HomeDramaApril လထဲမှာ ထွက်ရှိလာမယ့် အမိုက်စား ကိုရီးယားဒရာမာအသစ်များ

April လထဲမှာ ထွက်ရှိလာမယ့် အမိုက်စား ကိုရီးယားဒရာမာအသစ်များ

ကိုရီးယားဒရာမာ ပရိသတ်တွေ အကြိုက်တွေ့ကြဦးမယ့် ဇာတ်လမ်းအမျိုးအစား စုံလင်တဲ့ ဒရာမာအသစ်တွေ ယခုဧပြီလထဲမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ နာမည်ကျော် သရုပ်ဆောင်တွေရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ရသစုံလင်တဲ့ ဇာတ်လမ်း အချိုးအကွေ့တွေကို ခံစားရစေမယ့် ဒရာမာအသစ်တွေကတော့ …

(1) Tomorrow

Photo via soompi

webtoon ကို အခြေခံရိုက်ကူးထားတဲ့ ဒရာမာဖြစ်ပြီး ဇာတ်လမ်းကတော့ Choi Joon Woong ဆိုတဲ့ လူတစ်ယောက်ဟာ အလုပ်ရှာနေရင်း မတော်တဆ အက်ဆီးဒင့်တစ်ခုနဲ့ ကြုံလိုက်ရပါတယ်။ ဖြစ်ချင်တော့ သူဟာ မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားနေသူတွေကို လိုက်လံ ကယ်တင်နေတဲ့ သေမင်းတမန်နှစ်ယောက် ဖြစ်တဲ့ Goo Ryun နဲ့ Lim Ryoong Goo တို့နဲ့ တွေ့ဆုံမိသွားပြီး တမလွန်လောကအတွက် အလုပ်လုပ်ပေးနေတဲ့ အငယ်ဆုံးအဖွဲ့ဝင်တစ်ယောက် ဖြစ်လာပါတော့တယ်။

Kim Hee Sun ၊ Rowoon ၊ Lee Soo Hyuk ၊ Kim Hae Sook ၊ Yoon Ji On တို့ အဓိကပါဝင်ထားပြီး ဧပြီလ(၁)ရက်နေ့က စတင်ကာ MBC ရုပ်သံလိုင်းက ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။

(2) Green Mothers’ Club

Photo via soompi

ဒီဒရာမာကတော့ ဧပြီလ(၆)ရက်နေ့က JTBC ရုပ်သံလိုင်းမှာ စတင်ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မူလတန်းကျောင်းတစ်ခုက မိဘတွေရဲ့ကြားမှာ ရှိနေတဲ့ အန္တရာယ်ရှိပြီး ကြောက်ဖို့ကောင်းတဲ့ ဆက်ဆံရေးတွေအကြောင်း ဖြစ်ပါတယ်။ အပေါ်ယံမှာတော့ ခင်မင်ရင်းနှီးဖွယ်ကောင်းတယ်လို့ ထင်ရတဲ့ အသိုင်းအဝိုင်းရဲ့ နောက်ကွယ်က ကြောက်စရာ မျက်နှာဖုံးတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Lee Yo Won ၊ Cha Ja Hyun ၊ Kim Kyu Ri ၊ Jang Hye Jin နဲ့ Joo Min Kyung တို့က မတူညီတဲ့ မိခင်ငါးယောက်အဖြစ် သရုပ်ဆောင်ထားကြပါတယ်။

(3) Again My Life

Photo via soompi

မင်းသား Lee Joon Gi ၊ Lee Kyung Young ၊ Kim Ji Eun နဲ့ Jung Sang Hoon တို့ အဓိက ပါဝင်ထားတဲ့ ဒီဒရာမာကတော့ ဧပြီလ(၈)ရက်နေ့မှာ SBS ရုပ်သံလိုင်းက စတင်ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ငယ်ရွယ်ပြီး ထက်မြက်တဲ့ အမှုစစ်ရှေ့နေတစ်ယောက်ဟာ အင်အားကြီးမားတဲ့ လူတစ်ယောက်ကို အပြစ်ပေးဖို့ ကြိုးစားရင်း မအောင်မြင်ဘဲ ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ သူဟာ မတရား သတ်ဖြတ်ခံလိုက်ရပေမယ့် ထူးဆန်းစွာနဲ့ပဲ အသက်ရှင်ဖို့ နောက်ထပ် အခွင့်အရေး ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အကျင့်ပျက် ခြစားနေတဲ့ နိုင်ငံရေးသမားကြီးကို လက်စားပြန်ချေဖို့ ကြိုးစားပါတော့တယ်။

(4) Our Blues

Photo via soompi

Our Blues ကတော့ လူ့ဘဝမှာ တွေ့ကြုံရတဲ့ ပျော်ရွှင်စရာ၊ ခါးသီးစရာ အစရှိတဲ့ ဇာတ်လမ်းအဖြစ်အပျက်တွေကို ကာရိုက်တာပုံစံ မျိုးစုံနဲ့ ပုံဖော်ထားတဲ့ ဒရာမာတစ်ပုဒ် ဖြစ်ပါတယ်။ နာမည်ကျော်တွေများစွာ ပါဝင်ထားတဲ့ ဒရာမာဖြစ်လို့ ပရိသတ်တွေ တခဲနက် စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Lee Byung Hun ၊ Shin Min Ah ၊ Han Ji Min ၊ Kim Woo Bin ၊ Cha Seung Won နဲ့ Lee Jung Eun တို့ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ ဧပြီလ(၉)ရက်နေ့က စတင်ပြီး tvN ရုပ်သံလိုင်းက ထုတ်လွှင့်နေပါတယ်။

(5) My Liberation Notes

Photo via soompi

ဒီဇာတ်လမ်းတွဲကတော့ မွန်းကြပ်စရာကောင်းတဲ့ ဘဝကနေ လွတ်မြောက်ဖို့ ကြိုးစားနေကြတဲ့ မောင်နှမသုံးယောက်အကြောင်း ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ရဲ့ မြို့ငယ်လေးကို Mr. Gu ဆိုတဲ့ အသိရခက်တဲ့ လူတစ်ယောက် ရောက်လာချိန်မှာတော့ အဖြစ်အပျက်တွေက စိတ်ဝင်စားစရာ ကောင်းလာပါတော့တယ်။

Lee El ကတော့ သူတို့မြို့နဲ့ ဆိုးလ်ကို ကူးချည်သန်းချည် လုပ်နေရတဲ့ ဘဝကို စိတ်ကုန် မောပန်းနေတဲ့ အကြီးဆုံးအစ်မ Yeom Ki Jung အဖြစ် သရုပ်ဆောင်ထားပါတယ်။ Lee Min Ki ကတော့ ဘဝမှာ ရေရေရာရာ ဘာရည်မှန်းချက်မှ မရှိတဲ့ မောင်အလတ် Yeom Chang Hee အဖြစ် သရုပ်ဆောင်ထားပါတယ်။ Kim Ji Won ကတော့ အငယ်ဆုံးညီအစ်မ Yeom Mi Jung အဖြစ် သရုပ်ဆောင်ထားပြီး သူမရဲ့ ငြီးငွေ့စိတ်ပျက်စရာ ဘဝက လွတ်မြောက်ဖို့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

(6) Love All Play

Photo via soompi

ဒီဇာတ်လမ်းလေးကတော့ အားကစားကို အခြေခံထားတဲ့ ရိုမန့်စ်ဒရာမာတစ်ပုဒ် ဖြစ်ပါတယ်။ Park Tae Yang ဆိုတဲ့ ကောင်မလေးဟာ ယခင်ကတော့ စိတ်အားထက်သန်လွန်းတဲ့ အိုလံပစ် အားကစားသမားတစ်ယောက် ဖြစ်ပြီး အကြောင်းတစ်ခုကြောင့် ကြက်တောင်ရိုက် အားကစားကို စွန့်လွှတ်လိုက်ရပါတယ်။ ဒီလိုနဲ့ သုံးနှစ်ကြာတဲ့အခါမှာတော့ သူမရဲ့အိပ်မက်ကို နောက်တစ်ခါ ထပ်ကြိုးစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီမှာတင် ကြက်တောင်ရိုက် အားကစားကို အလုပ်တစ်ခုလို သဘောထားတဲ့ Park Tae Joon ဆိုတဲ့သူနဲ့ ဆုံတွေ့သွားပါတော့တယ်။

ဒီဒရာမာကတော့ လာမယ့် ဧပြီလ(၂၀)ရက်နေ့မှာ KBS2 ရုပ်သံလိုင်းက စတင် ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Park Ju Hyun ၊ Chae Jong Hyeop ၊ Park Ji Hyun တို့ အဓိက ပါဝင်ထားပါတယ်။

(7) Sh**ting Stars

Photo via soompi

ဒီဇာတ်လမ်းတွဲကတော့ ရုပ်ရှင်ရိုက်ကွင်းတွေရဲ့ နောက်ကွယ်က နာမည်ကျော်ဆယ်လီတွေ ရှုပ်သမျှ ပြဿနာတိုင်းကို လိုက်လံဖြေရှင်းရတဲ့ ဝန်ထမ်းတွေရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ရိုမန့်တစ် ဟာသဇာတ်လမ်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ဆယ်လီတွေ နာမည်ကျော်ကြားပြီး အောင်မြင်လာဖို့ သွေးတွေ၊ ချွေးတွေ၊ အချိန်တွေ ရင်းနှီးပြီး ပေးဆပ်ရတဲ့ တကယ့် ဖြစ်ရပ်တွေအကြောင်းကို ရည်ညွှန်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Lee Sung Kyung ကတော့ ဖျော်ဖြေရေး အေဂျင်စီတစ်ခုက PR အဖွဲ့ခေါင်းဆောင် Oh Han Byul ဆိုသူအဖြစ် သရုပ်ဆောင်ထားပါတယ်။ Kim Young Dae ကတော့ သူမနဲ့ ကမ္ဘာ့ရန်ဖြစ်ပြီး ပြဿနာရှာတတ်လွန်းတဲ့ နာမည်ကြီးဆယ်လီ Gong Tae Sung အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဒရာမာကိုတော့ tvN ရုပ်သံလိုင်းက ဧပြီလ(၂၂)ရက်နေ့မှာ စတင်ထုတ်လွှင့် ပြသမှာ ဖြစ်ပါတယ်။

(8) From Now, Showtime!

Photo via soompi

ဒီဒရာမာကတော့ လျှို့ဝှက်ဆန်းကြယ် ဟာသဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဝိဉာဉ်တွေကို ဆင့်ခေါ်နိုင်တဲ့ အစွမ်းကို ပိုင်ဆိုင်ထားပြီး အရှိန်အဝါ ကြီးမားတဲ့ နာမည်ကျော် မျက်လှည့်ပညာရှင်တစ်ယောက်နဲ့ သဘာဝလွန်စွမ်းအားတစ်ခု ပိုင်ဆိုင်ထားတဲ့ ရဲအရာရှိမလေးတို့ရဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Park Hae Jin ၊ Jin Ki Joo ၊ Jung Joon Ho နဲ့ Jung Suk Yong တို့ ဖြစ်ပါတယ်။ ဒီဒရာမာကိုတော့ လာမယ့် ဧပြီလ(၂၃)ရက်နေ့မှာ MBC ရုပ်သံလိုင်းက စတင်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

(9) The Killer’s Shopping List

Photo via soompi

ဒီဒရာမာကတော့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတဲ့ လျှို့ဝှက်သည်းဖိုနဲ့ ဟာသနှောထားတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ပဟေဠိဆန်တဲ့ လူသေအလောင်းတစ်လောင်းကို တိုက်ခန်းတစ်ခုမှာ တွေ့ရှိရပြီးနောက်မှာတော့ စူပါမားကတ်မှာ စျေးဝယ်ထားတဲ့ ဘောင်ချာဖြတ်ပိုင်းတစ်ခုက လူသတ်သမားကို ဖမ်းဆီးဖို့ အဓိက အရေးကြီးတဲ့အရာ ဖြစ်လာပါတယ်။

Lee Kwang Soo ကတော့ မှတ်ဉာဏ်ကောင်းလွန်းတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်တဲ့ Ahn Dae Sung အဖြစ် သရုပ်ဆောင်ထားပြီး Seolhyun ကတော့ Ahn Dae Sung ရဲ့ချစ်သူကောင်မလေး Do Ah Hee အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူမကတော့ ငယ်စဉ်အရွယ်တည်းက Ahn Dea Sung တစ်ယောက်တည်းကိုသာ စွဲလန်းလာတဲ့ ရဲအရာရှိမလေး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုတော့ လာမယ့် ဧပြီလ(၂၇)ရက်နေ့မှာ tvN ရုပ်သံလိုင်းက စတင်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

ဒါကတော့ ဧပြီလအတွင်းမှာ ထွက်ရှိလာမယ့် ဒရာမာအသစ်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ အကြည့်ချင်ဆုံးက ဘယ်ဒရာမာလည်းဆိုတာ ပြောပြခဲ့ပါဦး။

Vancouver
RELATED ARTICLES

Most Popular