HomeCelebs Update NewsInternationalနှစ်အတော်ကြာ အနားယူခဲ့ပြီးနောက် သရုပ်ဆောင်ပြန်လုပ်ချင်ပြီလို့ ပြောလာတဲ့ Eva Mendes

နှစ်အတော်ကြာ အနားယူခဲ့ပြီးနောက် သရုပ်ဆောင်ပြန်လုပ်ချင်ပြီလို့ ပြောလာတဲ့ Eva Mendes

မင်းသမီးချော Eva Mendes ကတော့ သရုပ်ဆောင်လောကကနေ အနားယူနေခဲ့တာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်တာကြောင့် ကင်မရာအရှေ့ကို ပြန်လာချင်ပြီလို့ ပြောလာပါတယ်။ အသက်(၄၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသမီးဟာ ဒီအကြောင်းကိုတော့ အမေရိကန် talk show တစ်ခုဖြစ်တဲ့ The View မှာ ဧည့်သည်အဖြစ် လာရောက်တုန်းက ပြောသွားတာ ဖြစ်ပါတယ်။

“ကျွန်မ လုပ်မယ့်ဟာတွေကို စာရင်းလုပ်ထားတာ ရှိပါတယ်။ ကလေးတွေ မရှိခင်တုန်းကတော့ ဘယ်အရာကိုမဆို ကျွန်မ စိတ်ဝင်စားပါတယ်။ ပြောချင်တာ အရင်ကဆို ပျော်ဖို့ကောင်းတဲ့ ပရောဂျက်ဖြစ်မယ်ဆို လက်ခံလိုက်တာပါပဲ။ ဒါပေမယ့် အခုကျတော့ ကျွန်မ အကြမ်းပတမ်းဟာတွေ မလုပ်ချင်တော့ပါဘူး။ ပြီးတော့ အဖော်အချွတ်တွေလည်း မလုပ်ချင်ပါဘူး။ အဲဒီတော့ ကျွန်မ လုပ်ချင်တဲ့ဟာက အတော်လေး နည်းမယ် ထင်ပါတယ် …” လို့ Eva Mendes က ဆိုပါတယ်။

Photo: evamendes/ Instagram

တကယ်လို့ သူမရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမယ့် ရုပ်ရှင်ဇာတ်ရုပ်မျိုးကို ကမ်းလှမ်းခံရမယ်ဆိုရင် သရုပ်ဆောင်အလုပ်ကို ပြန်လုပ်ဖြစ်မလားလို့ မေးမြန်းရာမှာတော့ “လုပ်ဖြစ်မယ် ထင်ပါတယ်။ အဲဒီဇာတ်ရုပ်က ကောင်းလည်းကောင်းရမယ်။ သန့်သန့်လေးလည်း ဖြစ်မယ်ဆိုရင်ပေါ့ …” လို့ Mendes က ဖြေပါတယ်။ ဒီမှာတင် talk show ကို အတူလာရောက်တဲ့ Whoopi Goldberg က “Disney ကရိုက်တဲ့ ကားမျိုးတွေလိုပေါ့ …” လို့ အကြံပြုလိုက်ရာ Mendes ကလည်း “Disney ဆိုရင်တော့ perfect ပါပဲ…” လို့ ပြန်လည် ဖြေဆိုခဲ့ပါတယ်။

၂၀၂၀ ခုနှစ်တုန်းက Entertainment Tonight အစီအစဉ်ကို ဧည့်သည်အဖြစ် လာရောက်တုန်းကလည်း ဘယ်လို Disney ဇာတ်ရုပ်မျိုးကို သဘောကျလည်းလို့ မေးမြန်းခံခဲ့ရပါသေးတယ်။ Mendes ကတော့ Disney ဇာတ်ရုပ်တွေကို သဘောကျပေမယ့် သူမနဲ့ ကိုက်ညီမယ့်ဇာတ်ရုပ်ဟာ ဗီလိန်ဖြစ်မယ်လို့ ဆိုပါတယ်။

Photo: evamendes.daily/ Instagram

“ကျွန်မက ဗီလိန်လို type မျိုးကို ပိုသဘောကျတဲ့ မိန်းမဆိုတော့လေ။ Ursula လိုပုံစံမျိုးပေါ့။ Disney က ဗီလိန်ဇာတ်ရုပ်တွေကို ကျွန်မသဘောကျတယ်။ ပျော်ဖို့ကောင်းတယ်လေ …” လို့ Mendes က ဆိုပါတယ်။

Fast & Furious သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ Eva Mendes နောက်ဆုံး သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Lost River ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ Ryan Gosling က ပူးတွဲထုတ်လုပ်ပြီး ဒါရိုက်တာအဖြစ် ရိုက်ကူးပေးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

Eva Mendes ဟာ နာမည်ကျော်သရုပ်ဆောင် မင်းသား Ryan Gosling နဲ့ ၂၀၁၁ ခုနှစ်တည်းက ချစ်သူတွေ ဖြစ်လာခဲ့ကြပြီး ယနေ့အထိတိုင်လက်တွဲမြဲနေဆဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးမှာတော့ အသက်(၇)နှစ်အရွယ် Esmeralda နဲ့ အသက်(၆)နှစ်အရွယ် Amada ဆိုတဲ့ သမီးလေးနှစ်ယောက် ရှိပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular