရောက်လာတာကြောင့် တစ်မြို့လုံး အံ့အားသင့်ခဲ့ရပါတယ်။ ဒီလို ဖြစ်ရပ်မှန်ကို ဘယ်လိုရိုက်ပြထားမလည်းဆိုတာ သိချင်ရင်တော့ ဒီကားကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(1) ZODIAC
photo via screenrant

ဒီဖြစ်ရပ်ကတော့ အမှုမှန်မပေါ်တဲ့ လူသတ်မှုတွေထဲမှာ နာမည်အကြီးဆုံး ဖြစ်ပါတယ်။ Zodiac ဆိုတာကတော့ ၁၉၆၀ နှောင်းပိုင်း ကယ်လီဖိုးနီးယားပြည်နယ် မြောက်ဘက်ပိုင်းမှာ အကြမ်းဖက်၊ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပါတယ်။ လူသတ်သမားဟာ ဖြစ်ရိုးဖြစ်စဉ်အတိုင်း လူတွေလျှောက်သတ်ရုံတင် မဟုတ်ဘဲ အဲ့ဒီ့နယ်တစ်ဝိုက်က သတင်းဌာနတွေကို ခြိမ်းခြောက်စာတွေ၊ အပြစ်ဝန်ခံတဲ့စာတွေနဲ့ ဝှက်စာတွေ ပေးပို့ပြီး သူ့အမှုကိုလိုက်နေတဲ့ ရဲတွေကိုပါ မထိတထိ လုပ်တတ်သူ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲမှာတော့ စုံထောက်တွေနဲ့ လူသတ်သမားတို့ ဉာဏ်ပြိုင်ကြပုံကို ကြည့်ရမှာ ဖြစ်ပါတယ်။  Jake Gyllenhaal ၊ Robert Downey Jr နဲ့ Mark Ruffalo တို့ ပါဝင်သရုပ်ဆောင်ထားတာကြောင့် ကြည့်သင့်တဲ့ ကားလေး ဖြစ်ပါတယ်။

ဒါကတော့ အပြင်လောကမှာ တကယ်ဖြစ်ပျက်ခဲ့ပြီး အမှုမှန်လုံးဝ မပေါ်ပေါက်ခဲ့တဲ့ လူသတ်မှုတွေအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ စာဖတ်သူတို့ ကြည့်ပြီးတဲ့ အလားတူ အခြားဇာတ်ကားတွေရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Lego Les
RELATED ARTICLES

Most Popular