HomeEntertainmentFilmHouse of the Dragon Season 1 ရဲ့ Ending Explained

House of the Dragon Season 1 ရဲ့ Ending Explained

*** Spoiler Alert ***

House of the Dragon ဇာတ်လမ်းတွဲရဲ့ Season 1 ကတော့ ယခုအချိန်မှာ ဇာတ်သိမ်းသွားပြီ ဖြစ်ပြီး Dance of the Dragons လို့ခေါ်တဲ့ Targaryen တွေရဲ့ ပြည်တွင်းစစ်အစကို မြင်တွေ့လိုက်ရပြီ ဖြစ်ပါတယ်။ မူလတုန်းကတော့ Rhaenyra ဟာ စစ်တိုက်ချင်စိတ် မရှိသေးဘဲ သူမဘက်ကလူတွေကို ထိန်းထားပေမယ့်လည်း အဆုံးသတ်မှာတော့ ကိုယ်ရေးကိုယ်တာတွေပါ ပါလာပြီဖြစ်တာကြောင့် Dance of the Dragons ဖြစ်ရပ်ဟာ သေချာပေါက် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

Lucerys ရဲ့ သေဆုံးမှု

photo via screenrant

Season 1 ရဲ့ ဇာတ်သိမ်းပိုင်းထဲက Lucerys ရဲ့သေဆုံးမှုဟာ Rhaenyra တို့အတွက်ရော၊ ပရိသတ်တွေအတွက်ပါ ဝမ်းနည်းစရာကောင်းလှပါတယ်။ Lucerys ဟာ Aemond ရဲ့ရန်စမှုကို သည်းခံပြီး Dragonstone ဆီပြန်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း Lucerys ဟာ သူ့ရဲ့နဂါး Arrax ကို မထိန်းချုပ်နိုင်ဘဲ Aemond ရဲ့ နဂါး Vhagar ကို ရန်စသလို ဖြစ်သွားပါတယ်။ ဒါကြောင့်ပဲ Aemond ဟာလည်း Vhagar ကို မထိန်းချုပ်နိုင်တော့ဘဲ Lucerys နဲ့ Arrax တို့ကို သတ်မိသွားပါတယ်။

ဒီအပိုင်းထဲမှာတော့ ဒီအဖြစ်အပျက်ဟာ မတော်တဆ ဖြစ်ခဲ့ပေမယ့် စာအုပ်ထဲမှာတော့ Aemond ဟာ Lucerys ကို ရည်ရွယ်ချက်ရှိရှိ သတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက် မဖြစ်ခင်တုန်းကတော့ Rhaenyra ဟာ Otto ရဲ့ ကမ်းလှမ်းချက်ကို စဉ်းစားနေပြီး ယခုအချိန်မှာတော့ စစ်ပွဲဟာ ဘယ်လိုမှ ရှောင်လွှဲလို့ မရတော့ပါဘူး။ Aemond ဟာလည်း Vhagar ကို မထိန်းချုပ်နိုင်ခဲ့တာကြောင့် Lucerys ကို သတ်မိသွားတယ်လို့ ပြောမယ့်အစား တမင်သတ်လိုက်တယ်လို့ပဲ ပြောလောက်ပါတယ်။ အကြောင်းကတော့ သူဟာ အားနည်းတဲ့ လူတစ်ယောက်လို့  မြင်ခံရမှာထက် မကောင်းဆိုးဝါးလို့သာ ထင်မြင်ခံချင်တာကြောင့် ဖြစ်ပါတယ်။

ဇာတ်သိမ်းခန်း

photo via screenrant

ဒီအပိုင်းရဲ့ အဆုံးသတ်မှာတော့ Daemon ဟာ Lucerys သေဆုံးသွားတဲ့အကြောင်း Rhaenyra ကို ပြောပြလိုက်ပါတယ်။ ဒါကြောင့်ပဲ သူမဟာ ကင်မရာကို ကျောခိုင်းသွားပြီး ဒူးထောက်ကျလုမတတ် နာကျင်ကြေကွဲသွားတာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ဝမ်းနည်းမှုနဲ့ ဒေါသတွေ ရောနှောပြည့်နှက်နေတဲ့ အကြည့်ကို မြင်ခဲ့ရပြီး သေချာတာကတော့ Alicent တို့နဲ့ Rhaenyra တို့ကြားမှာ ငြိမ်းချမ်းရေးဆိုတာ မရှိနိုင်တော့ဘဲ ပြည်တွင်းစစ်ကြီး စတင်တော့မှာပဲ ဖြစ်ပါတယ်။

Jacaerys ကရော ဘာဆက်ဖြစ်မှာလဲ?

photo via screenrant

Lucerys ကတော့ သူ့ရဲ့မစ်ရှင်မှာ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရပေမယ့်လည်း Jacaerys ကတော့ သူ့ရဲ့မစ်ရှင်နှစ်ခုလုံးကို အောင်မြင်ခဲ့ပါတယ်။ သူဟာ Vale ကို သွားရောက်ခဲ့ပြီး Jeyne Arryn ရဲ့ ထောက်ခံမှုကို ရယူနိုင်ခဲ့သလို Winterfell ရဲ့ Cregan Stark ဆီကလည်း ထောက်ခံမှုကို ရယူနိုင်ခဲ့ပါတယ်။

Jacaerys ဟာ Jeyne Arryn ရဲ့ ထောက်ခံမှုကို ဘယ်လိုပုံစံမျိုးနဲ့ ရရှိခဲ့တယ်ဆိုတာကို အမျိူးမျိူး ပြောဆိုကြပြီး Jacaerys ဟာ Jeyne ကို လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုရအောင် ပြုလုပ်ပေးခဲ့ရတယ်လို့လည်း ပြောဆိုကြပါတယ်။ နောက်တစ်ခုကတော့ Jeyne ဟာ အမျိူးသမီးတွေ အုပ်ချုပ်တာကို လက်ခံပြီး Rhaenyra ရဲ့ မိခင်ဖြစ်သူ Aemma Arryn နဲ့ အမျိူးတော်နေတာကြောင့် Rhaenyra ကို ထောက်ခံခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ Rhaenyra ဟာ House Arryn ရဲ့ စစ်တပ်ကို အသုံးပြုဖို့အတွက် အလဲအလှယ်အနေနဲ့ Vale ကို ကာကွယ်ဖို့ နဂါးစီးနင်းသူတွေကို ပို့ပေးခဲ့ရပါတယ်။

ဒါ့အပြင် Jacaerys ဟာ Cregan Stark ရဲ့ ထောက်ခံမှုကို ရရှိခဲ့ရုံတင်မကဘဲ အတူတူအမဲလိုက်၊ သောက်စားပြီး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့သလို သွေးသောက်ညီအစ်ကိုအဖြစ်ပါ သတ်မှတ်ခဲ့ပါသေးတယ်။ ဒါတင်မကသေးဘဲ Jacaerys ဟာ Cregan ရဲ့ တရားမဝင်ညီမ ဖြစ်တဲ့ Sara Snow နဲ့ပါ အိပ်ခဲ့တယ်ဆိုတဲ့ ကောလာဟလတွေပါ ထွက်ခဲ့ပါသေးတယ်။ Jacaerys ဟာ Winterfell ကနေ ထွက်မလာခင်မှာတော့ သူမွေးဖွားမယ့် ပထမဆုံးသမီးနဲ့ Cregan ရဲ့ သားဖြစ်သူ Rickon နဲ့ လက်ထပ်ဖို့ပါ စီစဉ်ခဲ့ပါသေးတယ်။

Vermithor

photo via screenrant

Rhaenyra ဟာ ဒဏ်ရာကနေ အနည်းငယ် သက်သာလာတဲ့ Lord Corlys နဲ့ ဗျူဟာတွေ ချမှတ်နေချိန်မှာ Daemon ကတော့ စီးနင်းသူမရှိသေးတဲ့ Vermithor ကို သိမ်းသွင်းဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ Rhaenyra တို့ဟာ Alicent တို့ထက် နဂါးတွေ ပိုရှိပေမယ့်လည်း စီးနင်းသူတွေ လိုအပ်နေပါသေးတယ်။ ဒါကြောင့်ပဲ Daemon ဟာ သူ့သမီးဖြစ်တဲ့ Rhaena အတွက် Vermithor ကို သိမ်းသွင်းနေတာ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ဒီဇာတ်ဝင်ခန်းဟာ Sowing of the Seed ဆိုတဲ့ အဖြစ်အပျက်ကိုလည်း Setup လုပ်သွားပါတယ်။ အဲဒါကတော့ Rhaenyra တို့ဟာ Targaryen တွေနဲ့ Velaryon တွေရဲ့ တရားမဝင်သားသမီးတွေကို ရှာဖွေပြီး နဂါးတွေကို သိမ်းသွင်းစေခဲ့တာ ဖြစ်ပါတယ်။ အဲဒီတရားမဝင်သားသမီးတွေထဲက အချို့ကတော့ နဂါးတွေကို တကယ်သိမ်းသွင်းနိုင်ခဲ့ပြီး Dance of the Dragons အဖြစ်အပျက်ထဲမှာ အရေးပါလာမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular