HomeEntertainmentFilmSony က စီစဉ်နေတဲ့ Bruce Lee ရဲ့ Biopic ရုပ်ရှင်

Sony က စီစဉ်နေတဲ့ Bruce Lee ရဲ့ Biopic ရုပ်ရှင်

ကိုယ်ခံပညာနဲ့ ပတ်သက်ပြီး အထင်ကရပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့ Bruce Lee ရဲ့ ဘဝဇာတ်ကြောင်းကိုတော့ Sony စတူဒီယိုက ရုပ်ရှင်အဖြစ် ဖန်တီးဖို့ စီစဉ်နေပါတယ်။ ဒီ biopic ရုပ်ရှင်ကိုတော့ Sony ရဲ့ လက်အောက်ခံကုမ္ပဏီတစ်ခု ဖြစ်တဲ့ 3000 Pictures က ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ရိုက်ကူးဖန်တီးသွားမယ့် ဒါရိုက်တာကတော့ နာမည်ကျော်ဒါရိုက်တာ Ang Lee ဖြစ်ပါတယ်။ Ang Lee ကတော့ အော်စကာဆုရ ဒါရိုက်တာတစ်ဦး ဖြစ်ပြီး Life of Pi ၊ Brokeback Mountain အစရှိတဲ့ ဇာတ်ကားတွေနဲ့ အောင်မြင်ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ Bruce Lee နေရာမှာတော့ ဒါရိုက်တာ Ang Lee ရဲ့ သားဖြစ်သူ Mason Lee က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Photo via the barbell

Bruce Lee ဟာ ၁၉၇၃ ခုနှစ်မှာ အသက်(၃၂)နှစ်အရွယ်နဲ့ စောစီးစွာ ကြွေလွင့်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဟောလိဝုဒ်မှာ တိုတောင်းတဲ့ အချိန်ခဏလေးသာ ရှိနိုင်ခဲ့ပေမယ့် သရုပ်ဆောင်၊ ဒါရိုက်တာနဲ့ ကိုယ်ခံပညာရှင်ဆိုတဲ့ သူ့ရဲ့အရှိန်အဝါနဲ့ ဂုဏ်သတင်းကတော့ ယနေ့အချိန်အထိ ပျံ့လွင့်နေဆဲ ဖြစ်ပါတယ်။

Bruce Lee ဟာ ၁၉၆၀ ခုနှစ်နှောင်းပိုင်းနဲ့ ၁၉၇၀ ခုနှစ် အစောပိုင်းကာလတွေမှာ ကမ္ဘာနဲ့ချီပြီး ကိုယ်ခံပညာအပေါ် လူတွေစိတ်ဝင်စား နှစ်သက်လာအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ကျော်ကြားတဲ့ ရုပ်ရှင်တွေကတော့ Fist of Fury ၊ Enter the Dragon ၊ The Way of the Dragon အစရှိတဲ့ဇာတ်ကားတွေ ဖြစ်ပြီး The Green Hornet ဆိုတဲ့ ဇာတ်လမ်းတွဲဟာလည်း ကျော်ကြားပါတယ်။

Photo via Britannica

“အမေရိကန်အရမ်းမဆန်သလို၊ တရုတ်လည်း အရမ်းမဆန်ဘူးလို့ လက်ခံထားကြတဲ့ Bruce Lee ဟာ တကယ်တော့ အရှေ့တိုင်းနဲ့ အနောက်တိုင်းကို ပေါင်းကူးတံတားလို ဆက်သွယ်ပေးခဲ့သူ ဖြစ်ပါတယ်။ သူဟာ ကွန်ဖူးပညာရပ်ကို ကမ္ဘာကြီးနဲ့ စတင်မိတ်ဆက်ပေးခဲ့သူ ဖြစ်ပြီး ကိုယ်ခံပညာနဲ့ ပတ်သက်ရင် ဆရာတစ်ဆူပါပဲ။ သူဟာ ကိုယ်ခံပညာကိုရော၊ အက်ရှင်ရုပ်ရှင်တွေကို တစ်ခေတ်ဆန်း တော်လှန်နိုင်ခဲ့တဲ့ အထင်ကရ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ် …”

“တကယ်ပြိုင်စံရှားတဲ့ လူတစ်ယောက်ဖြစ်ပြီး အံ့မခန်းလောက်စရာ စွမ်းအားတွေကို ပိုင်ဆိုင်ထားခဲ့တဲ့အပြင် မမောနိုင်မပန်းနိုင် အလုပ်ကြိုးစားပြီး မဖြစ်နိုင်တာတွေကို တကယ်လက်တွေ့ ဖြစ်လာအောင် အားထုတ်ကြိုးပမ်းခဲ့တဲ့ (၁၃၅)ပေါင်ခန့် ကိုယ်အလေးချိန်ရှိတဲ့ ဒီလူသားရဲ့ ဇာတ်ကြောင်းကို ပြောပြဖို့ ကျွန်တော့်ဆီမှာ မဖြစ်မနေ တာဝန်ရှိတယ်လို့ ခံစားရပါတယ် …” လို့ ဒါရိုက်တာ Ang Lee က ဇာတ်ကားအတွက် ကြေညာချက်မှာ ပြောထားပါတယ်။

Photo via mubi

Bruce Lee နေရာမှာ သရုပ်ဆောင်သွားမယ့် Mason Lee ကတော့ အသက်(၃၂)နှစ်အရွယ် ရှိပြီဖြစ်ပြီး ထိုင်ဝမ်-အမေရိကန် သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ သူကတော့ The Hangover Part II ထဲမှာ ပါဝင်ထားပြီး ထိုင်ဝမ်ရုပ်ရှင်တွေဖြစ်တဲ့ Stand by Me ၊ Limbo နဲ့ Who Killed Cock Robin တို့မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Glasgow

Source: variety

RELATED ARTICLES

Most Popular