HomeEntertainmentFilmဖေဖော်ဝါရီလထဲမှာ ရုံတင်သွားမယ့် ကြည့်ချင်စရာ ရုပ်ရှင်ကားသစ်(၁၀)ကား

ဖေဖော်ဝါရီလထဲမှာ ရုံတင်သွားမယ့် ကြည့်ချင်စရာ ရုပ်ရှင်ကားသစ်(၁၀)ကား

လောလောဆယ်မှာတော့ ကိုဗစ်ဟာ ကမ္ဘာအနှံ့မှာ ရှိနေဆဲ ဖြစ်ပေမယ့်လည်း အခြေအနေတွေဟာ အရင်ကလောက် မဆိုးတော့တာကြောင့် ဟောလိဝုဒ်လောကဟာ တဖြည်းဖြည်းနဲ့ ပြန်လည် ခေါင်းထောင်နိုင်လာပါတယ်။ ယခုအချိန်မှာ အသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်တွေအများစုဟာ ခေတ်နဲ့လိုက်လျောညီထွေ ဖြစ်အောင် ရုပ်ရှင်ရုံမှာတင် မဟုတ်ဘဲ Streaming Service တွေမှာပါ ပြသနေကြပါတယ်။ လာမယ့် ဖေဖော်ဝါရီလမှာ ထွက်ရှိလာမယ့် ရုပ်ရှင်တွေဟာလည်း အလားတူပဲ ဖြစ်ပြီး ရုပ်ရှင်ကားသစ်များစွာထဲကမှ ရုပ်ရှင်ချစ်သူတွေ စောင့်ကြည့်သင့်တဲ့ ဇာတ်ကားသစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Moonfall
photo via screenrant

ဒီဇာတ်ကားကတော့ စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းအမျိူးအစား ဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ ထူးဆန်းတဲ့ အားတစ်ခုက လကို ရိုက်ခတ်သွားပြီးနောက် လဟာ သူ့ရဲ့ ပတ်လမ်းကနေ ထွက်သွားပါတယ်။ ဒါကြောင့်ပဲ မကြာခင်အချိန်မှာ လဟာ ကမ္ဘာနဲ့ တိုက်မိတော့မှာ ဖြစ်ပြီး လူသားတွေကို ကယ်တင်ဖို့အတွက် NASA ရဲ့ အရာရှိတစ်ယောက်နဲ့ အငြင်းပွားစရာ သီအိုရီတွေထုတ်တဲ့ လူတစ်ယောက်တို့ဟာ အာကာသထဲကို ထွက်ခွာလာခဲ့ပါတယ်။

သရုပ်ဆောင်တွေကတော့ Patrick Wilson ၊ John Bradley နဲ့ Charlie Plummer တို့ အဓိက ပါဝင်ထားပြီး ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ ထွက်ရှိလာမှာပါ။

(2) Jackass Forever
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၂ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ Jackass Franchise ရဲ့ Sequel အဆက်ပဲ ဖြစ်ပါတယ်။ မူလသရုပ်ဆောင်တွေပဲ ပြန်လည်ပါဝင်ထားပြီး ပရိသတ်တွေကို ပါးစပ်မပိတ်ရအောင် ရယ်နေရစေမယ့် ဟာသကားတစ်ကားပဲ ဖြစ်ပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Johnny Knoxville ၊ Bam Margera နဲ့ Steve O တို့ ပါဝင်ထားကာ (၄)ရက်နေ့မှာပဲ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(3) The Long Night
photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Rich Ragsdale ရိုက်ကူးထားတဲ့ Horror ဇာတ်လမ်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Grace ဆိုတဲ့ ကောင်မလေးဟာ သူမရဲ့ ရည်းစားနဲ့အတူ တစ်ခါမှတောင် မမြင်ဖူးတဲ့ သူမရဲ့မိဘတွေကို ရှာဖွေနေပါတယ်။ တစ်နေ့မှာတော့ သူမရဲ့မိဘတွေ ရှိနေနိုင်တဲ့ နေရာနဲ့ ပတ်သက်ပြီး သဲလွန်စတစ်ခု ရရှိခဲ့ပါတယ်။ အဲ့ဒီနေရာကို ရောက်ရှိသွားတဲ့ အချိန်မှာတော့ သူမတို့ နှစ်ယောက်လုံး မမျှော်လင့်ထားတဲ့ အဖြစ်အပျက်ဆိုးတွေက စောင့်ကြိုနေပါတယ်။ ဒီကားဟာလည်း (၄)ရက်နေ့မှာပဲ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(4) Blacklight
photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Mark Williams ရိုက်ကူးထားတဲ့ အက်ရှင်ရုပ်ရှင်ကား ဖြစ်ပြီး (၁၁)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အသွင်ယူထားတဲ့ အေးဂျင့်တွေဟာ တစ်နည်းနည်းနဲ့ သူတို့ရဲ့ Identity အစစ်အမှန် ပေါ်သွားတတ်ပါတယ်။ အဲဒီလိုချိန်မှာတော့ ဒီလိုအေးဂျင့်တွေကို ရှင်းပစ်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ Travis Block ဆိုတဲ့ အစိုးရ လျှို့ဝှက်အေးဂျင့်တစ်ယောက်ရဲ့ အခန်းကဏ္ဍကို ရောက်ရှိလာပါတော့တယ်။

သရုပ်ဆောင်တွေကတော့ Liam Neeson ၊ Emmy Raver-Lampman နဲ့ Taylor John Smith တို့ အဓိက ပါဝင်ထားပါတယ်။

(5) Death on the Nile
photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ ဒါရိုက်တာ Kenneth Branagh ရိုက်ကူးထားတဲ့ Murder on the Orient Express ထဲက အလွတ်စုံထောက်ကြီး Hercule Poirot ကို ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကြင်စဦး ဇနီးမောင်နှံနှစ်ဦးရဲ့ ဟန်းနီးမွန်းခရီးမှာ ထိတ်လန့်စရာ လူသတ်မှုတစ်ခု ဖြစ်လာခဲ့အခါမှာတော့ သူတို့စီးနင်းလာတဲ့ ဇိမ်ခံ အပျော်စီးသင်္ဘောကြီးပေါ်က လူတွေအားလုံးဟာ သံသယရှိသူတွေ ဖြစ်လာပါတော့တယ်။

သရုပ်ဆောင်တွေကတော့ Kenneth Branagh ၊ Gal Gadot ၊ Armie Hammer နဲ့ Tom Bateman တို့ အဓိက ပါဝင်ထားပြီး (၁၁)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(6) Marry Me
photo via screenrant

ဒီရုပ်ရှင်ကတော့ Musical အချစ်ဟာသ ဇာတ်လမ်းတစ်ခု ဖြစ်ပြီး Bobby Crosby ရဲ့ ဝတ္ထုကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပေါ့ပ်စတားတစ်ယောက် ဖြစ်တဲ့ Kat Valdez ဟာ သူမရဲ့ပါတနာဖြစ်သူက ဖောက်ပြန်နေတာကို သိလိုက်ရတဲ့ နောက်မှာတော့ သူမရဲ့ ရှိုးပွဲမှာ “Marry Me” ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ထားမိတဲ့ သူစိမ်းတစ်ယောက်ကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

သရုပ်ဆောင်တွေကတော့ Owen Wilson နဲ့ Jennifer Lopez တို့ အဓိကပါဝင်ထားပြီး (၁၁)ရက်နေ့မှာပဲ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(7) Dog
photo via screenrant

ဒီရုပ်ရှင်ကတော့ Channing Tatum နဲ့ Reid Caroline တို့ ရိုက်ကူးထားတဲ့ ဟာသကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စစ်သားတစ်ယောက်ဟာ သူ့အချစ်ဆုံးသူငယ်ချင်းရဲ့ ဈာပနအခမ်းအနားကို အချိန်မီရောက်အောင် သွားနေရင်း စစ်ခွေးတစ်ကောင်ကိုလည်း ခေါ်သွားရပါတယ်။ လမ်းတလျှောက်လုံးမှာတော့ သူတို့နှစ်ယောက်ဟာ အလွဲပေါင်းစုံနဲ့ ဘာတွေ ဖြစ်ပျက်မလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေကတော့ Channing Tatum ၊ Jane Adams နဲ့ Kevin Nash တို့ ပါဝင်ထားပြီး (၁၈)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(8) Uncharted
photo via screenrant

နှောင့်နှေးမှုတွေများစွာ တွေ့ကြုံအပြီးမှာတော့ Uncharted ရုပ်ရှင်ဟာ လာမယ့် (၁၈)ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ Uncharted ဂိမ်းကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Nathan Drake နဲ့ သူ့ရဲ့ပါတနာတို့ဟာ Nathan ရဲ့ ပျောက်ဆုံးနေတဲ့ အစ်ကိုကို ရှာဖွေနေရင်းနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သိုက်တူးသမားတွေနဲ့ သူတို့ရဲ့ ကြေးစားတွေကို ရင်ဆိုင်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Mark Wahlberg နဲ့ Tom Holland တို့ အဓိကပါဝင်ထားပါတယ်။

(9) Studio 666
photo via screenrant

ဒီရုပ်ရှင်ကတော့ Dave Grohl ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ သဘာဝလွန် ဟာသကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Rock Band တစ်ဖွဲ့ဟာ Encino စံအိမ်ကို ပြောင်းရွှေ့လာကြပြီး နောက်မှာတော့ သူတို့တွေဟာ သဘာဝလွန် အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။

သရုပ်ဆောင်တွေကတော့ Leslie Grossman ၊ Jenna Ortega နဲ့ Whitney Cummings တို့ အဓိက ပါဝင်ထားကာ (၂၅)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(10) Big Gold Brick
photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Brian Pestos ရဲ့ ပထမဆုံး ရိုက်ကူးတဲ့ ရုပ်ရှင်ဖြစ်ပြီး Dark Comedy ဇာတ်လမ်းအမျိူးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နားလည်ရခက်တဲ့ ကလေးနှစ်ယောက်အဖေဟာ တက်သစ်စ စာရေးဆရာတစ်ယောက် ဖြစ်တဲ့ Samuel Liston ကို သူ့ရဲ့ အတ္ထုပ္ပတ္တိကို ရေးသားစေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဘယ်လိုအလွဲတွေ ဖြစ်လာမလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Oscar Isaac ၊ Megan Fox နဲ့ Lucy Hale တို့ ပါဝင်ထားကာ (၂၅)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

ဒါကတော့ လာမယ့် ဖေဖော်ဝါရီလအတွင်း ထွက်ရှိလာမယ့် ကြည့်ရှုချင်စရာ ရုပ်ရှင်ကားသစ်(၁၀)ကားပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ ကျိန်းသေပေါက် ကြည့်ရှုဖြစ်မယ့် ကားက ဘယ်ကားလည်းဆိုတာ ပြောပြခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular