HomeEntertainmentFilmဒါရိုက်တာ Zack Snyder ရဲ့ Rebel Moon ထွေလာ (Breakdown)

ဒါရိုက်တာ Zack Snyder ရဲ့ Rebel Moon ထွေလာ (Breakdown)

ဒါရိုက်တာ Zack Snyder ရဲ့ Rebel Moon ရုပ်ရှင်ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာခဲ့ပါပြီ။ ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Zack Snyder ရဲ့ပထမဆုံး အာကာသ Sci-Fi ရုပ်ရှင် ဖြစ်ပြီး ပရိသတ်တွေကတော့ ထွေလာကြည့်ပြီး Hype နေကြပါပြီ။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဒီထွေလာထဲက စိတ်ဝင်စားစရာအချက်တွေကို Breakdown လုပ်ပေးချင်ပါတယ်။

ထွေလာအစက ချိုနဲ့လူက ဘယ်သူလဲ?

photo credit Netflix

ထွေလာရဲ့ ပထမဆုံးဇာတ်ဝင်ခန်းမှာတော့ အနက်ရောင်ချိုနဲ့ လူတစ်ယောက်ဟာ နေဝင်ချိန်ကို ရပ်ကြည့်နေတာ တွေ့ရပါတယ်။ ဒီလူက ဘယ်သူလည်း ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ Dark ဖြစ်တဲ့ ပုံစံကြောင့် ဗီလိန်အနေနဲ့ ပါဝင်လာဖို့တော့ များပါတယ်။ ဒါမှမဟုတ် သူဟာ Rebel တွေထဲက တစ်ယောက်လည်း ဖြစ်နေနိုင်ပါတယ်။

Princess Issa

photo credit Netflix

ဒီထွေလာထဲမှာတော့ Anthony Hopkins က Narrator အနေနဲ့ ပါဝင်ထားပြီး “Princess Issa ရဲ့ ဇာတ်လမ်းကို သိလား” လို့ မေးသွားပါတယ်။ Princess Issa ကိုတော့ Redeemer လို့လည်း ခေါ်ပြီး သူမဟာ စစ်ပွဲတွေကို ရပ်တန့်ပေးမယ့် လူတစ်ယောက် ဖြစ်ပါတယ်။

Princess Issa ဇာတ်ကောင်ကတော့ ဒီရုပ်ရှင်ထဲမှာ မပါဝင်ပေမယ့်လည်း အဓိကဇာတ်ကောင်ဖြစ်တဲ့ Kora ကတော့ Princess Issa ရဲ့နေရာကို ယူသွားမယ်လို့ ယူဆရတဲ့ အရိပ်အမြွက်တွေ ပါဝင်နေပါတယ်။ အသိသာဆုံး Hint ကတော့ Anthony Hopkins က Princess Issa အကြောင်းကို ပြောနေတဲ့အချိန်မှာ Kora ကို သေချာရိုက်ပြသွားတာပဲ ဖြစ်ပါတယ်။

Anthony Hopkins ရဲ့ဇာတ်ကောင်

photo credit Netflix

Anthony Hopkins ကတော့ ဒီထွေလာရဲ့ Narrator အဖြစ် ပါဝင်ထားသလို ရုပ်ရှင်ထဲမှာလည်း Jimmy ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ထားပါတယ်။ Jimmy ကတော့ Mechanical Knight တွေထဲက အသက်ရှင်ကျန်ရစ်တဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ ဘုရင်သေဆုံးသွားပြီး နောက်မှာတော့ Kora ဟာ Imperium စစ်တပ်ကို တိုက်ခိုက်ဖို့ Jimmy ကို စေခိုင်းခဲ့ပါတယ်။

ဒီထွေလာထဲက သူ့ရဲ့ဒိုင်ယာလော့ခ်တွေအရ Jimmy ကတော့ ဉာဏ်ပညာကြီးပြီး အတွေ့အကြုံများတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်မှာပါ။ ဒါ့အပြင် သူဟာ ဒီထွေလာရဲ့ Narrator အဖြစ်တောင် ပါဝင်ထားတာကြောင့် သူ့ရဲ့ဇာတ်ကောင်က အတော်လေး အရေးပါတဲ့နေရာက ပါဝင်လာမယ်လို့ ယူဆရပါတယ်။

General Titus

photo credit Netflix

သရုပ်ဆောင် Djimon Hounsou ကတော့ General Titus အနေနဲ့ ပါဝင်ထားပါတယ်။ General Titus ကတော့ Battlefield တစ်ခုထဲမှာ ဒူးထောက်နေတာကို တွေ့ရပြီး နောက်ထပ်ဇာတ်ဝင်ခန်းမှာတော့ သူ့ရဲ့စစ်သားတွေကို စိတ်ခွန်အားတက်စေမယ့် မိန့်ခွန်းပြောနေတာကို တွေ့ရပါတယ်။

General Titus ကတော့ Imperium စစ်တပ်နဲ့ တိုက်ပွဲမှာ အလွန်အရေးပါမယ့် ဇာတ်ကောင်ဖြစ်ပြီး Imperium စစ်တပ်ရဲ့ General လည်း ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ထွေလာထဲမှာ မပြသွားတဲ့ အကြောင်းတစ်ခုကြောင့် Titus ဟာ Rebel ဖြစ်လာခဲ့တယ်လို့ ယူဆရပါတယ်။

ခေါင်းစွပ်စွပ်ခံထားရသူတွေဟာ ဘယ်သူတွေလဲ?

photo credit Netflix

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ အင်္ကျီမပါတဲ့ ယောကျာ်းတွေကို အနက်ရောင်ခေါင်းစွပ်တွေ စွပ်ပေးထားတာကို တွေ့ရပါတယ်။ အဲဒီခေါင်းစွပ်အပေါ်မှာတော့ မျက်လုံးပုံတွေ ဆွဲထားပြီး သူတို့ရဲ့လက်ကိုလည်း ကြိုးချည်ထားပါတယ်။ ဒါ့အပြင် သူတို့ဟာ Battlefield ထဲမှာ ရောက်နေတယ်လို့ ယူဆရပါတယ်။

နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာလည်း တယောတီးနေတဲ့ လူနှစ်ယောက်က ခေါင်းစွပ်တွေ စွပ်ထားတာကို တွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ ခေါင်းစွပ်ပေါ်မှာ ရွှေရောင်မျက်လုံးပုံကို ဆွဲထားပါတယ်။ ဒီမျက်လုံးတွေရဲ့ အဓိပ္ပာယ်ကိုတော့ သေချာမသိရပါဘူး။ ခေါင်းစွပ် စွပ်ထားတဲ့လူတွေဟာ ထူးခြားတဲ့ မျိူးနွယ်စုတစ်ခု ဖြစ်နိုင်သလို ရာဇဝတ်မှု ကျူးလွန်ခြင်းရဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

စစ်ပွဲ

photo credit Netflix

ဒီထွေလာထဲက ဇာတ်ဝင်ခန်းအများစုမှာတော့ စစ်ဖြစ်နေတဲ့ ပုံစံတွေကို ပြသသွားပါတယ်။ ပြည်သူတွေကို ဆွဲခေါ်နေတဲ့ စစ်သားတွေ၊ မြို့တွေပေါ်က ဖြတ်ပျံသွားတဲ့ အာကာသယာဉ်တွေ၊ ရွာတွေကို မီးရှို့ပစ်တာတွေနဲ့ လူတွေကို သတ်ဖြတ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ Imperium စစ်တပ်ဟာ ဒီလုပ်ရပ်တွေအတွက် တာဝန်ရှိနေပြီး Rebel တွေကတော့ ပြည်သူတွေဘက်က ပြန်လည်တိုက်ခိုက်တာပဲ ဖြစ်ပါတယ်။

Kora/The Scargiver

photo credit Netflix

သရုပ်ဆောင် Sofia Boutella ကတော့ Kora သို့မဟုတ် The Scargiver အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမကတော့ အဓိကဇာတ်ကောင် ဖြစ်ပြီး Imperium စစ်တပ်က သူတို့ရွာဆီ လာနေတာကိုလည်း ရွာသားတွေကို သတိပေးနေတာ တွေ့ခဲ့ရပါတယ်။ အစကတော့ သူမဟာ သာမန်ရွာသူလေးတစ်ယောက် ပုံစံမျိူး ဖြစ်နေပေမယ့် နောက်ပိုင်းမှာတော့ Imperium စစ်တပ်ကို တော်လှန်နေတဲ့ စစ်သည်တော်တစ်ယောက်ဆိုတာကို ပြသသွားပါတယ်။

Kora ကို လိုက်ဖမ်းနေတဲ့ Admiral Atticus

photo credit Netflix

Imperium စစ်တပ်အတွက် အန္တရာယ်ရှိလာတာကြောင့် Kora ကိုတော့ Admiral Atticus ကိုယ်တိုင်က လိုက်ဖမ်းနေပါတယ်။ Admiral Atticus နေရာမှာတော့ သရုပ်ဆောင် Ed Skrein က သရုပ်ဆောင်ထားပါတယ်။ Admiral Atticus ကတော့ Imperium စစ်တပ်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး Regent Balisarius ရဲ့ ညာလက်ရုံးလည်း ဖြစ်ပါတယ်။

Kora ရဲ့ Backstory

photo credit Netflix

ဒီထွေလာထဲမှာတော့ Kora ဟာ The Scargiver ဘယ်လိုဖြစ်လာတယ် ဆိုတာကိုလည်း အရိပ်အမြွက် ပြသသွားပါတယ်။ Flashbacks တွေထဲမှာတော့ Kora ဟာ ငယ်ရွယ်စဉ်က Imperium စစ်တပ်ထဲဝင်ခဲ့ပြီး အလွန်ကျွမ်းကျင်တဲ့ စစ်သည်တော်တစ်ယောက် ဖြစ်လာတာကို မြင်ခဲ့ရပါတယ်။ ဒါ့အပြင် သူမဟာ အခြားစစ်သားတစ်ယောက်နဲ့လည်း ချစ်ကြိုက်မိသွားပါသေးတယ်။ အဲဒီစစ်သားက သေသွားချိန်မှာတော့ Kora ဟာ ဖြစ်ပျက်သမျှကို Imperium စစ်တပ်အပေါ် အပြစ်တင်ခဲ့ပြီး စစ်တပ်ကနေ ထွက်လာခဲ့ပုံ ရပါတယ်။

Nemesis

photo credit Netflix

ဒီရုပ်ရှင်ထဲက နောက်ထပ် တိုက်ခိုက်ရေး ကျွမ်းကျင်တဲ့ အမျိူးသမီးဇာတ်ကောင်ကတော့ Bae Doona သရုပ်ဆောင်ထားတဲ့ Nemesis ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ Nemesis ဟာ Cyborg တစ်ယောက်၊ Spider Warrior တစ်ယောက်နဲ့ တိုက်ခိုက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ Spider Warrior ဆိုတာကတော့ ပင့်ကူခြေထောက်တွေ ပိုင်ဆိုင်ထားတဲ့ Harmada ဆိုတဲ့ အမျိူးသမီးဖြစ်ပြီး သရုပ်ဆောင် Jena Malone က သရုပ်ဆောင်ထားပါတယ်။ Nemesis ကတော့ နောက်ပိုင်းမှာ Kora နဲ့ ပူးပေါင်းသွားမှာလည်း ဖြစ်ပါတယ်။

Lightsaber တွေလား?

photo credit Netflix

ဒီထွေလာထဲက လူသတိထားမိဆုံး ဇာတ်ဝင်ခန်းကတော့ Nemesis က Harmada နဲ့ တိုက်ခိုက်တဲ့အချိန်မှာ Lightsaber လို လက်နက်ကို အသုံးပြုခဲ့တဲ့ ဇာတ်ဝင်ခန်းပါပဲ။ Zack Snyder ရဲ့ Rebel Moon ဟာ Star Wars ရုပ်ရှင်ပဲ ဆိုတာကိုတော့ လူတိုင်းသိကြပေမယ့် ဒါဟာ Official Star Wars ရုပ်ရှင်တော့ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ ဒီလက်နက်တွေကတော့ Lightsaber နဲ့ ဆင်တူတဲ့ လက်နက်တစ်ခု ဖြစ်နိုင်ပြီး Lightsaber တော့ မဖြစ်နိုင်ပါဘူး။

Kai

photo credit Netflix

သရုပ်ဆောင် Charlie Hunnam ကတော့ Kai ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ထားပါတယ်။ ထွေလာထဲမှာ မြင်ရသလောက်ဆိုရင် Kai ကတော့ Kora ရဲ့ ပထမဆုံး မဟာမိတ်တွေထဲက တစ်ယောက်ဖြစ်ပုံ ရပါတယ်။ ဒါ့အပြင် Kai ဟာ ကြေးစား Pilot တစ်ယောက်ဖြစ်ပြီး ဇာတ်လမ်းတလျှောက်မှာ Kora စီးနင်းသမျှ အာကာသယာဉ်တွေကို မောင်းနှင်ပေးမယ့်သူလို့ ယူဆရပါတယ်။

Regent Balisarius

photo credit Netflix

Mother World ရဲ့ဘုရင် သေဆုံးသွားပြီး နောက်မှာတော့ Regent Balisarius က ထီးနန်းကို ယာယီထိန်းသိမ်းခဲ့ပါတယ်။ သူကတော့ အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ပြီး ထီးနန်းရရှိသွားတာကြောင့် အလွန်အန္တရာယ်ကြီးလာခဲ့ပါတယ်။ သူဟာ အာဏာမက်လွန်းသူဖြစ်ပြီး သရုပ်ဆောင် Fra Free က ဇာတ်ကောင် ပီပြင်အောင် သရုပ်ဆောင်ထားပါတယ်။

တိရစ္ဆာန်တွေကို ထိန်းချုပ်နိုင်တဲ့ Tarak

photo credit Netflix

သရုပ်ဆောင် Staz Nair ကတော့ Tarak အဖြစ် သရုပ်ဆောင်ထားပါတယ်။ Tarak ကတော့ ပန်းပဲဆရာတစ်ယောက် ဖြစ်ပြီး ထူးခြားတာကတော့ တိရစ္ဆာန်တွေကို ထိန်းချုပ်နိုင်စွမ်း ရှိတာပါပဲ။ သူကတော့ ဒီစွမ်းအားကို အသုံးပြုပြီး Kora နဲ့အတူ Imperium စစ်တပ်ကို တိုက်ခိုက်တဲ့နေရာမှာ ပါဝင်သွားမှာ ဖြစ်ပါတယ်။

လူတွေအပြင် အခြားမျိူးစိတ်တွေလည်း ပါဝင်လာမယ့် Rebel Moon

photo credit Netflix

ဒီထွေလာထဲမှာတော့ လူတွေတင် မဟုတ်ဘဲ အခြား‌သော မျိူးစိတ်တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ Tarak ဟာ Imperium စစ်တပ်ကို တိုက်ခိုက်ဖို့ လူတွေကို တိုက်တွန်းနေတဲ့ အချိန်မှာတော့ လက်လေးချောင်း ပါဝင်တဲ့ မွန်းစတား တစ်ကောင်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ အခြားထူးထူးဆန်းဆန်း မျိူးစိတ်တွေကိုလည်း မြင်တွေ့ရနိုင်ပါသေးတယ်။

ဒဏ္ဍာရီလာသတ္တဝါတွေလည်း ပါဝင်ပါတယ်။

photo credit Netflix

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Tarak ဟာ Griffin တစ်ကောင်ကို ယဉ်ပါးလာအောင် ကြိုးစားနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Griffin ဟာ Tarak နဲ့ တစ်သားတည်း ဖြစ်သွားပြီး Tarak က ချောက်ကမ်းပါးကနေ ခုန်ချပြီး Griffin ကို စီးသွားတာကိုလည်း တွေ့ခဲ့ရပါတယ်။ အခြားသော ဒဏ္ဍာရီလာသတ္တဝါတွေ ပါဝင်လာဦးမလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

ဂြိုဟ်သားတွေလည်း ပါဝင်သေးပါတယ်။

photo credit Netflix

ဒီ Universe ထဲမှာတော့ မျိူးစိတ်တွေများစွာ ရှိနေပြီး ဂြိုဟ်သားတစ်ယောက်ကိုလည်း တွေခဲ့ရပါတယ်။ ဒီဂြိုဟ်သားကတော့ အဖြူရောင်နဲ့ ပန်းရောင် ရောစပ်ထားတဲ့ အသားအရေရှိပြီး ပါးစပ်နားမှာလည်း ရေဘဝဲလက်တံလို အရာတွေ ပါဝင်ပါတယ်။ သူ့ရဲ့နဖူးမှာလည်း သင်္ကေတတစ်ခု ရှိနေပါသေးတယ်။ ဒီလိုမတူညီတဲ့ မျိူးစိတ်တွေများစွာ ပါဝင်နေတဲ့ Rebel Moon Universe ကတော့ တော်တော်လေးကို ကျယ်ပြန့်တယ်လို့ ယူဆရပါတယ်။

ဘယ်သူမှန်း မသိရသေးတဲ့ ကလေးမလေး

photo credit Netflix

ဒီထွေလာကတော့ ပရိသတ်တွေအတွက် ပဟေဠိပေါင်းများစွာ ပါဝင်နေပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ နှင်းတွေကြားက ‌ကလေးမလေးတစ်ယောက်ဟာ သူ့ရဲ့လက်ပေါ်က ငှက်လေးကို ကြည့်နေပါတယ်။ နောက်ထပ်ဇာတ်ဝင်ခန်းတစ်ခုမှာတော့ ဒီကလေးမလေးနဲ့အတူ အနက်ရောင်ဝတ်ရုံ ခြုံထားတဲ့ လူတစ်ယောက် ရှိနေပြီး အနက်ရောင်ခွေးတစ်ကောင်လည်း ရှိနေပါတယ်။

ဒီကလေးမလေးရဲ့ ပုံစံဟာ ချမ်းသာပြီး အာဏာရှိလာမယ့် ပုံစံမျိူး ဖြစ်နေပါတယ်။ ထူးခြားတာကတော့ ဒီထွေလာတစ်ခုလုံးမှာ နှင်းပါဝင်တဲ့ ဇာတ်ဝင်ခန်းဆိုလို့ ဒီကလေးမလေးကို ပြသွားတဲ့ ဇာတ်ဝင်ခန်းပဲ ရှိပါတယ်။ သူက ဘယ်သူလည်း ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular