HomeEntertainmentFilm2022 Emmys မှာ စံကာတင်စာရင်းနဲ့ လွဲခဲ့ရတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်များ

2022 Emmys မှာ စံကာတင်စာရင်းနဲ့ လွဲခဲ့ရတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်များ

၂၀၂၂ ခုနှစ်အတွက် Emmy Awards ရဲ့ စံကာတင်စာရင်းတွေကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ TV ကဏ္ဍဖြစ်တဲ့ ဇာတ်လမ်းတွဲတွေ၊ talk show တွေနဲ့ အခြားရသစုံရှိုးတွေအတွက် နှစ်စဉ် ဆုချီးမြှင့်ပေးနေကျဖြစ်ပြီး အရှိန်အဝါ အကြီးမားဆုံး ထူးချွန်ဆုတစ်ခုလည်း ဖြစ်တဲ့ Emmy Awards ကတော့ ယခုနှစ်မှာ ထိုက်တန်စွာ စံကာတင်စာရင်း ဝင်ထားသူတွေလည်း ရှိသလို ပရိသတ်တွေကြားမှာ အလွန်ရေပန်းစားပြီး ချစ်ခင်နှစ်သက်ကြတဲ့ သရုပ်ဆောင်တွေကို ချန်လှပ်ထားခဲ့တာတွေလည်း ရှိနေပါတယ်။ ၂၀၂၂ ခုနှစ်ရဲ့ Emmys စံကာတင်စာရင်းမှာ ပါဝင်ခြင်း မရှိခဲ့တဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်တွေကတော့ …

Selena Gomez

Photo Credit: Hulu

Selena Gomez ကတော့ Hulu ရဲ့ Only Murders in the Building ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှုကို ရရှိထားပေမယ့် စံကာတင်မှာတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ တကယ်တော့ သူမဟာ Comedy category မှာ ဇာတ်ဆောင်အမျိုးသမီးဆုအတွက် စံကာတင်တော့ ပါဝင်သင့်သူ ဖြစ်ပါတယ်။

Only Murders in the Building ကတော့ ကွန်ဒိုတိုက်ခန်းတွဲတစ်ခုမှာ နေထိုင်ကြတဲ့ လူစိမ်းသုံးယောက်ဟာ လူသတ်မှုတစ်ခုကို စိတ်ဝင်တစား စုံစမ်းကြရာကနေ သူတို့ကိုယ်တိုင် ဒီအရှုပ်ထုပ်ထဲမှာ ပါဝင်ပတ်သက်လာမိတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဟာသဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ Selena Gomez ကတော့ ဒီစီးရီးထဲမှာ Mabel Mora ဆိုတဲ့ ဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb rating ကတော့ 8.1 ရရှိထားပါတယ်။

Millie Bobby Brown

Photo Credit: Netflix

Stranger Things ဇာတ်လမ်းတွဲနဲ့ စတားတစ်ယောက် ဖြစ်လာတဲ့ မင်းသမီးလေး Millie Bobby Brown ကတော့ Emmys ရဲ့ စံကာတင်စာရင်းမှာ သိသိသာသာ ကျန်နေရစ်ခဲ့တဲ့တစ်ယောက် ဖြစ်ပါတယ်။ သို့သော်လည်း Stranger Things Season 4 Vol.1 တစ်ခုတည်းကပဲ ယခုနှစ် Emmys အတွက် အကျုံးဝင်ထားတာ ဖြစ်တဲ့အတွက် နောက်နှစ်မှာတော့ Season 4 Vol. 2 နဲ့လည်း စံကာတင်ရနိုင်ချေတော့ ရှိနေပါသေးတယ်။

Stranger Things ဇာတ်လမ်းတွဲကတော့ စိတ်ကူးယဉ်မြို့လေးတစ်ခု ဖြစ်တဲ့ Hawkins မြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီမြို့က ကလေးတစ်စုဟာ Eleven လို့ခေါ်တဲ့ စွမ်းအားပိုင်ဆိုင်ထားတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ IMDb rating ကတော့ 8.7 ရရှိထားပါတယ်။

Sadie Sink

Photo Credit: Netflix

Sadie Sink ဟာလည်း Stranger Things ဇာတ်လမ်းတွဲထဲက သရုပ်ဆောင်ပဲ ဖြစ်ပြီး Emmys မှာ ချန်လှပ်ခံထားရတဲ့ နောက်ထပ် ပရိသတ်အချစ်တော်တစ်ဦးပဲ ဖြစ်ပါတယ်။ Sadie ကတော့ Max Mayfield ဆိုတဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ထားတာ ဖြစ်ပြီး season 2 ကနေ စတင်ပါဝင်လာခဲ့ကာ ယခုထုတ်လွှင့်ပြီးတဲ့ season 4 မှာတော့ သူမဟာ အဓိက အရေးကြီးတဲ့နေရာက ပါဝင်ထားတာ ဖြစ်ပါတယ်။ သို့သော်လည်း သူမဟာလည်း Millie Bobby Brown နဲ့ အလားတူပဲ လာမယ့်နှစ် Emmys မှာတော့ Season 4 Vol. 2 နဲ့ စံကာတင်ဝင်ရောက်နိုင်ချေ ရှိပါတယ်။

Tracee Ellis Ross

Photo Credit: ABC

မင်းသမီး Tracee Ellis Ross ကတော့ လက်ရှိနာမည်ကြီးနေတဲ့ အမေရိကန် sit-com ဟာသဇာတ်လမ်းတွဲ black-ish မှာ ပါဝင်သရုပ်ဆောင်ထားပေမယ့် စံကာတင်စာရင်းမှာတော့ ပါဝင်လာခြင်း မရှိပါဘူး။ သူမဟာ Comedy category မှာ စံကာတင်(၅)ကြိမ် ပါဝင်ဖူးပေမယ့် တစ်ကြိမ်မှတော့ ဆုရရှိခဲ့ခြင်း မရှိသေးပါဘူး။ ပရိသတ်တွေဟာ ဒီနှစ်မှာတော့ Emmys ဆုနဲ့ သူမ အိမ်ပြန်ခရီးလှမယ်လို့ မျှော်လင့်ထားကြပေမယ့် စံကာတင်မှာတောင် မပါဝင်လာတာကတော့ စိတ်မကောင်းစရာပါပဲ။

black-ish ဇာတ်လမ်းတွဲကတော့ လူတစ်ယောက်ဟာ သူ့ရဲ့မိသားစုကို အိမ်နီးနားချင်းတွေနဲ့ အဆင်ပြေအောင် ကြိုးစားပြီး လူ့အဖွဲ့အစည်းမှာ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ Tracee Ellis Ross ကတော့ ဒီဇာတ်လမ်းတွဲထဲမှာ Rainbow Johnson အဖြစ် သရုပ်ဆောင်ထားပါတယ်။ IMDb rating ကတော့ 7.2 ရရှိထားပါတယ်။

Mandy Moore

Photo Credit: Ron Batzdorff/ NBC

အဆိုတော်၊ သရုပ်ဆောင် Mandy Moore ကတော့ This Is Us ဇာတ်လမ်းတွဲထဲမှာ မိသားစုရဲ့အဓိက အသက်သွေးကြော အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင်ထားပေမယ့် Emmys မှာတော့ စံကာတင်တောင် မဝင်ခဲ့ပါဘူး။ သူမကတော့ ဒီဇာတ်လမ်းတွဲထဲမှာ Rebecca ဆိုတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

This Is Us ကတော့ မတူညီတဲ့ နောက်ခံနဲ့ မိသားစုတွေရဲ့အကြောင်း ရိုက်ပြထားတဲ့ မိသားစုဒရာမာဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ season ခြောက်ခုရှိပြီး ယခုနှစ်မှာပဲ နောက်ဆုံး season ကို ထုတ်လွှင့်ထားတာ ဖြစ်ပါတယ်။ IMDb rating ကတော့ 8.7 ရရှိထားပါတယ်။

Jennifer Aniston

Photo Credit: Apple TV+

ပရိသတ်အချစ်တော် မင်းသမီးတစ်လက်ဖြစ်တဲ့ Jennifer Aniston ကတော့ The Morning Show ဇာတ်လမ်းတွဲထဲမှာ ပရိသတ်အားပေးမှု ရရှိထားပေမယ့် စံကာတင်စာရင်းနဲ့တော့ လွဲခဲ့ရပါတယ်။ သို့ပေမယ့်လည်း ဒီဇာတ်လမ်းတွဲထဲမှာ သူမနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး Reese Witherspoon ကတော့ စံကာတင်မှာ ပါဝင်ထားပါတယ်။ Jennifer ကတော့ ဒီဇာတ်လမ်းတွဲထဲမှာ Alex Levy အဖြစ် သရုပ်ဆောင်ထားပါတယ်။

The Morning Show ကတော့ မနက်ခင်းအစောပိုင်း တီဗွီရှိုးတစ်ခုကို စီစဉ်တင်ဆက်ရတဲ့ ဝန်ထမ်းတွေရဲ့အကြောင်းနဲ့ ကင်မရာနောက်ကွယ်က ခေတ်သစ်လုပ်ငန်းခွင်အကြောင်းကို ရိုက်ကူးပြသထားတဲ့ Apple TV+ ရဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ IMDb rating ကတော့ 8.3 ရရှိထားပါတယ်။

‘Dickinson’

Photo Credit: Apple TV+

စံကာတင်စာရင်းမှာ ပါဝင်သင့်လျက်နဲ့ လွဲချော်သွားတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုကတော့ Dickinson ပဲ ဖြစ်ပါတယ်။ Apple TV+ ရဲ့ ဒီဇာတ်လမ်းတွဲကတော့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှု၊ အဝတ်အစားဒီဇိုင်း၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း အစရှိသဖြင့် ကောင်းမွန်ပြည့်စုံနေပါလျက် Emmys ရဲ့ လျစ်လျူရှုမှုကို ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ မင်းသမီးလေး Hailee Steinfeld က ခေါင်းဆောင် ပါဝင်ထားပါတယ်။

ဇာတ်လမ်းကတော့ တက်သစ်စ စာရေးဆရာမလေး Emily Dickinson ဟာ အများနဲ့ရှုထောင့်မတူတဲ့ သူမရဲ့အတွေးအခေါ်နဲ့ (၁၉)ရာစုရဲ့ လူမှုပတ်ဝန်းကျင်၊ လိင်ခွဲခြားမှုနဲ့ မိသားစုရေးရာတွေအကြောင်း ချဉ်းကပ်ပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ IMDb rating ကတော့ 7.5 ရရှိထားပါတယ်။

ဒါကတော့ ၂၀၂၂ ခုနှစ်ရဲ့ Emmy Awards ဆုပေးပွဲမှာ စံကာတင်စာရင်းဝင်ဖို့ ထိုက်တန်ပေမယ့် လျစ်လျူရှုခံလိုက်ရတဲ့ သရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ ဆုရစေချင်တဲ့ အခြားဇာတ်လမ်းတွဲတွေ ရှိရင်လည်း ကောမန့်မှာ ပြောခဲ့ပေးပါဦး။

Vancouver
RELATED ARTICLES

Most Popular