HomeEntertainmentFilmThe Batman ရုပ်ရှင်ရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

The Batman ရုပ်ရှင်ရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

The Batman ရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ် မတ်လ (၃)ရက်နေ့မှာ ရုံတင်ပြသခဲ့ပါတယ်။ ယခုအချိန်လောက် ဆိုရင်တော့ ပရိသတ်တွေ အားလုံးနီးပါး ဒီရုပ်ရှင်ကို ကြည့်ပြီးကြပြီလို့ ထင်ပါတယ်။ ဒီရုပ်ရှင်ဟာ ပရိသတ်တွေအကြိုက် ဖြစ်ခဲ့ပြီး တခဲနက် အားပေးမှုတွေ ရရှိခဲ့တာကြောင့် ဒီတစ်ခါမှာတော့ The Batman ရုပ်ရှင်ရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာအကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Batsuit တွေ အားလုံးကို ဝတ်ဆင်ခဲ့တဲ့ Robert Pattinson

photo via screenrant

The Batman ရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖြစ်သူ Matt Reeves ကတော့ Robert Pattinson ကို သူ့ရဲ့သရုပ်ဆောင် စွမ်းရည်ကြောင့် ဒီဇာတ်ကားမှာ ရွေးချယ်ခဲ့ပေမယ့်လည်း Robert ဟာ လူရွေးပွဲတော့ ဝင်ပြိုင်ခဲ့ရပါသေးတယ်။ အဲဒီလူရွေးပွဲမှာတော့ သူဟာ Batman & Robin ထဲက George Clooney ဝတ်ဆင်ခဲ့တဲ့ Batsuit နဲ့ Batman Forever ထဲက Val Kilmer ဝတ်ဆင်ခဲ့တဲ့ Batsuit တွေကို ဝတ်ဆင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝတ်စုံဒီဇိုင်နာဟာ Robert နဲ့ လိုက်ဖက်မယ့် ဝတ်စုံကို ဖန်တီးဖို့အတွက် Batsuit တွေအားလုံးကို ဝတ်ဆင်ခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

(2) Penguin ပုံစံမိတ်ကပ် ပြင်ဖို့အတွက် (၆)နာရီကနေ (၈)နာရီအထိ ကြာမြင့်ခဲ့ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲက Penguin နေရာမှာ သရုပ်ဆောင်ခဲ့သူ Colin Farrell ကတော့ ဒီဇာတ်ကောင်အတွက် အထူးမိတ်ကပ် ပြင်လိုက်တဲ့အချိန်မှာ နဂိုရုပ်နဲ့ ဘာမှမဆိုင်တော့ဘဲ လုံးဝ မမှတ်မိတော့လောက်အောင် ပြောင်းလဲသွားပါတယ်။ သရုပ်ဆောင် Colin Farrell ကလည်း ဒီအချက်ကို စမ်းသပ်ကြည့်ချင်တာကြောင့် မိတ်ကပ်ပြင်ပြီးသွားတဲ့ အချိန်ကျမှ Starbucks ကော်ဖီဆိုင်ကိုသွားပြီး လူတွေက သူ့ကို မှတ်မိသေးလားဆိုတာ စမ်းသပ်ကြည့်ခဲ့ပါတယ်။ ဒီလိုမိတ်ကပ်ကို ဖန်တီးဖို့အတွက်တော့ လူ(၁၀)ယောက်၊ (၁၅)ယောက်လောက်က (၆)နာရီကနေ (၈)နာရီအထိ ကြာမြင့်အောင် ဝိုင်းဝန်း ဖန်တီးခဲ့ရတယ်လို့ သိရပါတယ်။

(3) Penguin ကို ဆေးလိပ် မသောက်ခိုင်းခဲ့တဲ့ WB

photo via screenrant

ကောမစ်ထဲမှာတော့ Penguin ဇာတ်ကောင်ဟာ ဆေးပြင်းလိပ်ကြိုက်သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Colin Farrell ဟာ ဒီဇာတ်ကောင်ကို ပိုမိုပြီးပြည့်စုံသွားစေဖို့နဲ့ ဂိုဏ်းစတားပုံစံ ပိုဆန်သွားစေဖို့ ဆေးပြင်လိပ်သောက်ဖို့ တိုက်တွန်းခဲ့ပေမယ့်လည်း Warner Bros. စတူဒီယိုကတော့ အကြောင်းအမျိူးမျိူးကြောင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

(4) Batman ကို စုံထောက်မှန်း မသိခဲ့တဲ့ Robert Pattinson

photo via screenrant

ခေတ်အဆက်ဆက်မှာ Batman ရုပ်ရှင်တွေ၊ Animation တွေများစွာ ထွက်ရှိခဲ့ပြီး အများစုကတော့ Batman ကို စုံထောက်ဆိုတာထက် စူပါဟီးရိုးပုံစံမျိူးပဲ ဖန်တီးခဲ့ပါတယ်။ The Batman ရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ စူပါဟီးရိုး ဆိုတာထက် စုံထောက်ဆန်ဆန် ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း Batman ကတော့ “World’s Greatest Detective” ဆိုပြီး ကမ္ဘာ့အတော်ဆုံး စုံထောက်လို့တောင် ပရိသတ်တွေကြားမှာ နာမည်ကြီးပါသေးတယ်။ ဒါပေမယ့်လည်း Robert Pattinson ကတော့ အစတုန်းက Batman ကို စုံထောက်မှန်း မသိခဲ့ပါဘူးလို့ ဆိုပါတယ်။

(5) အဆိုတော် Kurt Cobain ကို တစိတ်တပိုင်း အခြေခံပြီး Bruce Wayne ကို ဖန်တီးခဲ့တာပါ။

photo via screenrant

ဒါရိုက်တာ Matt Reeves ကတော့ Esquire သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာ Bruce Wayne ကို ဖန်တီးတဲ့ အချိန်မှာ Nirvana အဖွဲ့ရဲ့ အဆိုတော် Kurt Cobain ကို တစိတ်တပိုင်း အခြေခံပြီး ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကောင်ကို ဖန်တီးနေတဲ့ အချိန်မှာတော့ Nirvana ရဲ့ “Something in the Way” ကို နားထောင်နေပြီး ဖန်တီးဖြစ်သွားတာလို့လည်း သိရပါတယ်။

ဒါကတော့ The Batman ရုပ်ရှင်ရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာ အချက်တချို့ပဲ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular