HomeEntertainmentFilmသင့်ဘဝကို ပြောင်းလဲဖို့ စိတ်ခွန်အားဖြစ်စေမယ့် ရုပ်ရှင်ကားကောင်း(၇)ကား

သင့်ဘဝကို ပြောင်းလဲဖို့ စိတ်ခွန်အားဖြစ်စေမယ့် ရုပ်ရှင်ကားကောင်း(၇)ကား

ကျွန်တော်တို့တွေဟာ များသောအားဖြင့် ကိုယ့်ကိုယ်ကို ကျန်းမာရေးအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ဂရုမစိုက်ဘဲ ဖြစ်သလို နေနေတတ်ကြပါတယ်။ ပုံမှန်ဆိုရင်တော့ ဒါတွေကို သတိမထားမိဘဲ နေတတ်ကြသလို သတိထားမိလာရင်လည်း ပြောင်းလဲပစ်ဖို့ဆိုတာ သိပ်တော့ မလွယ်ကူလှပါဘူး။ ဥပမာပြောရရင် အဝလွန်နေတဲ့ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဝနေမှန်း သိပေမယ့်လည်း အစားလျှော့ဖို့ မလွယ်ကူသလိုပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာ‌တော့ သင့်ရဲ့ဘဝကို တစ်နည်းနည်းနဲ့ ပြောင်းလဲသွားစေဖို့ မိုတီဖြစ်စေမယ့် ရုပ်ရှင်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Someone Great

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ Netflix က စတင်ပြသခဲ့ပြီး IMDb (6.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂီတဂျာနယ်လစ် တစ်ယောက်ဟာ သူမနဲ့ တွဲလာတာ ကြာပြီဖြစ်တဲ့ ရည်းစားက လမ်းခွဲသွားတာကြောင့် New York မြို့ကနေ မပြောင်းခင် သူမရဲ့ သူငယ်ချင်းတွေနဲ့ နောက်ဆုံးအကြိမ် New York မြို့မှာ လည်ပတ်ဖို့ စီစဉ်လိုက်ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Gina Rodriguez ၊ Brittany Snow နဲ့ DeWanda Wise တို့ အဓိက ပါဝင်ထားပါတယ်။

(6) Wild

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.1) ရရှိထားပါတယ်။ မကြာသေးခင်ကမှ ကွာရှင်းထားတဲ့ အမျိူးသမီးတစ်ဦးဟာ သူမရဲ့ဘဝကို အသစ်ကပြန်စဖို့အတွက် မိုင်(၁၁၀၀) ရှည်လျားတဲ့ခရီးကို တစ်ယောက်တည်း ထွက်လာခဲ့ပါတယ်။ ဒီခရီးကို သွားနေရင်းနဲ့ သူမ ကြုံတွေ့လာရမယ့် အဖြစ်အပျက်တွေကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ Reese Witherspoon ၊ Laura Dern နဲ့ Cheryl Strayed တို့ အဓိက ပါဝင်ထားပြီး အော်စကာဆုနှစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(5) Chef

photo via screenrant

ဒီရုပ်ရှင်ကလည်း ၂၀၁၄ ခုနှစ်မှာပဲ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.3) ရရှိထားပါတယ်။ စားဖိုမှူး Carl ဟာ နာမည်ကြီး စားသောက်ဆိုင်ကနေ အလုပ်ပြုတ်လာပြီးတဲ့ နောက်မှာတော့ ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့အတွက် Food Truck တစ်စီးဝယ်ကာ အစက ပြန်စတင်ဖို့ ကြိုးစားပါတော့တယ်။ ဒီလိုကြိုးစားရင်းနဲ့ပဲ သူနဲ့ သိပ်အရောတဝင် မရှိတဲ့ မိသားစုဝင်တွေနဲ့လည်း တဖြည်းဖြည်း ပိုမိုရင်းနှီးမှု ရရှိလာပါတယ်။ သရုပ်ဆောင်တွေကတော့ Robert Downey Jr. ၊ Jon Favreau နဲ့ Scarlet Johansson တို့ အဓိက ပါဝင်ထားပါတယ်။

(4) Nomadland

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမျိူးသမီးတစ်ယောက်ဟာ သူမ အလုပ်လုပ်နေတဲ့ ကုမ္ပဏီက ပိတ်သိမ်းသွားတာကြောင့် အိမ်ကိုပါ ဆုံးရှုံးလိုက်ရပြီး ခြေသလုံးအိမ်တိုင် ဖြစ်သွားပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ တခြားခြေသလုံးအိမ်တိုင်တွေနဲ့ ဆုံတွေ့ခဲ့ပြီး ဘဝမှာ ဘယ်အရာတွေက အရေးကြီးတယ် ဆိုတာကို မြင်တွေ့လာပါတော့တယ်။ Frances McDormand ၊ David Strathairn နဲ့ Gay DeForest တို့ အဓိက ပါဝင်ထားပြီး အော်စကာသုံးဆု ရရှိထားပါတယ်။

(3) The Greatest Showman

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.5) ရရှိထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Barnum ဆိုတဲ့ ရှိုးပွဲတင်ဆက်သူဟာ ဘာမှမရှိတဲ့ အခြေအနေကနေ တစ်ကမ္ဘာလုံးအနေအထားနဲ့ အောင်မြင်လာအောင် ဘယ်လို စိတ်ကူးစိတ်သန်းတွေ၊ ထူးခြားတဲ့ အကြံဉာဏ်တွေနဲ့ ဖန်တီးသွားမလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အော်စကာဆု တစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပြီး Hugh Jackman ၊ Rebecca Ferguson ၊ Michelle Williams ၊ Zendaya နဲ့ Zac Efron တို့ အဓိက ပါဝင်ထားပါတယ်။

(2) Billy Elliot

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကလေးတစ်ယောက်ဟာ ဘဲလေးအကသမား ဖြစ်ချင်တဲ့ အိပ်မက်ရှိပေမယ့်လည်း သူ့ရဲ့အဖေကတော့ လက်ဝှေ့လေ့ကျင့်ဖို့အတွက် Gym ကို စေလွှတ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ကိုယ်ဖြစ်ချင်တာနဲ့ မိဘက ဖြစ်စေချင်တာရဲ့ ကြားထဲမှာ ဘယ်လိုမျိူးတွေ ကြုံတွေ့ရတယ်ဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Jamie Bell ၊ Julie Walters နဲ့ Gary Lewis တို့ အဓိက ပါဝင်ထားပြီး အော်စကာသုံးဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(1) Lion

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.0) ရရှိထားပါတယ်။ Saroo ဆိုတဲ့ ကောင်လေးဟာ အသက်ငါးနှစ်အရွယ်မှာ မိဘတွေနဲ့ လူချင်းကွဲသွားတာကြောင့် ဩစတေးလျနိုင်ငံသား စုံတွဲတစ်တွဲက သူ့ကို မွေးစားခဲ့ပါတယ်။ နောက်ထပ်(၂၅)နှစ် ကြာမြင့်သွားတဲ့ အချိန်မှာတော့ သူဟာ ကွဲသွားတဲ့ မိသားစုကို ပြန်လည်ရှာဖွေဖို့အတွက် အိန္ဒိယကို ထွက်လာခဲ့ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Dev Patel ၊ Nicole Kidman နဲ့ Sunny Pawar တို့က အဓိကပါဝင်ထားပြီး အော်စကာဆု (၆)ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

ဒါကတော့ သင့်ဘဝကို ပြောင်းလဲဖို့ စိတ်ခွန်အားတွေ၊ စိတ်တက်ကြွမှုတွေ ရရှိစေမယ့် ဇာတ်ကားကောင်း(၇)ကားပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ ဘဝမှာ မှတ်မှတ်ရရနဲ့ နှစ်သက်မိနေတဲ့ ဇာတ်ကားကောင်းတွေ ရှိရင်လည်း ကောမန့်မှာ ပြန်လည် မျှဝေပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular