HomeAnimeသင်သိလိုက်ရင် လုံးဝကို အံ့ဩသွားမယ့် Naruto ဇာတ်လမ်းနောက်ကွယ်က အကြောင်းများ

သင်သိလိုက်ရင် လုံးဝကို အံ့ဩသွားမယ့် Naruto ဇာတ်လမ်းနောက်ကွယ်က အကြောင်းများ

Kishimoto က Naruto ကို စတင်ဖန်တီးတုန်းက ကျွန်တော်တို့အခုသိတဲ့ Naruto လိုမျိုး မဟုတ်ပါဘူး။ သူပထမက စဉ်းစားခဲ့တာတွေနဲ့ တကယ်ဖြစ်လာတာတွေဟာလည်း တစ်ထပ်တည်းမကျခဲ့ပါဘူး။ အဲ့ဒါကြောင့် Naruto ဇာတ်လမ်းတွဲ နောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Naruto ရဲ့မူလဇာတ်လမ်းဟာ ရာမန်ဆိုင်က စားဖိုမှူးနဲ့လက်ထောက်တို့ရဲ့ ဒရာမာဇာတ်လမ်းပါ။
photo via screenrant

ဂျပန်မီဒီယာတွေနဲ့ ပထမဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးတွေမှာ Naruto ရဲ့ ဖန်တီးသူ Kishimoto ရဲ့ ပြောကြားချက်တွေအရ မူလက shonen manga ရေးဖို့ အစီအစဉ်မရှိခဲ့ပါဘူးလို့ ဆိုပါတယ်။ shonen ဆိုတာကတော့ အသက်(၁၅)နှစ်အောက် လူငယ်ကောင်လေးကို ဇာတ်လိုက်အဖြစ် ရေးသားထားတဲ့ အက်ရှင်၊စွန့်စားခန်း အမျိုးအစားကို ခေါ်ဆိုတာပါ။

Kishimoto ရဲ့ မူလ Naruto ဇာတ်လမ်းထဲမှာ နင်ဂျာတွေကို ထည့်သွင်းဖို့ လုံးဝအစီအစဉ် မရှိခဲ့ပါဘူး။ ဒါ့အပြင် Naruto ဇာတ်ကောင်ကိုလည်း စားဖိုမှူးတစ်ယောက်ရဲ့ အလုပ်သင်နေရာမှာ ထည့်သွင်းဖို့ စီစဉ်ထားခဲ့တာပါ။ မူလ Naruto ဇာတ်လမ်းကတော့ စားဖိုမှူးနဲ့ အလုပ်သင်လေးတို့ အခက်အခဲတွေကို တဖြည်းဖြည်း ကျော်လွှားပြီး ရာမန်ဆိုင်လေးမှာ နှစ်ယောက်အတူ အလုပ်လုပ်ဖို့အတွက် သင်ယူကြပုံကို ရေးဆွဲမယ်လို့ စဉ်းစားထားတာပါ။ စီစဉ်ထားသလို ဖြစ်မလာပေမယ့်လည်း Naruto က ရာမန်ကို အရမ်းကြိုက်တယ်ဆိုတဲ့ အချက်ကတော့ အခုချိန်ထိ ကျန်နေခဲ့ပါတယ်။

ဖန်တီးသူ Kishimoto ကို ပဟေဠိဖြစ်စေခဲ့တဲ့ Naruto ရဲ့မိဘများ
photo via screenrant

Kishimoto ဟာ မူလဇာတ်လမ်းပုံစံတွေကို ဘေးဖယ်ထားပြီး နင်ဂျာရွာတွေနဲ့ အက်ရှင်ပုံစံဇာတ်လမ်းကို စတင်အကောင်အထည် ဖော်တဲ့အထိ Naruto ရဲ့မိဘတွေက ဘယ်သူတွေဖြစ်မယ်ဆိုတာကို စဉ်းစားလို့ မရသေးပါဘူး။ ဒါကြောင့်ပဲ Naruto ဇာတ်လမ်းကို စတင်တဲ့အချိန်မှာ သူ့ရဲ့မိဘတွေက ဟိုးအရင်တည်းက သေဆုံးသွားကြတဲ့ပုံစံနဲ့ စတင်ရေးဆွဲထားတာ ဖြစ်ပါတယ်။

Naruto ဟာ သူ့ကိုယ်ထဲမှာ သူ မထိန်းချုပ်နိုင်တဲ့ အမြီးကိုးချောင်းမြေခွေး ရှိနေတာကြောင့် ငယ်ဘဝမှာ လူတကာအနိုင်ကျင့်တာကို ခံခဲ့ရပါတယ်။ ရွာသားတွေက မကောင်းဆိုးဝါးဆိုတဲ့ အကြည့်တွေနဲ့ ဆက်ဆံကြတာကို ခံခဲ့ရပါတယ်။ သူ့မိဘတွေနဲ့ ပတ်သက်လို့ Naruto သိတာကတော့ သူ့အမေမှာလည်း သူ့လိုမျိုးပဲ ကိုးမြီးမြေခွေးကို ခန္ဓာကိုယ်ထဲ ချိတ်ပိတ်ထားခဲ့ပြီး သူ့ရဲ့ကိုယ်ထဲကိုလည်း အလားတူပဲ သူ့မိဘတွေက ချိတ်ပိတ်ထားပေးခဲ့တယ်ဆိုတာပါပဲ။

မိဘတွေရဲ့နောက်ကြောင်းကိုတော့ နောက်ပိုင်းထွက်ရှိလာတဲ့ manga တွေထဲမှာမှ Kishimoto က ထည့်သွင်းဖော်ပြခဲ့ပြီး စတုတ္ထမြောက် Hokage ကို Naruto ရဲ့အဖေအဖြစ် ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Hinata ကို နင်ဂျာအဖြစ် ထည့်သွင်းဖို့ လုံးဝကို အစီအစဉ် မရှိခဲ့ပါဘူး။
photo via wikipedia

ဇာတ်လမ်းအစမှာ Hinata ဟာ နင်ဂျာအကယ်ဒမီမှာ တက်နေတဲ့ ကျောင်းသူလေးတစ်ယောက် ဖြစ်ပြီးတော့ Naruto ကို တစ်ဖက်သတ် ကြိတ်ကြိုက်နေတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပါတယ်။ အစပိုင်းမှာ Naruto ကိုတွေ့ရင်ရှက်ကိုးရှက်ကန်းနဲ့ ကို့ယို့ကားယားနိုင်တဲ့ ကောင်မလေးဖြစ်ခဲ့ပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ Naruto ရဲ့ သစ္စာအရှိဆုံး သူငယ်ချင်းတွေထဲကတစ်ယောက် ဖြစ်လာပြီး သန်မာတဲ့ နင်ဂျာတစ်ယောက် ဖြစ်လာပါတယ်။

Kishimoto ရဲ့ မူလဇာတ်လမ်းမှာ Hinata ကို နင်ဂျာအဖြစ် ရေးဆွဲဖို့ အစီအစဉ်လုံးဝမရှိခဲ့ပါဘူး။ သူ့ရဲ့မူလဇာတ်လမ်းမှာ Hinata ကို ဖက်ရှင်ကျကျ ဝတ်တတ်တဲ့ ကိုနိုဟာရွာက သာမန်ရွာသူလေးတစ်ယောက်အနေနဲ့ပဲ ရေးဆွဲဖို့ စိတ်ကူးခဲ့တာပါ။ Kishimoto ဟာ သူပထမဆုံးရေးဆွဲခဲ့တဲ့ Hinata ရဲ့ပုံကြမ်းကိုတောင် ပြခဲ့ဖူးပါတယ်။ အပေါ်မှာ ပြထားတဲ့ပုံဟာ Hinata ဇာတ်ကောင်ရဲ့ ပထမဆုံးပုံကြမ်း ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ Kishimoto ဟာ စိတ်ပြောင်းသွားခဲ့ပြီး Hinata ကို နာမည်ကြီး clan တစ်ခုရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် ပြောင်းလဲရေးဆွဲခဲ့ပါတယ်။

Naruto ရဲ့ဖန်တီးသူနဲ့ One Piece ရဲ့ဖန်တီးသူတို့ဟာ ပြိုင်ဘက်တွေပါ။
photo via screenrant

၂၀၁၅ခုနှစ်က နယူးယော့ခ်မြို့မှာလုပ်တဲ့ comic con ပြပွဲကို Kishimoto သွားရောက်ခဲ့တဲ့အချိန်တုန်းက One Piece ရဲ့ဖန်တီးသူဖြစ်တဲ့ Eiichiro Oda ကို ပြိုင်ဘက်အဖြစ် သတ်မှတ်ထားတာပါလို့ သူကိုယ်တိုင်ပဲ ထုတ်ပြောခဲ့ဖူးပါတယ်။

အာဂဖန်တီးရှင်နှစ်ယောက်ဟာ အသက်အရွယ်အရလည်း ရွယ်တူတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ Oda ကတော့ manga  လောကမှာ Kishimoto ထက် အရင်အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ One Piece ရဲ့အောင်မြင်မှုဟာ Naruto အတွက် လမ်းဖောက်ပေးသလို ဖြစ်ခဲ့တာကြောင့် ဒါနဲ့ပတ်သက်ပြီးတော့လည်း Kishimoto က ကျေးဇူးတင်ရှိတယ်လို့ ပြောဖူးပါတယ်။

Kishimoto ဟာ Oda ကို အားကျပြီးတော့ သူ့လိုဖြစ်ချင်ရုံတင် မဟုတ်ဘဲ သူ့ထက်သာပြီး သူ့ကိုကျော်တက်ချင်တာပါလို့ ကြုံးဝါးဖူးပါတယ်။ အဲ့လိုနဲ့ပဲ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်ကြပြီးတော့ အခုလိုမျိူး အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

Boruto ကို စတင်ဖန်တီးတုန်းက Byakugan ကိုပါ ရေးဆွဲခဲ့ပါတယ်။
photo via screenrant

Boruto ဆိုပြီး စထွက်လာတဲ့အချိန်မှာ ပရိသတ်တွေကတော့ Boruto ဟာ သူ့အမေရဲ့ Byakugan ကို အမွေဆက်ခံရမယ်လို့ ထင်ထားခဲ့ကြတာပါ။ ဒီဇာတ်လမ်းကို အစောပိုင်း ပရိုမိုးရှင်း ဆင်းနေတဲ့အချိန်တုန်းကတောင် Byakugan ကိုထည့်ပြီး ရေးဆွဲခဲ့တာ တွေ့ရပါသေးတယ်။ ဒါပေမဲ့လည်း Boruto စတင်ထွက်လာတဲ့အချိန်မှာတော့ Byakugan ပါမလာခဲ့ပါဘူး။ အကြောင်းကတော့ Kishimoto က ထည့်သွင်းရေးဆွဲဖို့ကို မေ့ခဲ့တာကြောင့် ဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ဒီလိုမျိုး ကာရိုက်တာတစ်ယောက်ရဲ့ အရေးကြီးတဲ့အချက်ကို ထည့်သွင်းဖို့ မေ့ခဲ့ရလား ဆိုပြီး ဝေဖန်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီ့ဝေဖန်မှုတွေကိုတော့ “ငါသာ သုံးကိုယ်လောက် ခွဲလို့ရရင် အဲ့လိုမဖြစ်တော့ဘူးပေါ့…” လို့ Kishimoto က ပြန်အငေါ်တူးခဲ့ပါတယ်။ Boruto ဟာ Byakugan ကို မရခဲ့ပေမယ့်လည်း Jogan ကိုတော့ ရရှိခဲ့ပါတယ်။

Naruto နဲ့ Sasuke တို့ရဲ့ နောက်ဆုံးတိုက်ပွဲဟာ ကြိုတင်စီစဉ်ထားတာပါ။
photo via screenrant

ဒီဇာတ်လမ်းတွဲဟာ (၁၅)နှစ်တောင် ကြာမြင့်ခဲ့တာဖြစ်လို့ စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာတာတွေ အများကြီး ရှိခဲ့ပါတယ်။ စီးရီးအစကနေ နောက်ဆုံးအခန်းအထိ ပြောင်းလဲသွားခဲ့တာတွေ အများအပြား ရှိခဲ့ပေမယ့် လုံးဝမပြောင်းလဲဘဲ စီစဉ်ထားတဲ့အတိုင်း ဖြစ်ခဲ့တာတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ Naruto နဲ့ Sasuke ရဲ့ နောက်ဆုံးတိုက်ပွဲပဲ ဖြစ်ပါတယ်။ Kishimoto ဟာ Naruto စီးရီးကို စတင်ထုတ်လွှင့်ဖို့ ဆွေးနွေးနေတဲ့ အချိန်တည်းက ဒီဇာတ်လမ်းကို သူတို့နှစ်ယောက်ရဲ့ နောက်ဆုံးတိုက်ပွဲနဲ့ပဲ အဆုံးသတ်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ anime ပရိသတ်တွေ နှစ်ပေါင်းများစွာ အသည်းစွဲ နှစ်ခြိုက်ခဲ့ရတဲ့ Naruto ဇာတ်လမ်းတွဲရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာအချက်တွေပါပဲ။ နှစ်သက်တယ်ဆို မိတ်ဆွေတွေလည်း ဖတ်လို့ရအောင် ရှဲပေးသွားပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular