HomeEntertainmentFilmThe Originals ဇာတ်လမ်းတွဲရဲ့ ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာများ

The Originals ဇာတ်လမ်းတွဲရဲ့ ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာများ

The Originals ဇာတ်လမ်းတွဲဟာ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.2) ရရှိထားတဲ့ စီးရီးတစ်ခု ဖြစ်ပါတယ်။ ဒီစီးရီးဟာ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Vampire Diaries ဇာတ်လမ်းတွဲရဲ့ spin-off အနေနဲ့ ထပ်မံထွက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ မူလသွေးစုပ်ဖုတ်ကောင်တွေ ဖြစ်တဲ့ Mikaelson မောင်နှမတွေအကြောင်းကို အဓိက ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ Mikaelson မောင်နှမတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Mikaelson မောင်နှမတွေဟာ စုစုပေါင်း(၇)ယောက် ရှိပါတယ်။

Photo Credit: CW

The originals လို့ခေါ်တဲ့ မူလသွေးစုပ်ဖုတ်ကောင်တွေရဲ့အကြောင်းကို The Vampire Diaries ရဲ့ ဒုတိယမြောက် season ထဲမှာ ပရိသတ်တွေကို စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ originals တွေအဖြစ် Elijah ကို ပထမဆုံး မြင်တွေ့ခဲ့ရပြီး နောက်ပိုင်းမှာတော့ Klaus ပါဝင်လာခဲ့ပါတယ်။

တတိယမြောက် season ထဲမှာတော့ Rebekah ပါဝင်လာပြီး သူတို့သုံးယောက်ကို အဓိကဗီလိန်တွေလိုမျိူး ပုံဖော်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Kol နဲ့ Finn တို့ ပါဝင်လာပြီး ငယ်ငယ်လေးနဲ့ သေဆုံးသွားတဲ့ Henrik အကြောင်းကိုလည်း ပြသခဲ့ပါတယ်။ ဒါ့အပြင် သူတို့မိသားစုရဲ့ ပထမဆုံးသားဦး မိန်းကလေးဖြစ်တဲ့ Freya ကိုတော့ ပလိပ်ရောဂါနဲ့ သေဆုံးသွားတဲ့ပုံစံမျိူး အစပိုင်းမှာ ပြသခဲ့ပါတယ်။ သူမဟာ တကယ်တော့ မသေဆုံးသေးဘဲ အသက်ရှင်သန်နေတုန်း ဆိုတာကိုတော့ The Originals ရဲ့ ဒုတိယ season မှာ ပြသခဲ့ပါတယ်။

ဒါကြောင့်ပဲ အားလုံးပေါင်းလိုက်ရင် Mikaelson မောင်နှမ (၇)ယောက်ရှိပြီး ထူးခြားတဲ့တစ်ချက်ကတော့ Klaus ဟာ တခြားသူတွေနဲ့ အမေတူ အဖေကွဲ တော်စပ်နေတာ ဖြစ်ပါတယ်။ အကြောင်းကတော့ သူတို့ရဲ့မိခင်ဟာ သမန်းဝံပုလွေမျိူးနွယ်တစ်ယောက်နဲ့ ဖောက်ပြန်ခဲ့ပြီး Klaus ကို ကိုယ်ဝန်ရခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ သူတို့ကို ကြီးစဉ်ငယ်လိုက် စီလိုက်ရင်တော့ Freya ၊ Finn ၊ Elijah ၊ Klaus ၊ Kol ၊ Rebekah နဲ့ Henrik တို့ပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ New Orleans မှာ ရိုက်ကူးခဲ့တာ မဟုတ်ပါဘူး။

Photo Credit: CW

ဒီဇာတ်လမ်းတွဲထဲက အဖြစ်အပျက်တွေဟာ  New Orleans မြို့မှာ အခြေခံထားတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်း ဒီဇာတ်လမ်းကို ရိုက်ကူးခဲ့တဲ့နေရာဟာ New Orleans မဟုတ်ခဲ့ပါဘူး။ ရိုက်ကူးရေး ပြုလုပ်ခဲ့တဲ့နေရာကတော့ Georgia ပြည်နယ်က Atlanta မြို့မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ မြင်ခဲ့ရတဲ့ New Orleans ရဲ့ အထင်ကရနေရာတွေဟာ Atlanta မြို့ပေါ်က လမ်းတွေလို ပုံစံမျိူးဖြစ်အောင် ပြင်ဆင်ပြီး ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။

Mikaelson မောင်နှမတွေဟာ မှော်ပညာကြောင့် မွေးဖွားလာတာ ဖြစ်ပါတယ်။

Photo Credit: CW

Mikaelson တွေဟာ မှော်ပညာကြောင့်ပဲ သွေးစုပ်ဖုတ်ကောင်တွေ ဖြစ်လာခဲ့သလို မှော်ပညာကြောင့်ပဲ မွေးဖွားလာခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့မိခင်ဖြစ်သူ Esther ဟာ Mikael ကို လက်ထပ်ပြီးတဲ့နောက်မှာ သူမအနေနဲ့ ကိုယ်ဝန်မရနိုင်တာကို သိသွားပါတယ်။ ဒါပေမယ့်လည်း သူမဟာ ကိုယ်ပိုင်မိသားစု သိပ်လိုချင်နေတာကြောင့် သူမထက် စွမ်းအားကြီးတဲ့ စုန်းမလည်းဖြစ်၊ သူမရဲ့ညီမလည်း ဖြစ်တဲ့ Dahlia ကို ကလေးရနိုင်အောင် လုပ်ပေးဖို့အတွက် အကူအညီတောင်းခဲ့ပါတယ်။

Dahlia ကတော့ သူမကို ကလေးရအောင် ပြုလုပ်ပေးခဲ့ပြီး အပြန်အလှန်အနေနဲ့ Mikaelson မိသားစုက မွေးဖွားသမျှ သားဦးကလေးတွေကို သူမကို ပေးရမယ်လို့ အပေးအယူလုပ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Mikaelson မောင်နှမတွေရဲ့ အကြီးဆုံးဖြစ်တဲ့ Freya ဟာ အဒေါ်ဖြစ်သူရဲ့ ခေါ်သွားခံရတာဖြစ်ပြီး နောက်ပိုင်းမှာလည်း Klaus ရဲ့သမီးဖြစ်သူ Hope ကို ခေါ်ယူဖို့အတွက် ရောက်လာပါသေးတယ်။

ပထမအစီအစဉ်အတိုင်းဆိုရင် Klaus ဟာ Vampire Diaries ထဲမှာ သေဆုံးမှာ ဖြစ်ပါတယ်။

Photo Credit: CW

Vampire Diaries ထဲက ဇာတ်ကောင်တွေဟာ ဒုတိယမြောက်နဲ့ တတိယမြောက် season တွေမှာ Klaus ကို သတ်ဖို့အတွက် အသည်းအသန် ကြိုးစားခဲ့ကြပြီး အောင်မြင်လုနီးပါးထိ ဖြစ်ခဲ့ပါတယ်။ Vampire Diaries နဲ့ The Originals ဇာတ်လမ်းတွဲနှစ်ခုရဲ့ ထုတ်လုပ်သူဖြစ်တဲ့ Julie Plec ကတော့ အင်တာဗျူးတစ်ခုမှာ အဲဒီအကြောင်းကို ပြောခဲ့ဖူးပါတယ်။ အဲဒီအင်တာဗျူးထဲမှာတော့ သူမဟာ Vampire Diaries ရဲ့ တတိယမြောက် season ရဲ့အဆုံးမှာ Klaus ဟာ သေဆုံးမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း အစီအစဉ်ကို ပြောင်းလဲလိုက်ရတဲ့ အကြောင်းရင်းကိုတော့ အခုလိုပဲ ပြောပြခဲ့ပါတယ်။ “ဒီလောက်တော်တဲ့ သရုပ်ဆောင်တွေကို ရထားတာကြောင့် သူတို့သရုပ်ဆောင်တဲ့ ဇာတ်ကောင်တွေကို အခုလိုလွယ်လွယ်လေး အဆုံးမသတ်ချင်ခဲ့ပါဘူး … ” လို့ သူမက ဆိုပါတယ်။ ဒါကြောင့်ပဲ ဇာတ်ညွှန်းတွေကို ပြောင်းလဲရေးသားခဲ့ပြီး နောက်ပိုင်းမှာတော့ သူတို့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတွဲပါ ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။

The Originals အတွက် မတူညီတဲ့ ဇာတ်သိမ်း

Photo Credit: CW

Vampire Diaries ကနေစပြီးတော့ The Originals ဇာတ်သိမ်းသွားတဲ့အထိ ပရိသတ်တွေဟာ Klaus နဲ့ Caroline ကို တွဲစေချင်ကြပါတယ်။ ဒါ့အပြင် Vampire Diaries ရဲ့ တတိယမြောက် season ထဲမှာ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတွေကို ပြသခဲ့ပြီးနောက်မှာ သူတို့အတွဲဟာ ပရိသတ်တွေကြားထဲမှာ အတော်လေး ရေပန်းစားခဲ့ပါတယ်။ ထုတ်လုပ်သူ Julie Plec ကတော့ “အစတုန်းက The Originals အတွက် အခုဇာတ်သိမ်းနဲ့ မတူညီတဲ့ ဇာတ်သိမ်းတစ်ခုကို ရိုက်ကူးဖို့ စဉ်းစားခဲ့ပါတယ်… ” လို့ ပြောခဲ့ဖူးပါသေးတယ်။

အဲဒါကတော့ Klaus နဲ့ Caroline တို့ဟာ တွဲဖြစ်သွားပြီး နောက်ဆုံးမှာ သူတို့နှစ်ယောက်လုံး အတူတူ သေဆုံးသွားမယ်ဆိုတဲ့ ဇာတ်သိမ်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Vampire Diaries ရဲ့ဇာတ်သိမ်းမှာတော့ သူမဟာ Stefan နဲ့လက်ထပ်ခဲ့ပြီး အဲဒီနေ့မှာပဲ သူမရဲ့သတို့သားကို ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့်ပဲ Julie Plec ဟာ Caroline ကို ချက်ချင်းကြီး Klaus နဲ့ တွဲခိုင်းဖို့က မသင့်တော်ဘူးလို့ ခံစားရတာကြောင့် ဇာတ်လမ်းကို ပြောင်းလဲခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အခုဇာတ်သိမ်းနဲ့ အစက စဉ်းစားထားတဲ့ ဇာတ်သိမ်းဟာ နည်းလမ်းချင်းဆင်တူပြီး လူပဲကွဲပြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ The Originals ဇာတ်လမ်းတွဲနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာအချို့ ဖြစ်ပါတယ်။ ဒါမျိုး ဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် ဒီပေ့ချ်လေးကို Like & Follow လုပ်ထားပါဦးလို့ အကြံပြုလိုက်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular