HomeEntertainmentFilmAnt-Man 3 ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

Ant-Man 3 ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

*** Spoiler Alert ***

Ant-Man and the Wasp: Quantumania ရုပ်ရှင်ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပြီး ယခုအချိန်မှာတော့ ပရိသတ်တော်တော်များများ ကြည့်ရှုပြီးကြပြီလို့ ထင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Scott Lang တို့မိသားစုဟာ မထင်မှတ်ဘဲ Quantum Realm ထဲကို ပြန်လည်ရောက်ရှိသွားကြပြီး Multiversal Saga ရဲ့ အဓိကဗီလိန်ဖြစ်လာမယ့် Kang the Conqueror နဲ့ ရင်ဆိုင်တွေ့ခဲ့ကြပါတယ်။

Marvel Studios Intro

photo credit Marvel Studio

MCU ထဲမှာ ပထမဆုံး မြင်တွေ့ခဲ့ရတဲ့ Kang Variant တစ်ယောက်ဖြစ်သူ He Who Remains ကတော့ Marvel Studios Intro ထဲမှာ ပါဝင်ခဲ့ပါတယ်။ Kang the Conqueror ဟာ ဒီရုပ်ရှင်ထဲမှာမှ စတင်ပါဝင်လာခဲ့တာ ဖြစ်ပေမယ့်လည်း သရုပ်ဆောင် Jonathan Majors ကတော့ He Who Remains အနေနဲ့ Loki Season 1 မှာကတည်းက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဆယ်လီဖြစ်နေတဲ့ Scott Lang

photo credit Marvel Studio

Scott Lang ကတော့ Phase 4 အတွင်းမှာ ထွက်ရှိခဲ့တဲ့ ဘယ်ပရောဂျက်ထဲမှာမှ မပါဝင်ခဲ့ပေမယ့်လည်း သူနဲ့ပတ်သက်တဲ့ Reference အချို့တော့ ပါဝင်နေပါတယ်။ Hawkeye ဇာတ်လမ်းတွဲထဲက Steve Rogers Musical ထဲမှာလည်း Ant-Man ပါဝင်နေပြီး Ms. Marvel ဇာတ်လမ်းတွဲထဲမှာဆိုရင်လည်း Scott ဟာ Endgame ထဲက အဖြစ်အပျက်တွေအပြီးမှာ ကမ္ဘာကြီးကို ဘယ်လိုကယ်တင်ခဲ့တဲ့အကြောင်း Podcast လုပ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒါကြောင့်ပဲ Scott ဟာ ဆယ်လီတစ်ယောက် ဖြစ်နေပြီး Look Out for the Little Guy ဆိုတဲ့ စာအုပ်တစ်အုပ် ရေးသားထားတာကိုလည်း ဒီရုပ်ရှင်ထဲမှာ တွေ့ရပါတယ်။ အဲဒီစာအုပ်ဟာ Black Panther: Wakanda Forever ထဲမှာလည်း Easter Egg အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။

Baskin-Robbins ရေခဲမုန့်ဆိုင်

photo credit Marvel Studio

ပထမဆုံး Ant-Man ရုပ်ရှင်ရဲ့ အစမှာတော့ Scott ဟာ Baskin-Robbins ဆိုတဲ့ ရေခဲမုန့်ဆိုင်မှာ ခဏတာ အလုပ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Scott က ထောင်ကျခဲ့ဖူးတာကို သိသွားတာကြောင့် အဲဒီဆိုင်ကနေ အလုပ်ပြုတ်သွားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Scott ဟာ ဆယ်လီတစ်ယောက်အနေနဲ့ ဒီရေခဲမုန့်ဆိုင်ကို ပြန်လာခဲ့ပြီး ပထမရုပ်ရှင်ထဲက Scott ရဲ့သူဌေးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Gregg Turkington ကလည်း Cameo အဖြစ် ပြန်လည်ပါဝင်ခဲ့ပါတယ်။

Agent Woo

photo credit Marvel Studio

Agent Woo ကတော့ Ant-Man 2 ထဲမှာ စတင်ပါဝင်လာခဲ့တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး သူဟာ Civil War အဖြစ်အပျက်တွေအပြီးမှာ Scott ကို စောင့်ကြည့်ဖို့ တာဝန်ပေးခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် Randal Park ကတော့ WandaVision ထဲမှာလည်း Agent Woo အဖြစ် ပြန်လည်ပါဝင်ခဲ့သလို Ant-Man 3 ထဲမှာလည်း Cameo အနေနဲ့ ခဏတာ ပါဝင်ခဲ့ပါသေးတယ်။

အဖေတူသမီး Cassie Lang

photo credit Marvel Studio

MCU က Scott ကို ပထမဆုံး မိတ်ဆက်တဲ့အချိန်မှာ သူဟာထောင်ကျနေပြီး ထောင်ထဲကထွက်ဖို့ ပြင်ဆင်နေတာကို တွေ့ခဲ့ရပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း Cassie ကို ပထမဆုံး မြင်တွေ့ရချိန်မှာတော့ သူမဟာ အချုပ်ကျနေပြီး Scott နဲ့ Hope တို့က အာမခံနဲ့ ပြန်လည်ထုတ်ပေးခဲ့တာကို တွေ့ရပါတယ်။

Ant-Man ကျောပိုးအိတ်

photo credit Marvel Studio

ဒီရုပ်ရှင်ရဲ့ အစမှာတော့ Scott ဟာ လမ်းလျှောက်လာရင်း Ant-Man ပုံပါတဲ့ ကျောပိုးအိတ်တစ်လုံးနဲ့ လူငယ်တစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒီကျောပိုးအိတ်က Ant-Man ပုံကတော့ ပထမဆုံး Ant-Man ရုပ်ရှင် ထွက်မလာခင်မှာ ပရိုမိုးရှင်းဆင်းခဲ့တဲ့ Ant-Man ရုပ်ရှင်ရဲ့ ပိုစတာထဲကပုံပဲ ဖြစ်ပါတယ်။

Avengers တွေကို သတ်ခဲ့ဖူးတဲ့ Kang

photo credit Marvel Studio

Kang က Scott တို့ သားအဖနှစ်ယောက်ကို ဖမ်းဆီးခဲ့ပြီးနောက်မှာတော့ Scott ဟာ သူ့ကိုယ်သူ Avengers အဖွဲ့ဝင် တစ်ယောက်ဆိုတာနဲ့ တခြားအဖွဲ့ဝင်တွေကိုလည်း ခေါ်ထားတယ်လို့ ပြောလိုက်ပါတယ်။ အဲဒီအချိန်မှာတော့ Kang က ငါမင်းကို အရင်က သတ်ခဲ့ဖူးလားလို့ မေးလိုက်ပြီး မင်းက တူနဲ့တစ်ယောက်လည်း မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ ဒီဒိုင်ယာလော့ခ်တွေကြောင့် Kang ဟာ Timeline တွေများစွာက Avengers တွေနဲ့ တိုက်ခိုက်ခဲ့ဖူးပြီး အဖွဲ့ဝင်တွေ တော်တော်များများကိုလည်း သတ်ခဲ့ဖူးတယ်လို့ ယူဆရပါတယ်။

David Dastmalchian

photo credit Marvel Studio

David ကတော့ အရင်ကထွက်ခဲ့တဲ့ Ant-Man ရုပ်ရှင်နှစ်ကားလုံးမှာ Kurt အနေနဲ့ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ Ant-Man 3 ထဲမှာတော့ Kurt ဇာတ်ကောင် မပါဝင်ခဲ့ပေမယ့်လည်း David ဟာ အခြားဇာတ်ကောင်အနေနဲ့ ပြန်လည်ပါဝင်ထားပါသေးတယ်။ အဲဒီဇာတ်ကောင်ရဲ့ အမည်ကတော့ Veb ဖြစ်ပြီး ဂျယ်လီလိုပုံသဏ္ဍာန်ရှိကာ Scott ကို အပေါက် ဘယ်နှပေါက်ရှိလည်းလို့ မေးခဲ့တဲ့ ဇာတ်ကောင်လည်း ဖြစ်ပါတယ်။

ပြောင်းလဲမှုတွေများစွာ ပြုလုပ်ထားတဲ့ MODOK

photo credit Marvel Studio

ဒီရုပ်ရှင်ထဲမှာတော့ ပထမ Ant-Man ရုပ်ရှင်ထဲမှာ Scott နဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ Darren Cross ဟာ Quantum Realm ထဲကို ရောက်သွားပြီး Kang ကြောင့် MODOK အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကောမစ်ထဲက MODOK ကတော့ George Tarleton ဖြစ်ပြီး သူဟာ AIM အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်အများစုကတော့ MCU ရဲ့ MODOK ဗားရှင်းကို သဘောမတွေ့ဘူး ဖြစ်နေကြပါတယ်။

Kang Council

photo credit Marvel Studio

ဒီရုပ်ရှင်ရဲ့ Credit Scene ထဲမှာတော့ Kang Council ကို မြင်တွေ့ခဲ့ရပါတယ်။ ကောမစ်ထဲမှာတော့ Kang Council ဟာ Kang Prime ၊ Immortus ၊ Rama-Tut နဲ့ Scarlet Centurion တို့အပါအဝင် အခြားသော Kang ရဲ့ Variant တွေရဲ့များစွာ တွေ့ဆုံပြီး ဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။ ဒီ Credit Scene ထဲမှာလည်း Kang Variant တွေများစွာကို မြင်တွေ့ခဲ့ရပြီး နောက်ပိုင်းမှာ အရေးပါလာမယ့် Immortus နဲ့ Rama-Tut တို့ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

Victor Timely

photo credit Marvel Studio

နောက်ထပ် Credit Scene တစ်ခုမှာတော့ Victor Timely ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ Victor ကတော့ (၂၀)ရာစုအစောပိုင်းမှာ နိုင်ငံရေးသမားနဲ့ တီထွင်ဖန်တီးသူအဖြစ် ရုပ်ဖျက်နေထိုင်နေတဲ့ Kang Variant တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Victor Timely ဟာ Kang Prime ဖြစ်တာကြောင့် သူကသာ တကယ့် Kang the Conqueror ဖြစ်ပါတယ်။ MCU ထဲမှာတော့ Victor ဟာ အယောင်ဆောင်ပြီး နေထိုင်နေတဲ့ Kang the Conqueror လား၊ တခြား Kang Variant လားဆိုတာ သေချာမသိရသေးပါဘူး။

Loki နဲ့ Mobius

photo credit Marvel Studio

Victor Timely ကို စင်အောက်ကနေ ကြည့်နေတဲ့သူတွေထဲမှာတော့ Loki နဲ့ Mobius တို့ နှစ်ယောက်လည်း ပါဝင်နေပါတယ်။ Loki Season 1 အပြီးမှာတော့ Kang Variant တစ်ယောက်ဟာ TVA ကို ထိန်းချုပ်ထားတာကြောင့် သူတို့နှစ်ယောက်ဟာ Kang နဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်နိုင်ပါတယ်။

ဒါကတော့ Ant-Man and the Wasp: Quantumania ထဲက စိတ်ဝင်စားစရာ အချက်တချို့ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular