HomeEntertainmentFilmWednesday စီးရီးထဲမှာ Jenna Ortega ဟာ တကယ်ပဲ Cello တီးခတ်ခဲ့တာလား?

Wednesday စီးရီးထဲမှာ Jenna Ortega ဟာ တကယ်ပဲ Cello တီးခတ်ခဲ့တာလား?

နာမည်ကျော် ဒါရိုက်တာကြီး Tim Burton ရိုက်ကူးထားတဲ့ Wednesday ဇာတ်လမ်းတွဲကတော့ The Addams Family ရဲ့ spin-off ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ မင်းသမီး Jenna Ortega သရုပ်ဆောင်ထားတဲ့ Wednesday Addams ကတော့ တကယ်ပဲ စွမ်းရည်ပြည့်ဝတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ fence အားကစားမှာလည်း ကျွမ်းကျင်သလို အကနဲ့ ကိုယ်ခံပညာရပ်တွေမှာလည်း ကျွမ်းကျင်တတ်မြောက်ထားတဲ့အပြင် စာရေးခြင်း၊ ပဟေဠိတွေကို ဖြေရှင်းနိုင်ခြင်းနဲ့ Cello တို့ကိုလည်း တီးခတ်နိုင်သူ ဖြစ်ပါတယ်။

မင်းသမီး Jenna Ortega ကတော့ ဇာတ်လမ်းတလျှောက်လုံးမှာ Wednesday ထုတ်ပြသွားခဲ့တဲ့ အရည်အချင်းတွေအားလုံးကို ကျွမ်းကျင်စွာ ပြသပြီး သရုပ်ဆောင်နိုင်ဖို့အတွက် ပြင်ဆင်မှုများစွာနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ တကယ်တော့ Ortega ဟာ Wednesday ဇာတ်ကောင်ကို ရရှိမယ်လို့ လုံးဝမမျှော်မှန်းထားခဲ့ပါဘူး။

Photo Credit: Netflix

စတူဒီယို A24 ရဲ့ X ဇာတ်ကားကို ရိုက်ကူးနေတဲ့အချိန်မှာပဲ ဒါရိုက်တာကြီး Tim Burton က သူမကို Zoom Call ကနေတဆင့် Wednesday ဇာတ်ကောင်အတွက် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းကဆိုရင် သူမဟာ ယုံတောင်မယုံနိုင်ဘဲ ဒါရိုက်တာကြီးက သူမကို စနောက်နေတယ်လို့တောင် ထင်ခဲ့တယ်လို့ ဆိုပါတယ်။

တကယ်တမ်း ရွေးချယ်ခံရတဲ့နောက်မှာလည်း ဒီ franchise ရဲ့သမိုင်းကြောင်း၊ ရှေ့ကသရုပ်ဆောင်တွေရဲ့ အမွေအနှစ်တွေ၊ ပရိသတ်တွေရဲ့ ဇာတ်ကောင်တွေအပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာစတဲ့ ကြီးလေးတဲ့ အရှိန်အဝါတွေကြောင့် Ortega အတွက် စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်စေခဲ့ပါသေးတယ်။ သို့သော်လည်း သူမရဲ့ကြိုးစားပြင်ဆင်မှုတွေကြောင့် Wednesday ရဲ့ဇာတ်ကောင်ကို လှပစွာ အသက်သွင်းနိုင်ခဲ့ပါတယ်။

Cello တီးခတ်တတ်ဖို့ ဘယ်လောက်အချိန်ယူ ပြင်ဆင်ခဲ့ရလဲ?

Photo Credit: Netflix

Jenna Ortega အတွက် Wednesday ဇာတ်ကောင်ကို ရွေးချယ်ခံရတဲ့အချိန်နဲ့ ရိုက်ကူးရေး စတင်တဲ့အချိန်ဟာ ကြားထဲမှာ လအနည်းငယ်သာ အချိန်ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ သူမဟာ Cello ကို ကျွမ်းကျင်စွာ တီးခတ်နိုင်ဖို့ လေ့ကျင့်ချိန် မရရှိခဲ့ဘဲ ဒီတူရိယာရဲ့ အခြေခံတွေကို ပိုင်နိုင်ရုံသာ လေ့ကျင့်ခဲ့ရပါတယ်။

အနည်းဆုံးတော့ နောက်ခံတေးသီချင်းနဲ့ သူမရဲ့သရုပ်ဆောင်ပုံဟာ လိုက်ဖက်မှုရှိပြီး တကယ် အံဝင်ခွင်ကျဖြစ်နေဖို့သာ လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။ Wired သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ Ortega ဟာ Wednesday ရိုက်ကူးရေး မစတင်ခင် Cello အတွက် နှစ်လခန့် လေ့ကျင့်ချိန်ရခဲ့တယ်လို့ သိရပါတယ်။

Cello နဲ့ Wednesday တီးခတ်ခဲ့တဲ့ သီချင်းများ

Photo Credit: Netflix

Wednesday ဟာ ဒီဇာတ်လမ်းတွဲရဲ့ season 1 ထဲမှာတော့ Cello တီးခတ်တဲ့ ဇာတ်ဝင်ခန်းတချို့ ပါဝင်ခဲ့ပါတယ်။ အပိုင်း(၁)ထဲက သူမရဲ့ Cello ကျွမ်းကျင်မှုကို ပြသတဲ့အနေနဲ့ ပထမဆုံးတီးခတ်သွားတဲ့ တေးသီချင်းကတော့ The Rolling Stones အဖွဲ့ရဲ့ “Paint It Black” ဖြစ်ပါတယ်။

အဲဒီနောက် အပိုင်း(၃)ထဲက Jericho Highschool Band နဲ့အတူတွဲပြီး တီးခတ်ခဲ့တဲ့ သီချင်းကတော့ Fleetwood Mac ရဲ့ rock classic တစ်ပုဒ်ဖြစ်တဲ့ “Don’t Stop” ဖြစ်ပါတယ်။ အဲဒီအခိုက်အတန့်နဲ့ သိပ်မကြာခင် တစ်မြို့လုံး ကသောင်းကနင်း ဖြစ်နေချိန်မှာ Wednesday တီးသွားတဲ့ သီချင်းကတော့ Vivaldi ရဲ့ “Winter” ပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ ကျန်ရှိတဲ့ စီးရီးရဲ့တစ်ဝက်လောက်ကိုတော့ Wednesday ဟာ Classical Music ဘက်ကို ကူးပြောင်းပြီး တီးခတ်သွားတာ တွေ့ရပါတယ်။ အပိုင်း(၆)မှာတော့ သူမဟာ Cello ကို လေ့ကျင့်နေတဲ့ အခန်းတစ်ခု ပါဝင်ခဲ့ပြီး အဲဒီအချိန်မှာ တီးခတ်သွားတာကတော့ Elgar ရဲ့ “Cello Concerto in E Minor” ဖြစ်ပါတယ်။

ပရိသတ်အများစု သတိမထားမိလောက်တဲ့ အလွဲတစ်ခု

Photo Credit: Netflix

မျက်စိလျင်ပြီး Cello တီးခတ်တတ်တဲ့ ပရိသတ်တွေနဲ့ ဂီတအကြောင်း ကျွမ်းကျင်နားလည်သူတွေ ဆိုရင်တော့ အပိုင်း(၁)ထဲက Wednesday ရဲ့ Cello တီးတဲ့အခန်းမှာ အလွဲကြီးတစ်ခု ဖြစ်နေတာကို သိနိုင်ပါလိမ့်မယ်။ အဲဒါကတော့ သူမရဲ့ရှေ့မှာ ချထားတဲ့ နုတ်စာရွက်ဟာ ဇာတ်ဝင်ခန်းထဲမှာ ထည့်သွင်းထားတဲ့ The Rolling Stones ရဲ့ “Paint It Black” သီချင်း မဟုတ်ဘူးဆိုတာပါပဲ။

တကယ်တော့ အဲဒီနုတ်စာရွက်ထဲက တေးသီချင်းဟာ Bach ရဲ့ Cello Suite No. 1 ဖြစ်ပါတယ်။ အဲဒီသီချင်းဟာ တကယ်တော့ ရိုက်ကူးရေးအတွက် Ortega လေ့ကျင့်ခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ ဒါကတော့ ရိုက်ကူးရေးအဖွဲ့သားတွေလည်း အမှုမဲ့အမှတ်မဲ့နဲ့ လွဲချော်သွားခဲ့ပုံ ရပါတယ်။

Vancouver

Source: screenrant

 

RELATED ARTICLES

Most Popular