HomeDramaနာမည်ကြီးဒရာမာဇာတ်ရုပ်တွေကို ငြင်းပယ်ခဲ့တဲ့ ကိုရီးယားသရုပ်ဆောင်များ

နာမည်ကြီးဒရာမာဇာတ်ရုပ်တွေကို ငြင်းပယ်ခဲ့တဲ့ ကိုရီးယားသရုပ်ဆောင်များ

ပရိသတ်တေွကြားမှာ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ ကိုရီးယားဒရာမာတွေကတော့ ဇာတ်လမ်း၊ ဇာတ်အိမ်ကြောင့်လည်း ဖြစ်သလို သရုပ်ဆောင်တွေရဲ့ ဇာတ်ရုပ်နဲ့ ကွက်တိကျတဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း အောင်မြင်တာ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းလွန်းတဲ့အခါ ပရိသတ်တွေကြားထဲမှာ ဇာတ်ကောင်နာမည်ကို ကြားလိုက်တာနဲ့ သူ့ရဲ့သရုပ်ဆောင်နဲ့ တသားတည်းတွဲပြီး မြင်တတ်ကြတဲ့အထိပါပဲ။ သို့သော်လည်း နာမည်ကျော် ဒရာမာတွေထဲက တချို့သော နာမည်ကြီးဇာတ်ကောင်တွေဟာ လက်ရှိ သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကို အရင်ဆုံး ကမ်းလှမ်းခဲ့တာတော့ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် နာမည်ကြီး ဇာတ်ကောင်တွေကို ငြင်းပယ်မိခဲ့ကြတဲ့ သရုပ်ဆောင်တွေကတော့ …

Kim Woo Bin – Pinocchio

Kim Woo Bin ကတော့ နာမည်ကျော်ဒရာမာ Pinocchio ထဲက male lead ဇာတ်ရုပ်အတွက် အရင်ဆုံး ကမ်းလှမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သို့သော်လည်း သူဟာ အဲဒီအချိန်က တခြားပရောဂျက်တစ်ခုကို လက်ခံထားတဲ့အတွက် အချိန်ဇယားအရ ညှိနှိုင်းလို့ မရခဲ့တဲ့အတွက် ဒီဇာတ်ရုပ်ကို ငြင်းဆိုခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဒီဇာတ်ရုပ်ဟာ မင်းသား Lee Jong Suk ဆီကို ရောက်ရှိသွားခဲ့ပြီး Lee Jong Suk နဲ့ လုံးဝကို အံဝင်ခွင်ကျ ကွက်တိဖြစ်ခဲ့တာ ဖြစ်ပါတယ်။

Suzy – Cheese in the Trap

Suzy ကတော့ Cheese in the Trap ထဲက female lead ဇာတ်ရုပ်ဖြစ်တဲ့ Hong Seol အတွက် ကမ်းလှမ်းခံခဲ့ရပါတယ်။ အစပိုင်းမှာတော့ Suzy ဟာ ဒီဇာတ်ရုပ်ကို လက်ခံဖို့ စဉ်းစားခဲ့သေးပေမယ့် သူမနဲ့ ဒီဇာတ်ရုပ်ဟာ ဘယ်လိုမှ လိုက်ဖက်မှုမရှိဘူးလို့ အွန်လိုင်းပေါ်မှာ ကျယ်ကျယ်လောင်လောင် ဝေဖန်ခံရတဲ့အတွက် နောက်ဆုံးမှာတော့ ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။ Hong Seol ဇာတ်ရုပ်ကတော့ နောက်ဆုံးမှာ Kim Go Eun ဆီကို ရောက်ရှိသွားပါတယ်။

Jung Yonghwa – The Heirs

Jung Yonghwa ကတော့ The Heirs ဒရာမာထဲက second lead ဇာတ်ရုပ်ဖြစ်တဲ့ Choi Young Do အတွက် ကမ်းလှမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သို့သော်လည်း Yonghwa ကတော့ ကျောင်းသားဇာတ်ရုပ်မျိုးကို ထပ်ပြီး သရုပ်မဆောင်ချင်တော့တာကြောင့် ဒီဇာတ်ရုပ်ကို ငြင်းဆိုခဲ့ပါတယ်။ Choi Young Do ဇာတ်ရုပ်ကတော့ နောက်ဆုံးမှာ Kim Woo Bin ဆီကို ရောက်ရှိသွားပါတယ်။

Jun Ji Hyun – My Girlfriend Is a Gumiho

Jun Ji Hyun ကတော့ My Girlfriend Is a Gumiho ဒရာမာထဲက female lead ဇာတ်ရုပ်အတွက် ကမ်းလှမ်းခံခဲ့ရပါတယ်။ သို့သော်လည်း Jun Ji Hyun ဟာ အဲဒီအချိန်တုန်းက သရုပ်ဆောင်လောကက ခေတ္တအနားယူနေတာ ဖြစ်တဲ့အတွက် အလုပ်ပြန်လုပ်ဖို့ အဆင်သင့် မဖြစ်သေးတာကြောင့် ဒီဇာတ်ရုပ်ကို လက်မခံခဲ့ပါဘူး။ ဒါကြောင့်ပဲ နောက်ဆုံးမှာတော့ Gumiho ဇာတ်ရုပ်ဟာ Shin Min Ah ဆီကို ရောက်သွားခဲ့ပါတယ်။

Jang Geun Suk – Boys Over Flowers

Jang Geun Suk ကတော့ နာမည်ကြီးဒရာမာ Boys Over Flowers ထဲက male lead ဇာတ်ရုပ်ဖြစ်တဲ့ Goo Joon Pyo အတွက် ပထမဆုံး ကမ်းလှမ်းခံခဲ့ရသူ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း Jang Geun Suk ဟာ အဲဒီအချိန်တုန်းက Beethoven Virus ဒရာမာကို လက်ခံထားတဲ့အတွက် ဒီဇာတ်ရုပ်ကို လက်လွှတ်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဒီဇာတ်ရုပ်ဟာ Lee Min Ho ဆီကို ရောက်ရှိသွားခဲ့ပြီး Goo Joon Pyo ဆိုရင် Lee Min Ho နဲ့ တသားတည်း မြင်မိတဲ့အထိ ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့ပါတယ်။

Song Joong Ki – Moon Embracing The Sun

Song Joong Ki ဟာလည်း ဒီဒရာမာထဲက male lead ဇာတ်ရုပ်အတွက် ကမ်းလှမ်းခံခဲ့ရပါတယ်။ သို့ပေမယ့်လည်း ဒီဇာတ်ရုပ်ဟာ အရင်တုန်းက သူသရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ရုပ်နဲ့ တော်တော်လေး ဆင်တူနေတယ်လို့ ခံစားရတာကြောင့် Song Joong Ki ဟာ ဒီဇာတ်ရုပ်ကို ငြင်းပယ်ခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ Lee Hwon ဇာတ်ရုပ်ဟာ Kim Soo Hyun ဆီကို ရောက်သွားခဲ့ပါတယ်။

Chun Jung Myung – Coffee Prince

Chung Jung Myung ကတော့ Coffee Prince ဒရာမာထဲမှာ male lead ဇာတ်ရုပ်အတွက် ကမ်းလှမ်းခံခဲ့ရပေမယ့် အချိန်ဇယားတွေ ညှိနှိုင်းလို့ မရခဲ့တာကြောင့် ဒီဇာတ်ရုပ်ကို လက်လွှတ်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်ရုပ်ဟာ Gong Yoo ဆီကို ရောက်ရှိသွားခဲ့ပါတယ်။

Jang Hyuk – Secret Garden

Jang Hyuk ကတော့ နာမည်ကြီးဒရာမာ Secret Garden ထဲက male lead ဇာတ်ရုပ် Kim Joo Won အတွက် ကမ်းလှမ်းခံခဲ့ရပါတယ်။ သို့ပေမယ့်လည်း Jang Hyuk ရဲ့အေဂျင်စီဟာ ဒီဇာတ်ရုပ်ကို ပယ်ချခဲ့တဲ့အတွက် သူဟာလည်း ဒီနာမည်ကြီးဇာတ်ရုပ်နဲ့ လွဲခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ Kim Joo Won ဇာတ်ရုပ်ဟာ Hyun Bin ဆီကို ရောက်သွားခဲ့ပါတယ်။

Descendants of the Sun (DotS)

နာမည်ကျော်ဒရာမာ DotS ထဲက male lead ဇာတ်ရုပ်ကတော့ မင်းသားများစွာဆီကို ကမ်းလှမ်းခဲ့ရတဲ့ ဇာတ်ရုပ်တစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်ရုပ်ဟာ Gong Yoo ၊ Won Bin ၊ Jo In Sung နဲ့ Kim Woo Bin တို့ဆီကို အသီးသီး ကမ်းလှမ်းခဲ့ပေမယ့် အကြောင်းအမျိုးမျိုးနဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ နောက်ဆုံးမှာတော့ Song Joong Ki ဆီကို ရောက်ရှိသွားပြီး နိုင်ငံတကာမှာပါ အောင်မြင်ခဲ့ပါတယ်။

ဒါကတော့ နာမည်ကြီးဇာတ်ရုပ်အချို့ကို ငြင်းဆိုမိခဲ့တဲ့ ကိုရီးယားသရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ ဇာတ်ရုပ်တွေဟာ သူတို့နဲ့ အသင့်တော်ဆုံးဖြစ်မယ့် သရုပ်ဆောင်တွေကို စောင့်ဆိုင်းနေလို့ပဲ အခုလို လွဲချော်ခဲ့ကြတာလား၊ ဒါမှမဟုတ် သူတို့သာ လက်ခံခဲ့မယ်ဆိုရင်ရော ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်နိုင်ခဲ့မှာလားဆိုတာ ကောမန့်မှာ အမြင်လေးတွေ ပြောပြခဲ့ပါဦး။

Vancouver
RELATED ARTICLES

Most Popular