HomeAnimeသင် မသိလောက်သေးတဲ့ Spirited Away ထဲက No Face ရဲ့ စိတ်ဝင်စားစရာအချက်များ

သင် မသိလောက်သေးတဲ့ Spirited Away ထဲက No Face ရဲ့ စိတ်ဝင်စားစရာအချက်များ

No-Face ဟာ နာမည်ကျော် anime ရုပ်ရှင် Spirited Away ထဲက စိတ်ဝင်စားစရာ ဇာတ်ကောင်တစ်ခု ဖြစ်ပါတယ်။ No-Face ဟာ Chihiro နဲ့ စတင်တွေ့ဆုံခဲ့တုန်းက မည်သူတစ်ဦးတစ်ယောက်ကမျှ သတိမပြုမိခဲ့တဲ့ ထုတ်ချင်းဖောက် မြင်ရတဲ့ ဝိဉာဉ်တစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့် ရေချိုးအိမ်မှာ Chihiro အလုပ်ဝင်ပြီးနောက် ထပ်မံ တွေ့ရှိရချိန်မှာတော့ ပုံစံတော်တော်လေး ပြောင်းလဲသွားပါတယ်။ ရှက်ရွံ့တတ်တဲ့ ဝိဉာဉ်တစ်ခုအဖြစ်ကနေ ချွဲကျိကျိနဲ့ သားရဲကြီးတစ်ကောင်အသွင် ပုံစံပြောင်းသွားတာ ဖြစ်ပါတယ်။ No-Face နဲ့ ပတ်သက်လို့ ပရိသတ်တွေ သတိမထားမိလောက်တဲ့ စိတ်ဝင်စားစရာ အချက်တချို့လည်း ရှိနေပါတယ်။

No-Face ဟာ Anti-Villain ဖြစ်ပါတယ်။
©Studio Ghibli

ဒီဇာတ်ကားထဲမှာ No-Face ဟာ ဟီးရိုးလည်း မဟုတ်သလို ဗီလိန်မဟုတ်ပါဘူး။ သူဟာ ဟီးရိုးနဲ့ ဗီလိန်ကြားမှာ ရှိနေတဲ့ ဝိဉာဉ်တစ်ကောင်သာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Chihiro နဲ့လည်း ထူးခြားတဲ့ ပုံစံတစ်မျိုးနဲ့ မိတ်ဆွေဖွဲ့ခဲ့ပါသေးတယ်။ ဆိုးညစ်တဲ့ ဝိဉာဉ်ကို စားသုံးပြီးချိန်မှသာ No-Face ဟာ မိစ္ဆာဆန်လာခဲ့တာ ဖြစ်ပါတယ်။

သူ့မှာ လိင်သတ်မှတ်ချက် မရှိပါဘူး။
©Studio Ghibli

No-Face ကို ပရိသတ်တွေနဲ့ စတင်မိတ်ဆက်ပေးကတည်းက “he” လို့ သုံးနှုန်းခဲ့ပေမယ့် သေသေချာချာ ကြည့်ရှုပြီး ဆုံးဖြတ်မယ်ဆိုရင်တော့ သူ့မှာ လိင်သတ်မှတ်ချက် မရှိတာကို တွေ့ရမှာပါ။ မျက်နှာဖုံးအဖြူနဲ့ မျက်နှာအစစ်ကို ဖုံးကွယ်ထားတဲ့ No-Face မှာ လိင်တစ်ခုခုအဖြစ် သတ်မှတ်ပေးဖို့ရာ သိသာထူးခြားချက် မရှိတာကိုလည်း သတိထားကြည့်ရင် တွေ့ရမှာပါ။ တကယ်တော့ သူဟာ သူ့အတွက် အဖြေကို ရှာဖွေနေတဲ့ ဝိဉာဉ်တစ်ကောင်သာ ဖြစ်ပါတယ်။

သူဟာ ခြေရာတွေ ချန်ခဲ့လေ့ ရှိပါတယ်။
©Studio Ghibli

စေ့စေ့စပ်စပ် ကြည့်ရှုတတ်တဲ့ ပရိသတ်တွေဆိုရင်တော့ No-Face လမ်းလျှောက်တိုင်းမှာ ခြေရာတွေ ကျန်ခဲ့တာကို သတိပြုမိမှာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် No-Face ဟာ သူ့ရဲ့ တည်ရှိမှုကို အခြားသူတွေ သတိပြုမိစေချင်တာလားလို့ မေးစရာ ရှိပါတယ်။ အကြောင်းကတော့ ထုတ်ချင်းဖောက် မြင်နေရတဲ့ ဝိဉာဉ်တစ်ကောင် ဖြစ်တဲ့အားလျော်စွာ သူ ရှိနေတာကို တခြားဝိဉာဉ်တွေဟာ သတိမပြုမိခဲ့ကြလို့ပါပဲ။

ဒီဇာတ်ကားတစ်ခုလုံးဟာ Chihiro ရဲ့ လူသားကမ္ဘာနဲ့ ဝိဉာဉ်လောကရဲ့ မှော်ဆန်မှုတွေ ပေါင်းစပ်မွှေနှောက်ထားတာ ဖြစ်လို့ No-Face ရဲ့ ဒီခြေရာတွေဟာ စိတ်ဝင်စားစရာကောင်းစေပါတယ်။ တကယ်တော့ No-Face ဟာ Chihiro ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲက အပိုင်းအစ မဟုတ်ဘူးဆိုတာ ပရိသတ်တွေကို သက်သေပြချင်လို့ ဒီခြေရာတွေကို ချန်ထားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

သူ့အမည်ဟာ Kaonashi ဖြစ်ပါတယ်။
©Studio Ghibli

ဂျပန်ဘာသာစကားကို မသိသူတွေအတွက်ကတော့ ဒီဝိဉာဉ်ရဲ့ အမည်ဟာ No-Face လို့ပဲ ရိုးရှင်းစွာ သိထားကြမှာပါ။ တကယ်တော့ ဒီဝိဉာဉ်ရဲ့အမည်ကို ဂျပန်လို Kaonashi လို့ ခေါ်ဆိုပါတယ်။ အဓိပ္ပာယ်ကတော့ “မျက်နှာမရှိသူ”လို့ ဖွင့်ဆိုနိုင်ပါတယ်။ Kaonashi ဟာ မျက်နှာဖုံးအဖြူရောင်ကို ဝတ်ဆင်ထားပြီး သူ့မှာ ကိုယ်ပိုင်မျက်နှာရယ်လို့ မရှိသလို သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကိုလည်း စုပ်ယူ၊ စားသုံးတတ်သူ ဖြစ်ပါတယ်။

ဒါ့အပြင် သူ စားသုံးပြီးတဲ့ ဝိဉာဉ်တွေရဲ့ အပြုအမူ၊ အတွေးအခေါ်တွေအတိုင်းလည်း လိုက်လံ ပြောင်းလဲနိုင်ပါသေးတယ်။ No-Face ဟာ မျက်နှာတင် မရှိတာ မဟုတ်ဘဲ ခန္ဓာကိုယ်လည်း မရှိဘူးလို့တောင် ပြောလို့ရပါတယ်။ သူ့ရဲ့  ရှည်မျောမျော ခန္ဓာကိုယ် အမည်းရောင်ကြီးဟာ ဟောင်းလောင်းပေါက်ကြီးနဲ့တောင် တူပါသေးတယ်။

သူ့မှာ တကယ့်ပုံစံအမှန်ရယ်လို့ မရှိပါဘူး။
©Studio Ghibli

Spirited Away ရဲ့ ဖန်တီးသူ Miyazaki ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားချက်အရ No-Face အပါအဝင် ဂျပန်ဝိဉာဉ်တွေဟာ ပုံစံအစစ်အမှန်ရယ်လို့ မရှိဘူးလို့ သိရပါတယ်။ လူမျက်စိနဲ့ မြင်ရတဲ့ သူတို့ရဲ့ ပုံသဏ္ဍာန်တွေဟာ တကယ်တော့ နတ်ဘုရားတွေ၊ ဝိဉာဉ်တွေက အကောင်အထည်အနေနဲ့ ကိုယ်ထင်ပြခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဂျပန်နတ်ဘုရားတွေမှာ တကယ့်ပုံစံ အစစ်အမှန် မရှိပါဘူး။ သူတို့ဟာ ကျောက်တုံးတွေ၊ ကျောက်တိုင်တွေထဲမှာလည်း ရှိနိုင်သလို သစ်ပင်တွေထဲမှာလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ရေချိုးအိမ်ထဲ ဝင်ဖို့ဆိုရင်တော့ ပုံစံတစ်ခု လိုတယ်လေ … ” လို့ Miyazaki က ပြောဖူးပါတယ်။

သူဟာ ဂျပန်သရဲ Noppera-bo ဖြစ်ပါတယ်။
©Studio Ghibli

ဂျပန်ရိုးရာ ပါးစပ်ပုံပြင်တွေထဲမှာ Noppera-bo လို့ခေါ်တဲ့ မျက်နှာမရှိတဲ့ တစ္ဆေတစ်မျိုး ရှိပါတယ်။ အများအားဖြင့် သူတို့ဟာ လူသားတွေကို အန္တရာယ်မပြုသေးခင် အချိန်မျိုးမှာ လူပုံစံမျိုးနဲ့ပဲ ကိုယ်ထင်ပြလေ့ ရှိပါတယ်။ Noppera-bo တွေဟာ လူတွေကို ခြောက်လှန့်ရတာကို နှစ်သက်သူတွေ ဖြစ်ပါတယ်။

Noppera-bo တွေဟာ လူတွေကို သူတို့သိထားတဲ့ လူတစ်ယောက်ပုံစံမျိုးနဲ့ ဟန်ဆောင်ကာ ဆွဲဆောင်တတ်ပြီး တကယ်တမ်းကျတော့မှ မျက်နှာမရှိတဲ့လူအဖြစ် မြင်တွေ့စေပါတယ်။ No-Face ကတော့ ဂျပန်ရိုးရာထဲက Noppera-bo တွေနဲ့ ကွဲပြားမှုတွေ ရှိပါတယ်။ အဲဒါကတော့ Chihiro ကို ခြောက်လှန့်ရမယ့်အစား သူမဆီက ခွင့်ပြုချက်တောင်းတာမျိုး ဖြစ်ပါတယ်။ ဒါကတော့ ဒီရုပ်ရှင်ကို ကြည့်မယ့် ကလေးပရိသတ်တွေအတွက် ကြည့်ရှုရ အဆင်ပြေအောင် ပြောင်းလဲ ပြုပြင်ထားတဲ့ Miyazaki ရဲ့ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။

fan theory ပေါင်းများစွာ ထွက်လာစေတဲ့ ဇာတ်ကောင်တစ်ခုလည်း ဖြစ်ပါတယ်။
©Studio Ghibli

ပရိသတ်တွေဟာ ရုပ်ရှင်ဇာတ်လမ်းတွေ၊ ဇာတ်ကောင်တွေကို တကယ် နှစ်ခြိုက်လာပြီဆိုရင် သူတို့ရဲ့ နောက်ခံဇာတ်ကြောင်းတွေကို တွက်ဆ ခန့်မှန်းပြီး သီအိုရီတွေ ထုတ်ရတာကို နှစ်သက်ကြပါတယ်။ No-Face ဟာလည်း ဒီလိုသီအိုရီတွေ ထုတ်ခံရတဲ့ ဇာတ်ကောင်တစ်ခု ဖြစ်ပါတယ်။

အချို့ပရိသတ်တွေကတော့ No-Face ဟာ ဝိဉာဉ်ကမ္ဘာထဲမှာ ပိတ်မိနေတဲ့ လူသားတစ်ယောက် ဖြစ်တယ်လို့ သီအိုရီထုတ်ထားကြပါတယ်။ စုန်းမကြီး Yubaba က သူ့ရဲ့နာမည်ကို ယူဆောင်သွားတဲ့အတွက် သူ့ရဲ့ လွတ်လပ်ခွင့်ကို ဘယ်တော့မှ ပြန်မရတော့သူ ဖြစ်တယ်လို့ ဒီသီအိုရီက ဆိုပါတယ်။

ဒါ့အပြင် No-Face ဟာ ဂျပန်နိုင်ငံရဲ့ ကြောက်စရာ ကလေးသူငယ် ကျွန်ပြုမှုကို တင်စားဖော်ပြထားတယ်လို့လည်း တခြားသီအိုရီတွေက ဆိုထားပါသေးတယ်။ ဒီသီအိုရီနဲ့ ပတ်သက်ပြီး Miyazaki ဟာ တစုံတရာ ငြင်းဆိုထားခြင်း မရှိဘဲ ဒီရုပ်ရှင်ဟာ ပိုပြီးလေးနက်တဲ့၊ dark ဖြစ်တဲ့ ရည်ရွယ်ချက်တစ်ခုကို တင်စားဖော်ပြထားတယ်လို့ အဓိပ္ပာယ် သက်ရောက်တဲ့ ကြေညာချက်တစ်ခုကိုတောင် ထုတ်ပြန်ထားပါသေးတယ်။

ဒါကတော့ Spirited Away ရုပ်ရှင်ထဲက No-Face ဇာတ်ကောင်နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာအချို့ပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular