HomeEntertainmentFilmBox-Office မှာ Titanic ရုပ်ရှင်ကို ကျော်တက်သွားပြီ ဖြစ်တဲ့ Top Gun: Maverick

Box-Office မှာ Titanic ရုပ်ရှင်ကို ကျော်တက်သွားပြီ ဖြစ်တဲ့ Top Gun: Maverick

၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Top Gun ရုပ်ရှင်ရဲ့အဆက် ဖြစ်တဲ့ Top Gun: Maverick ကတော့ ယူအက်စ်ပြည်တွင်း box-office မှာ Titanic ရုပ်ရှင်ကို ကျော်တက်သွားပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ မေလမှာ စတင်ပြီး ရုံတင်ပြသခဲ့ပြီး ကောင်းမွန်တဲ့ ဝေဖန်ချက်တွေများစွာလည်း ရရှိထားပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Joseph Kosinski ရိုက်ကူးထားပြီး Tom Cruise အပါအဝင် တခြားနာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်တဲ့ Jennifer Connelly နဲ့ Val Kilmer တို့လို သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။

photo via screenrant

ဇာတ်လမ်းအကျဉ်းကတော့ Maverick ဟာ အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုအတွက် အဖွဲ့တစ်ခုကို လေ့ကျင့်ပေးရတာ မြင်တွေ့ရမှာ ဖြစ်ပြီး IMDb (8.6) တောင် ရရှိထားပါတယ်။ မူလ Top Gun ရုပ်ရှင်ကိုလည်း ပရိသတ်တွေက ကြိုက်နှစ်သက်ခဲ့ကြပေမယ့်လည်း ဝေဖန်ချက်တွေမျိုးစုံ ရရှိခဲ့ပြီး Tom Cruise ကိုယ်တိုင်ကလည်း ၁၉၉၀ တုန်းက ဒီရုပ်ရှင်ရဲ့ Sequel မှာ ပြန်မပါတော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သို့သော်လည်း အကြောင်းကြောင်းကြောင့် sequel မှာ ပြန်ပါဖြစ်သွားပြီး မူလရုပ်ရှင်ထက် အခြေအနေ ပိုမိုကောင်းနေတာကို တွေ့ရပါတယ်။

EW သတင်းဌာနရဲ့ ဖော်ပြချက်အရ ယခုအချိန်မှာ‌တော့ Top Gun: Maverick ရုပ်ရှင်ဟာ အမေရိကန်တစ်နိုင်ငံတည်းမှာတင် ဝင်ငွေ ဒေါ်လာ (၆၆၂.၅)သန်း ရရှိခဲ့ပြီး အမေရိကန်ပြည်တွင်း box-office မှာတော့ ဝင်ငွေအကောင်းဆုံး နံပါတ်(၇)နေရာကို သိမ်းပိုက်နိုင်သွားပြီလို့ သိရပါတယ်။ Titanic ရုပ်ရှင်ကတော့ ပြည်တွင်းမှာ ဒေါ်လာ (၆၅၉.၃)သန်း ရရှိခဲ့ပြီး ယခုအချိန်မှာတော့ ဝင်ငွေအကောင်းဆုံး နံပါတ်(၈)နေရာကို ကျဆင်းသွားပြီ ဖြစ်ပါတယ်။ Top Gun: Maverick ဟာ နိုင်ငံတကာ box-office မှာတော့ ဒေါ်လာ (၁.၃၅)ဘီလျံ ရရှိထားပြီး ဝင်ငွေအကောင်းဆုံး ဇာတ်ကားတွေရဲ့ နံပါတ်(၁၃)နေရာမှာ ရှိနေပါတယ်။

photo via screenrant

၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Top Gun ရုပ်ရှင်ဟာလည်း အဲဒီနှစ်ရဲ့ ဝင်ငွေအများဆုံး ရုပ်ရှင် ဖြစ်ခဲ့သလို ဂျက်လေယာဉ်တွေရဲ့ အက်ရှင်ခန်းတွေဟာလည်း ပရိသတ်တွေကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း Top Gun: Maverick ဟာ မူလရုပ်ရှင်ထက်ကို အဆပေါင်းများစွာ ကျော်လွန်နေပြီး နာမည်ကြီး ဒါရိုက်တာတစ်ယောက် ဖြစ်တဲ့ Quentin Tarantino ရဲ့ ချီးကျူးမှုကိုတောင် ရရှိထားပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ ယခုအချိန်အထိ ရုံတင်နေဆဲ ဖြစ်တာကြောင့် ဝင်ငွေတွေ ထပ်မံရရှိလာဦးမှာ ဖြစ်ပြီး ဘယ်ရုပ်ရှင်တွေကို ထပ်မံကျော်တက်သွားဦးမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular