HomeCelebs Update NewsInternationalကင်ဆာရောဂါရှိပေမယ့် Harry Potter ထဲမှာ အဆုံးထိပါဝင်ခဲ့တဲ့ Alan Rickman

ကင်ဆာရောဂါရှိပေမယ့် Harry Potter ထဲမှာ အဆုံးထိပါဝင်ခဲ့တဲ့ Alan Rickman

ပရိသတ်တွေရဲ့ အချစ်တော်မင်းသားကြီး Alan Rickman ဟာ ကင်ဆာရောဂါကို ခံစားနေရပေမယ့် Harry Potter ဇာတ်ကားတွေမှာ Severus Snape အဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကြီးမားတဲ့ ရောဂါဝေဒနာကို ခံစားနေရပေမယ့် မင်းသားကြီးဟာ Harry Potter ရုပ်ရှင်(၈)ကားလုံးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဘယ်အကြောင်းတွေက ဒီရုပ်ရှင်ထဲမှာ ဆက်တိုက် ပါဝင်ဖြစ်စေခဲ့တယ်ဆိုတာကိုတော့ မင်းသားကြီးဟာ သူ့ရဲ့ဒိုင်ယာရီထဲမှာ ရေးသားထားခဲ့ပါတယ်။

မင်းသားကြီး Alan Rickman ဟာ ပရိသတ်အချစ်‌တော် ဇာတ်ကောင် Professor Severus Snape အဖြစ် သရုပ်ဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ပန်ကရိယကင်ဆာနဲ့ ကွယ်လွန်ခဲ့ပါတယ်။ တကယ်တော့ မင်းသားကြီးဟာ ၂၀၀၅ ခုနှစ်လောက်တည်းက ပြင်းထန်တဲ့ ဆီးကြိတ်ကင်ဆာရောဂါကို ခံစားခဲ့ရတာဖြစ်ပြီး သူ့ရဲ့ဆီးကြိတ်တစ်ခုလုံးကို ဖယ်ထုတ်ပစ်ခဲ့ရပါတယ်။

Photo: alan_rickman__/ Instagram

အဆိုပါခွဲစိတ်မှုကနေ နာလန်ထူနိုင်ခဲ့တဲ့ မင်းသားကြီးဟာ တကယ်တော့ Harry Potter ဇာတ်ကားအနည်းငယ်မှာသာ ပါဝင်ပြီး ဒီ franchise ကနေ စောစော နှုတ်ဆက်ဖို့ ဆန္ဒရှိခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာတော့ Snape ဇာတ်ကောင်နဲ့ သံယောဇဉ်ဖြစ်ပြီး နောက်ဆုံး Harry Potter ရုပ်ရှင်အထိ ပါဝင်ဖြစ်ခဲ့ပါတယ်။

ဒီအကြောင်းတွေကို ရေးသားမှတ်တမ်းတင်ခဲ့တဲ့ မင်းသားကြီးရဲ့ နေ့စဉ်မှတ်တမ်း ဒိုင်ယာရီကိုတော့ Madly, Deeply: The Diaries of Alan Rickman ဆိုတဲ့အမည်နဲ့ အောက်တိုဘာလ(၁၈)ရက်နေ့မှာ စာအုပ်အဖြစ် ထုတ်ဝေတော့မယ်လို့ The Guardian က ဖော်ပြထားပါတယ်။

Photo: alan_rickman__/ Instagram

“မနက်(၅)နာရီမှာ နိုးတယ်။ (၅:၄၀)မှာ ဆေးရုံကို ကားမောင်းသွားတယ်။ (၆)နာရီမှာ ခွဲစိတ်ဖို့ ပြင်ဆင်တယ်။ ကြည့်ရတာ ရုပ်ရှင်ရိုက်ကွင်းလိုပဲ။ ဘယ်အရာမှ တကယ်လို့ မထင်ရဘူး …” လို့ ၂၀၀၆ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့မှာ မင်းသားကြီးက သူ့ရဲ့ဒိုင်ယာရီထဲမှာ ရေးသားထားတယ်လို့ သိရပါတယ်။

“နောက်ဆုံးမှာတော့ HP 5 ကို ဆက်ရိုက်ဖို့ အတည်ပြုလိုက်ပြီ …” လို့ ၂၀၀၆ ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့မှာ ရေးသားခဲ့သလို “ကြည့်လိုက်လေ။ ဒါက မင်းရဲ့ဇာတ်လမ်းပါဆိုတဲ့ စကားကပဲ ဒီအငြင်းအခုန်ကို အနိုင်ရသွားစေတာပဲ …” လို့လည်း ရေးသားထားပါသေးတယ်။

“Snape ရဲ့ ဝတ်စုံကို ဝတ်လိုက်တာနဲ့ တစ်ခုခုဖြစ်လာတယ်ဆိုတာ ငါ သဘောပေါက်လာတယ်။ ဒီဝတ်စုံ ဝတ်လိုက်တာနဲ့ စကားတတွတ်တွတ်များဖို့ရော၊ ပြုံးဖို့ရော၊ ပွင့်ပွင့်လင်းလင်း နေဖို့ရော သိပ်ခက်လာတာပဲ။ ဒီကာရိုက်တာက ငါ့ကို ကျဉ်းထဲကျပ်ထဲရောက်စေတယ်။ လူကို သိပ်တင်းကြပ်လာစေတာပဲ …”

Photo Credit: Warner Bros. Studios

“ရုပ်ရှင်ရိုက်ကွင်းပေါ်မှာဆိုရင်တော့ ဒါတွေက ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ Crew တွေနဲ့ အခုလောက်ထိ စကားမပြောဖြစ်တာမျိုး မကြုံဖူးသေးဘူး။ ကံကောင်းချင်တော့ Dan (Radcliffe)ရဲ့ ဇာတ်ကောင်က ချစ်စရာကောင်းတဲ့၊ ငယ်ရွယ်တဲ့ ခံစားချက်ကို ဖြည့်ဆည်းပေးတယ် …”လို့ ၂၀၀၆ ခုနှစ် ဧပြီလ(၁၂)ရက်နေ့မှာ မင်းသားကြီးက ရေးသားခဲ့တယ်လို့ သိရပါတယ်။

တကယ်တော့ မင်းသားကြီး Alan Rickman ဟာ Harry Potter ဇာတ်လမ်းမပြီးဆုံးခင်တည်းက မှော်လောကနဲ့ အဆက်အသွယ်ဖြတ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အဲဒါကတော့ Harry Potter and the Chamber of Secrets အပြီးမှာ ဒီရုပ်ရှင်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ရုပ်ရှင်ထုတ်လုပ်ရေးဘက်ကလည်း မင်းသားကြီးကို လက်မလွှတ်ခဲ့သလို မင်းသားကြီးကိုယ်တိုင်ကလည်း မှော်လောကနဲ့ သံယောဇဉ်တွယ်သွားတာကြောင့် ပရိသတ်တွေ အသည်းမကွဲခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Warner Bros. Studios

“Harry Potter 3 ကို world premiere လုပ်တယ်။ Radio City ကို ရောက်လာရတဲ့ ခံစားချက်က Beatles အဖွဲ့ဝင်တစ်ယောက်လိုပဲ။ ငါတို့တွေ ကားထဲက ထွက်တာနဲ့ ထောင်နဲ့ချီတဲ့ ပရိသတ်တွေက အော်ဟစ်ကြတော့တာပဲ။ အများစုကတော့ Daniel Radcliffe ကိုပေါ့။ ဒါပေမယ့်လည်း အားလုံးကိုတော့ သည်းသည်းလှုပ် အားပေးကြတာပါပဲ။ လူခြောက်ထောင်လောက် ကြည့်နေတဲ့ စတိတ်စင်ပေါ် တက်ရတာဆိုရင်တော့ ပြောမနေပါနဲ့တော့ …”လို့ ၂၀၀၄ ခုနှစ် မေလ(၂၃)ရက်နေ့က ရေးသားခဲ့ပါသေးတယ်။

မင်းသားကြီး Alan Rickman ဟာ ကွယ်လွန်ခဲ့ပြီ ဖြစ်ပေမယ့် သူ့ရဲ့အမွေအနှစ်ဖြစ်တဲ့ Professor Snape ဇာတ်ကောင်ကတော့ ပရိသတ်တွေနဲ့အတူ အမြဲတမ်း ရှင်သန်နေဦးမှာ ဖြစ်ပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular