HomeEntertainmentFilmShe-Hulk ဇာတ်လမ်းတွဲ အပိုင်း(၇) ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာ အချက်များ

She-Hulk ဇာတ်လမ်းတွဲ အပိုင်း(၇) ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာ အချက်များ

***Spoiler Alert***

မကြာခင်ကပဲ She-Hulk: Attorney at Law ဇာတ်လမ်းတွဲရဲ့ အပိုင်း(၇) ထွက်ရှိလာခဲ့ပြီး ဒီဇာတ်လမ်းတွဲရဲ့ ထုံးစံအတိုင်းပဲ ဒီအပိုင်းထဲမှာလည်း ဇာတ်ကောင်အသစ်တွေ ပါဝင်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ အစပိုင်းမှာ Jennifer Walters ကြောင့် အကျဉ်းထောင်ကနေ လွတ်မြောက်သွားတဲ့ Emil Blonsky ကိုလည်း ပြန်လည်မြင်တွေ့ခဲ့ရပြီး အသစ်ပါဝင်လာတဲ့ ဇာတ်ကောင်တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်တွေ ရှိနေပါသေးတယ်။

(1) Inhibitor

photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ အစမှာတော့ Bruce Banner ဟာ Smart Hulk ပုံစံကနေ လူသားပုံစံကို ပြောင်းလဲဖို့အတွက် Inhibitor လို့ခေါ်တဲ့ စက်ပစ္စည်းတစ်ခုကို တပ်ဆင်ထားတယ်လို့ ပြောသွားခဲ့ပါတယ်။ ယခုအချိန်မှာတော့ အလားတူ စက်ပစ္စည်းတစ်ခုကို Emil Blonsky က ဝတ်ဆင်ထားရပြီး ဒီစက်ပစ္စည်းဟာ သူ့ကို Abomination အဖြစ် မပြောင်းလဲသွားအောင် တားဆီးထားပါတယ်။

ဒီအပိုင်းရဲ့အစမှာတော့ အဲဒီစက်ပစ္စည်းရဲ့ အချက်ပြမှုကြောင့် Jennifer Walters ဟာ ရဲတစ်ယောက်နဲ့အတူ Emil Blonsky ဆီကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Bruce Banner ဟာ Inhibitor ကို ကောင်းကျိုးအတွက် အသုံးပြုခဲ့ပေမယ့်လည်း ကောမစ်ထဲမှာတော့ ဒီစက်ပစ္စည်းကို အသုံးပြုပြီး Mutant တွေကို ကျွန်ပြုခဲ့တာမျိူးတွေလည်း ရှိခဲ့ပါတယ်။ ကောမစ်ထဲမှာတော့ Genosha ဆိုတဲ့ နိုင်ငံရဲ့ အစိုးရဟာ ဒီစက်ပစ္စည်းတွေကို အသုံးပြုပြီး Mutant တွေကို ကျွန်ပြုကာ သူတို့ရဲ့စွမ်းအားတွေကို နိုင်ငံအတွက် အတင်းအကျပ် အသုံးပြုစေခဲ့ပါတယ်။

(2) Man-Bull

photo via screenrant

Emil Blonsky ရဲ့ Inhibitor ဟာ မှားယွင်းပြီး အချက်ပြတာကို သိပြီးသွားတဲ့ နောက်မှာတော့ Jennifer ဟာ အိမ်ပြန်တော့မယ့် အချိန်မှာပဲ ဇာတ်ကောင်အသစ် နှစ်ယောက်ကြောင့် သူမရဲ့ကားဟာ ပျက်စီးသွားခဲ့ပါတယ်။ အဲဒီတစ်ယောက်ကတော့ Man-Bull ပဲ ဖြစ်ပြီး သူဟာ စမ်းသပ်မှု မှားယွင်းသွားတာကြောင့် ဒီလိုမျိူး ဖြစ်သွားတာပါလို့ ပြောခဲ့ပါတယ်။ ကောမစ်ထဲမှာလည်း Man-Bull ဟာ Super-Soldier အဖြစ် ပြောင်းလဲသွားအောင် စမ်းသပ်ခဲ့တဲ့ အချိန်မှာ မှားယွင်းမှုတစ်ခုကြောင့် ယခုလိုပုံစံ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကောမစ်ထဲက Man-Bull ရဲ့ သန္ဓေပြောင်းလဲမှုဟာ မတည်ငြိမ်ဘဲ သူဟာ သာမန်လူပုံစံနဲ့ လူတစ်ဝက် ကျွဲတစ်ဝက်ပုံစံတို့ကို ပြောင်းလဲနေပါတယ်။ ကောမစ်ထဲမှာတော့ Man-Bull ဟာ များသောအားဖြင့် Daredevil ရဲ့ ဗီလိန်အဖြစ် ပါဝင်လေ့ ရှိပါတယ်။

(3) El Aguila

photo via screenrant

Man-Bull နဲ့အတူ မြင်တွေ့ရတဲ့ နောက်ထပ်ဇာတ်ကောင်အသစ် တစ်ယောက်ကတော့ El Aguila ပဲ ဖြစ်ပြီး သူဟာလည်း Mutant တစ်ယောက်ပဲ ဖြစ်ပါတယ်။ El Aguila ကတော့ Bioelectric Blasting Power ကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး သူကြောင့်ပဲ Emil Blonsky ရဲ့ Inhibitor က အချက်ပြသွားတာ ဖြစ်ဖို့များပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကလည်း Kevin Feige ဟာ X-Men တွေ မတိုင်ခင်မှာ လူသိနည်းတဲ့ Mutant တွေကို အရင်ဆုံးမိတ်ဆက်သွားမယ်လို့ ပြောခဲ့ဖူးပါတယ်။

(4) Porcupine

photo via screenrant

Porcupine ကတော့ Marvel ကောမစ်ထဲက အဆင့်နိမ့်ဗီလိန် တစ်ယောက် ဖြစ်ပြီး သူဟာ အမေရိကန်အစိုးရအတွက် ဖြူးရဲ့ ဆူးတောင်တွေ ပါဝင်နေတဲ့ Battlesuit ကို ဖန်တီးခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်အစိုးရဟာ သူ့ကို ဒီ Battlesuit အတွက် ပိုက်ဆံကောင်းကောင်း ပေးမှာ မဟုတ်ဘူးလို့ ယုံကြည်နေတာကြောင့် အဲဒီဝတ်စုံကို ပြန်လည်ခိုးယူခဲ့ပါတယ်။ MCU ထဲက Porcupine ကတော့ ကောမစ်ထဲက Origin အတိုင်းပဲ ရှိနေမလား ဆိုတာတော့ မသိရသေးပါဘူး။

(5) Saracen

photo via screenrant

Marvel ကောမစ်ထဲမှာတော့ Saracen ဆိုတဲ့ နာမည်ကို ခံယူခဲ့တဲ့ ဇာတ်ကောင်တွေ အများအပြားရှိပြီး ဒီဇာတ်လမ်းတွဲထဲက Saracen ကတော့ အဲဒီဇာတ်ကောင်အားလုံးကို စုပေါင်းပြီး ဖန်တီးထားပုံ ပေါ်ပါတယ်။ စာတန်းထိုးတဲ့ အချိန်မှာတော့ Saracen ရဲ့ ဖန်တီးမှုအတွက် Bart Sears ကို Credit ပေးခဲ့တာကြောင့် ဒီဇာတ်ကောင်ဟာ ၁၉၉၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ Blade: The Vampire Hunter #1 ထဲက သွေးစုပ်ဖုတ်ကောင် Saracen ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်နိုင်ပါတယ်။ ကောမစ်ထဲမှာတော့ Saracen ဟာ အသက်အကြီးဆုံး သွေးစုပ်ဖုတ်ကောင်တွေထဲက တစ်ယောက် ဖြစ်ပြီး ဒီဇာတ်လမ်းတွဲထဲက Saracen ဟာလည်း ကောမစ်ထဲက ဇာတ်ကောင်ကို ပြောင်းလဲမှု အနည်းငယ် ပြုလုပ်ထားတာ ဖြစ်နိုင်ပါတယ်။

ဒီအပိုင်းထဲမှာတော့ Emil Blonsky ဟာ Saracen က သွေးစုပ်ဖုတ်ကောင် ဆိုတာကို ယုံကြည်ပုံ မရပါဘူး။ အကြောင်းကတော့ Saracen ဟာ နေရောင်ထဲမှာ အေးအေးဆေးဆေး သွားလာနိုင်တာကြောင့် ဖြစ်ပါလိမ့်မယ်။ ကောမစ်ထဲမှာတော့ သွေးစုပ်ဖုတ်ကောင်မျိူးကွဲတွေများစွာ ရှိပြီး တချို့သွေးစုပ်ဖုတ်ကောင်တွေကတော့ နေရောင်ထဲမှာ သွားလာနိုင်စွမ်း ရှိကြပါတယ်။ ဒီအပိုင်းထဲမှာ မြင်တွေ့ခဲ့ရတဲ့ Saracen ရဲ့ပုံစံကတော့ ကြောင်တောင်တောင် ဖြစ်နေတာကြောင့် သူဟာ ထင်ယောင်ထင်မှား ဖြစ်နေတာ ဖြစ်နိုင်သလို တမင်တကာ အယောင်ဆောင်ထားတာလည်း ဖြစ်နိုင်ပါတယ်။

(6) Dan Slott

photo via screenrant

ဒီအပိုင်းရဲ့ အဆုံးသတ်မှာတော့ Jennifer ရဲ့ ကားကို လာဆွဲသွားတဲ့ ကုမ္ပဏီရဲ့ နာမည်ဟာ Slott ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီ Easter Egg ကတော့ She-Hulk ရဲ့ ကောမစ်ဇာတ်လမ်းအများစုကို ဖန်တီးခဲ့တဲ့ Dan Slott ကို ရည်ညွှန်းတာပဲ ဖြစ်ပြီး အဲဒီကားရဲ့ Driver နာမည်ကလည်း Dan လို့ မြင်တွေ့ခဲ့ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular