HomeCelebs Update NewsInternationalပရိသတ်တွေကြားမှာ ဟော့နေတဲ့ Kim ရဲ့ Credit Card ပုံ Balenciaga နားကပ်

ပရိသတ်တွေကြားမှာ ဟော့နေတဲ့ Kim ရဲ့ Credit Card ပုံ Balenciaga နားကပ်

ဖက်ရှင်ဒီဇိုင်းတွေနဲ့ ပတ်သက်ရင် အမြဲတမ်း ခေတ်ရှေ့ပြေးပြီး အဆန်းထွင်တတ်တဲ့ Kim Kardashian ဟာ ယခုလည်း သူမရဲ့နားကပ်ဒီဇိုင်းကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားနေပြန်ပါပြီ။ အဲဒါကတော့ မကြာခင်ရက်ပိုင်းက သူမ ဝတ်ဆင်ခဲ့တဲ့ Balenciaga နားကပ်ကြောင့်ပဲ ဖြစ်ပါတယ်။

Kim Kardashian ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၀)ရက်နေ့တုန်းက Good Morning America Show ကို ဧည့်သည်အဖြစ် ပါဝင်ခဲ့ရာမှာ ဒီနားကပ်ကို ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ Kim ဟာ လက်ရှိ Hulu မှာ ထုတ်လွှင့်ပြသနေတဲ့ သူမတို့မိသားစုရဲ့ reality show The Kardashians ကို ပရိုမုတ်လုပ်ဖို့အတွက် ဒီပွဲကို တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo: GMA/ Twitter

အဆိုပါအင်တာဗျူးမှာတော့ သူမ ပြောကြားသွားတဲ့ အကြောင်းအရာထက် သူမ ဝတ်ဆင်လာတဲ့ နားကပ်က ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ပိုပြီးရရှိခဲ့ပါတယ်။ Kim ဝတ်ဆင်ခဲ့တဲ့ နားကပ်ကတော့ Balenciaga brand က ထုတ်ထားတဲ့ (၄၂၅)ဒေါ်လာတန် နားကပ်ပဲ ဖြစ်ပြီး ဒီဇိုင်းကတော့ Credit Card ပုံစံ ဖြစ်ပါတယ်။

သူမရဲ့ နားကပ်နဲ့ ပတ်သက်ပြီး တွစ်တာပေါ်မှာတော့ ဟိုးလေးတကျော် troll နေကြတာကိုလည်း တွေ့ရပါတယ်။ Kim ဟာ ဖက်ရှင်မှာ အဆန်းတွေထွင်ရင်း အခုတော့ Credit Card ကိုတောင် နားကပ်လုပ်ဝတ်နေပြီလားလို့ မေးခွန်းထုတ်နေကြတာ တွေ့ရသလို တချို့ကတော့ ကိုဗစ်ရောဂါ နောက်ပိုင်းမှာ ထိတွေ့မှုမလိုတဲ့ ငွေပေးချေမှုတွေ ခေတ်စားလာတာကြောင့် ပိုက်ဆံရှင်းရင် အဆင်သင့်အောင် နားမှာဆွဲထားတာလားလို့ နောက်ပြောင်နေကြပါတယ်။

Photo Credit: MediaPunch/ Shutterstock

ဒါ့အပြင် တချို့ကလည်း ကတ်နဲ့ ပိုက်ဆံရှင်းခါနီးကျရင် နားနဲ့ကပ်ပြီး ပေးတာလားလို့ပါ နောက်ပြောင်နေကြပါသေးတယ်။ တချို့ကတော့ အဆန်းထွင်ထားပေမယ့် ဘာမှမလှပဘဲ အယုတ်ဆိုးတဲ့ နားကပ်တွေသာ ဖြစ်တယ်လို့ ဝေဖန်နေကြတာလည်း ရှိပါတယ်။

Kim ကတော့ အဲဒီနေ့က Good Morning America ပွဲကို တက်ရောက်ရာမှာ အနက်ရောင် turtle-neck ဆွယ်တာလက်ရှည်ကို ဝတ်ဆင်ထားပြီး shoe နဲ့ pants ကို တဆက်တည်း လုပ်ထားတဲ့ ကျားသစ်ကွက် Balenciaga ကိုယ်ကျပ်ကိုလည်း ဝတ်ဆင်ထားပါသေးတယ်။ သူမရဲ့ ဝတ်စားဆင်ယင်မှုနဲ့ နေထိုင်မှုတွေအပေါ် လူထုက မျက်စိဒေါက်ထောက်ကြည့်ပြီး ဝေဖန်ကြတဲ့အပေါ်မှာတော့ သူမ ဘယ်လိုရင်ဆိုင်ဖြတ်သန်းတယ်ဆိုတာကို အဆိုပါ အင်တာဗျူးမှာ ပြောသွားပါတယ်။

“ဒါတွေအားလုံးက ဆူညံသံတွေ သပ်သပ်ပဲဆိုတာကို မြင်လာနိုင်တဲ့ level တစ်ခုကို ရောက်လာတော့ ပိုပြီးရင်ဆိုင်ရတာ အဆင်ပြေသွားပါတယ်။ ပြီးတော့ ကျွန်မတို့မိသားစုမှာ အချင်းချင်း ရိုင်းပင်းကူညီတဲ့ စနစ်တစ်ခုလည်း ရှိတယ်လေ။ ကျွန်မမိသားစုသာ မရှိရင် ကျွန်မလည်း ဒါ‌တွေ ဆက်လုပ်နိုင်မှာ မဟုတ်ပါဘူး။ သိတယ်မှတ်လား။ ဘာတွေက အစစ်အမှန်လည်း၊ ဘာတွေက တကယ်ဖြစ်ပျက်နေတာလည်းဆိုတာ တို့တွေ သိကြတာပဲ။ အရေးမကြီးတာတွေ ထားလိုက်ပါဆိုတာမျိုးနဲ့ပဲ နေကြတာပေါ့ …” လို့ Kim က ပြောသွားပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular