HomeCelebs Update NewsInternationalAmber Heard နဲ့ရှိစဉ်က ရန်ပွဲတွေကလွတ်မြောက်ဖို့ အရက်တွေပိုသောက်ဖြစ်ကြောင်း ဝန်ခံလာတဲ့ Johnny Depp

Amber Heard နဲ့ရှိစဉ်က ရန်ပွဲတွေကလွတ်မြောက်ဖို့ အရက်တွေပိုသောက်ဖြစ်ကြောင်း ဝန်ခံလာတဲ့ Johnny Depp

Johnny Depp ဟာ ဇနီးဟောင်း Amber Heard အပေါ် စွဲဆိုထားတဲ့ အသေရဖျက်မှုရဲ့ ဒုတိယမြောက်နေ့ ကြားနာမှုမှာတော့ ဇနီးဟောင်းဖြစ်သူရဲ့ စကားလုံးနဲ့ တိုက်ခိုက်မှုတွေကနေ ထွက်ပေါက်ရှာဖို့ အရက်နဲ့ မူးယစ်ဆေးဝါးတွေကို သုံးစွဲခဲ့ရတယ်လို့ ဝန်ခံပြောကြားလာပါတယ်။

နာမည်ကျော် မင်းသားကြီး Johnny Depp ကတော့ သူ့ရဲ့ ဒုတိယမြောက်နေ့ တရားရုံး ကြားနာမှုမှာ ဇနီးဟောင်းဖြစ်သူ Amber Heard နဲ့ အိမ်ထောင်ရေးဟာ ကြမ်းတမ်း ခက်ထန်လွန်းခဲ့တဲ့အတွက် တရားမဝင် မူးယစ်ဆေးတွေကို သုံးစွဲမိစေခဲ့တယ်လို့ ထွက်ဆိုလာပါတယ်။ ဒီထွက်ဆိုမှုကိုတော့ ပြီးခဲ့တဲ့ ဧပြီလ(၂၀)ရက် ဗုဒ္ဓဟူးနေ့ ကြားနာမှုမှာ Johnny က ထွက်ဆိုသွားတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ အမြဲတစေ ဖြစ်ပွားနေတဲ့ ရန်ပွဲတွေဟာ သူငယ်စဉ် ကလေးဘဝမှာ မိဘဖြစ်သူတွေဆီက abuse လုပ်ခံခဲ့ရတဲ့ မှတ်ဉာဏ်တွေကို နှိုးဆွပေးသလို ဖြစ်နေတာကြောင့် ဒါတွေကို ဖြတ်ကျော်ဖို့အတွက် အရက်နဲ့ မူးယစ်ဆေးကို မှီခိုခဲ့ရတယ်လို့ Johnny က ဆိုပါတယ်။

Photo: dailyfannofficial/ Instagram

“ကျွန်တော့်ရဲ့ တရားမဝင် မူးယစ်ဆေးသုံးစွဲမှု၊ ဒါမှမဟုတ် အရက်သောက်သုံးမှုတွေဟာ ငယ်စဉ်ကလေးဘဝတုန်းက အမေဖြစ်သူဆီက အငုံ့စိတ်နဲ့ စိတ်ဒဏ်ရာတွေကို ရရှိခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ နာကျင်မှုတွေကို မမြင်ချင်၊ မကြားချင်လို့ ရှောင်ဖယ်ခြင်းတစ်ခုသာ ဖြစ်ပါတယ်။ အဲဒီတော့ ဟုတ်ပါတယ်။ အမြဲတမ်း ရန်ပွဲတွေ ဖြစ်နေတဲ့အတွက် ကျွန်တော်ဟာ စိတ်ကို မူးယစ် ထုံထိုင်းစေမယ့် အရာတွေကို သုံးစွဲဖို့ မစ္စ Heard ကြောင့်ပဲ ပိုပြီးလှုံ့ဆော်မှု ဖြစ်စေခဲ့ပါတယ် …” လို့ Johnny က ဆိုပါတယ်။

ဆက်လက်ပြီး “အဲဒီစကားလုံးတွေနဲ့ တိုက်ခိုက်မှုကနေ ကျွန်တော့်ကိုယ် ကျွန်တော်ရော၊ ကျွန်တော့်ရဲ့နှလုံးသားကိုပါ ခပ်ခွာခွာထားဖို့အတွက် တစုံတခု လိုအပ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ပင်ကိုပုံစံကို ထိန်းသိမ်းပေးနိုင်မယ့် အရာတစ်ခု မဖြစ်မနေ လိုအပ်ခဲ့ပါတယ်။ အကြောင်းကတော့ အခြေအနေတွေကို မလိုအပ်ဘဲ ဆိုးရွားသွားအောင်လုပ်ဖို့ ကျွန်တော့်မှာ အစီအစဉ် မရှိခဲ့ပါဘူး။ အဲဒီတော့ ကိုယ့်တိုက်ပွဲကို ကိုယ်ရွေးချယ်လိုက်တဲ့ သဘောပါပဲ။ သူ့ရဲ့ ထိန်းချုပ်မှုအောက်ကနေ မလွတ်မြောက်နိုင်ခဲ့ရင် သူစိတ်ကျေနပ်အောင် နေပေးလိုက်တာကပဲ အကောင်းဆုံး လမ်းကြောင်းတစ်ခု ဖြစ်နေခဲ့တဲ့ သဘောပါပဲ … ” လို့ Johnny က ထွက်ဆိုခဲ့ပါတယ်။

Photo: zorinstv/ Instagram

ဒါတင်မက “Amber ဟာ ကျွန်တော့်ကို အရက်ဆက်မသောက်တော့ဖို့အတွက် တော်တော်လေး ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခဲ့ပါတယ် … ” လို့ Johnny က ပြောထားပါသေးတယ်။

Johnny ရဲ့အဆိုအရ သူဟာ ဇနီးဖြစ်သူရဲ့ အမိန့်အရ အရက်ဖြတ်လိုက်သေးတယ်လို့ ဆိုထားပြီး Amber ကတော့ အရက်မဖြတ်ဘဲ ဆက်သောက်နေခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ တစ်ညမှာ စားသောက်ဆိုင်တစ်ခုမှာ နှစ်ယောက်သား ရန်ဖြစ်ကြပြီးတဲ့အခါ Amber ကိုလည်း သူနဲ့အတူတူ အရက်ဖြတ်ဖို့ စည်းရုံးခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်လည်း Amber ဘက်ကတော့ ဒီစည်းရုံးမှုကို လက်မခံခဲ့ဘဲ “သူမမှာ ပြဿနာမရှိတဲ့အတွက် မဖြတ်ဘူး …” လို့ ဆိုခဲ့ကြောင်း ပြောပါတယ်။

Photo: yahoosg/ Instagram

ဒါ့အပြင် Johnny ဟာ သူ့ရဲ့ဇနီးဟောင်းကို မူးယစ်ဆေး သုံးစွဲတယ်လို့လည်း စွပ်စွဲထားပါသေးတယ်။ Amber ဟာ သူ့မျက်စိရှေ့မှာတင် အကြိမ်ပေါင်းများစွာ မူးယစ်ဆေး သုံးစွဲခဲ့ကြောင်း ဆိုထားပြီး သူမဟာ MDMA လို့ခေါ်တဲ့ မူးယစ်ဆေးတစ်မျိုးကို နှစ်သက်စွဲလန်းနေတယ်လို့လည်း ဆိုပါတယ်။ ဒါတင်မက စိတ်ကို ဖောက်ပြန် ပြောင်းလဲစေတဲ့ မူးယစ်ဆေးတွေကို တစ်နှစ်တာ အချိန်အတွင်းမှာ အကြိမ်နှစ်ဆယ်ထက်မနည်း သုံးစွဲခဲ့တယ်လို့လည်း Johnny က စွပ်စွဲထားပါတယ်။

အရက်၊ မူးယစ်ဆေးဝါးတွေအပြင် Amber ဘက်က စွပ်စွဲထားတဲ့ အနိုင်ကျင့် နှိပ်စက်မှုကိုလည်း Johnny ဘက်က ငြင်းပယ်ထားပါတယ်။ Johnny ရဲ့ ထွက်ဆိုချက်အရ သူ့ဘဝမှာ ဘယ်မိန်းမကိုမှ မရိုက်နှက်ခဲ့ဖူးကြောင်း ဆိုထားပါတယ်။ Johnny နဲ့ Amber တို့ဟာ ယခုလက်ရှိမှာတော့ ဒေါ်လာသန်း(၅၀)တန် အသရေဖျက်မှုနဲ့ တရားရုံးမှာ တရားရင်ဆိုင်နေကြတာ ဖြစ်ပါတယ်။ ဒီအမှုကိုတော့ Johnny ဘက်က စွဲဆိုထားတာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ Amber Heard က The Washington Post သတင်းစာမှာ ရေးသားခဲ့တဲ့ ဆောင်းပါးတစ်စောင်ကို အခြေပြုပြီး စွဲဆိုထားတာ ဖြစ်ပါတယ်။ သို့သော်လည်း Amber Heard ကတော့ အဆိုပါ ဆောင်းပါးထဲမှာ မည်သူမည်ဝါလို့ အမည်တပ်ပြီး ရေးသားထားခြင်း မရှိခဲ့ပါဘူး။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular