HomeEntertainmentFilmMission: Impossible ရုပ်ရှင်တွေထဲက အန္တရာယ်အများဆုံး စတန့်များ

Mission: Impossible ရုပ်ရှင်တွေထဲက အန္တရာယ်အများဆုံး စတန့်များ

Mission: Impossible Franchise ကတော့ လူအများစု ကြိုက်နှစ်သက်ကြတဲ့ Franchise တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွေထဲမှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလှည့်ကွက်တွေ၊ အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ရင်သပ်ရှုမောဖွယ်ရာ စတန့်တွေလည်း ပါဝင်နေပါတယ်။ မင်းသားကြီး Tom Cruise ကတော့ ဒီလိုအန္တရာယ်များတဲ့ စတန့်တွေအားလုံးကို လူစားမထိုးဘဲ ကိုယ်တိုင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Mission: Impossible ရုပ်ရှင်တွေထဲက အန္တရာယ်အများဆုံးစတန့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Mission: Impossible – ငါးကန်ပေါက်ကွဲခြင်း

photo via screenrant

ယခုခေတ်မှာတော့ Mission: Impossible Franchise ရဲ့ အဓိကနာမည်ကြီးတဲ့ အချက်ဟာ တစ်ကားထက်တစ်ကား ပိုမိုအန္တရာယ်များတဲ့ စတန့်တွေကို မြင်တွေ့ရတာကြောင့် ဖြစ်ပါတယ်။ အစတုန်းကတော့ Mission Impossible ဇာတ်လမ်းရဲ့ အထင်ကရအချက်ဟာ စတန့်တွေ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပထမဆုံးရုပ်ရှင်မှာကတည်းက အန္တရာယ်များတဲ့ စတန့်တွေ ပါဝင်ခဲ့ပါတယ်။

ဇာတ်လမ်းရဲ့ တစ်ဝက်လောက် အရောက်မှာတော့ ကြီးမားလွန်းတဲ့ ငါးကန်ကြီး ပေါက်ကွဲတဲ့ ဇာတ်ဝင်ခန်း ပါဝင်ခဲ့ပြီး ထွက်ကျလာတဲ့ ရေတွေဟာ အလွန်များတာကြောင့် ဒါရိုက်တာ James Cameron တောင် အံ့ဩခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Tom Cruise ကိုယ်တိုင်ကလည်း ဒီစတန့်ဟာ သေချာပြင်ဆင်ထားမှု မရှိဘဲ လုပ်ခဲ့တာကြောင့် တကယ်ရိုက်ကူးတဲ့ အချိန်မှာ ချီတုံချတုံ ဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါသေးတယ်။

Mission: Impossible 2 – ဓားဖြင့် တိုက်ခိုက်ခြင်း

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ ကျောက်တောင်ပေါ်ကို တက်တာတို့၊ အရှိန်ပြင်းပြင်းနဲ့ ဆိုင်ကယ်မောင်းတဲ့ ဇာတ်ဝင်ခန်းတို့ ပါဝင်ခဲ့ပေမယ့်လည်း Tom Cruise ရဲ့ မျက်လုံးကို ဓားနဲ့ထိုးမိခါနီးဖြစ်တဲ့ ဇာတ်ဝင်ခန်းကတော့ ပိုပြီးရင်ခုန်စရာကောင်းခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းဟာ စက္ကန့်အနည်းငယ်လောက်ပဲ ဖြစ်ပေမယ့်လည်း ဓားနဲ့ Tom Cruise ရဲ့ မျက်လုံးဟာ စင်တီမီတာတစ်ခုစာလောက်ပဲ လိုတော့တာကြောင့် အတော်လေး စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပါတယ်။

Mission: Impossible III – ဒုံးကျည်ဖြင့် ပစ်ခံရခြင်း

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ ယခုနောက်ပိုင်း ထွက်ထားတဲ့ Mission: Impossible ဇာတ်လမ်းတွေလို အသက်အန္တရာယ် ရှိလောက်တဲ့ စတန့်တွေတော့ မပါဝင်ပေမယ့်လည်း အခန့်မသင့်ရင် Tom Cruise ကို ဒဏ်ရာကြီးကြီးမားမား ရရှိသွားစေနိုင်တဲ့ စတန့်တစ်ခုတော့ ပါဝင်ခဲ့ပါတယ်။ အဲဒါကတော့ Tom Cruise ဟာ တံတားပေါ်ကို ရောက်နေတဲ့အချိန်မှာ လေယာဉ်ကနေ ဒုံးကျည်နဲ့ လှမ်းပစ်လိုက်တဲ့အခန်းပဲ ဖြစ်ပါတယ်။ Tom Cruise ဟာ ပေါက်ကွဲမှုရဲ့ အရှိန်ကြောင့် လွင့်ထွက်သွားကာ ဘေးနားမှာရှိတဲ့ ကားနဲ့လည်း တိုက်မိသွားပါသေးတယ်။

Mission: Impossible 4 – Burj Khalifa မိုးမျှော်တိုက်ပေါ် တက်ခြင်း

photo via screenrant

ဒီရုပ်ရှင်ကတော့ Mission: Impossible ရဲ့ အသက်အန္တရာယ်ရှိတဲ့ စတန့်တွေ ပါဝင်ခဲ့တဲ့ ပထမဆုံးရုပ်ရှင် ဖြစ်ပါတယ်။ သာမန်စတန့်တွေများစွာလည်း ပါဝင်ခဲ့ပေမယ့် ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ဖြစ်တဲ့ Burj Khalifa ကို တက်တဲ့ ဇာတ်ဝင်ခန်းကတော့ တကယ်ကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခဲ့ရတဲ့ ဇာတ်ဝင်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ Tom Cruise တစ်ယောက်တည်းတင် မဟုတ်ဘဲ ဒီဇာတ်ဝင်ခန်းထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်အားလုံးဟာ ကိုယ်တိုင်သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

Mission: Impossible – Rogue Nation – ရေအောက်ထဲကို ဒိုင်ဗင်ထိုးခြင်း

photo via screenrant

ဒီရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Tom Cruise ဟာ ရေအောက်ထဲမှာရှိတဲ့ နည်းပညာမြင့် Security System ထဲကို ဒိုင်ဗင်ထိုးချကာ Computer Chip တစ်ခုကို လဲလှယ်ဖို့ ကြိုးစားခဲ့ပါတယ်။ Tom Cruise ကတော့ ဒီစတန့်ကို ပြုလုပ်ဖို့အတွက် (၆)လအချိန်ပေး လေ့ကျင့်ခဲ့ရပြီး ဒီဇာတ်ဝင်ခန်းတစ်ခုတည်းကို နှစ်ပတ်တိတိ ကြာအောင် ရိုက်ကူးခဲ့ရပါတယ်။ Tom Cruise ဟာ ဒီစတန့်အတွက် လေ့ကျင့်နေရင်း (၆)မိနစ်ကြာအောင် အသက်အောင့်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပိုပြီးအံ့ဩစရာကောင်းတာကတော့ Tom Cruise ဒိုင်ဗင်ထိုးချခဲ့တဲ့ အမြင့်ဟာ ပေ(၁၂၀)နီးပါး မြင့်မားပါတယ်။

Mission: Impossible – Fallout – အဆောက်အဦး တစ်ခုကနေ တစ်ခုကို ခုန်ကူးခြင်း

photo via screenrant

နောက်ဆုံးထွက်ထားတဲ့ ရုပ်ရှင်ထဲမှာတော့ အန္တရာယ်များလွန်းတဲ့ စတန့်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီလိုစတန့်တွေကြောင့်ပဲ ပရိသတ်တွေဟာ (၂)နာရီခွဲလောက်ကို ထိုင်ရာက မထနိုင်ဘဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခဲ့ရပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Tom Cruise ဟာ အဆောက်အဦးတွေ တစ်ခုကနေ တစ်ခုကို ခုန်ကူးတဲ့ ဇာတ်ဝင်ခန်း ပါဝင်ခဲ့ပါတယ်။ ဒီလိုခုန်ကူးခဲ့ရင်း တစ်ဖက်မှာရှိတဲ့ အဆောက်အဦးနဲ့ ရိုက်မိသွားခဲ့တာကိုလည်း မှတ်မိကြမယ် ထင်ပါတယ်။ ဒီစတန့်ကို ပြုလုပ်တဲ့ အချိန်မှာတော့ Tom Cruise ဟာ အပြင်းအထန် ဒဏ်ရာရရှိသွားပြီး ရိုက်ကူးရေးကို (၆)လလောက် ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။

ဒါကတော့ Mission: Impossible ရုပ်ရှင်ဇာတ်ကားတွေထဲမှာ မင်းသားကြီး Tom Cruise ပြုလုပ်ခဲ့ဖူးတဲ့ အန္တရာယ်အများဆုံး ဇာတ်ဝင်ခန်းတွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular