HomeEntertainmentFilmဗီလိန်ဇာတ်ရုပ်မှာ ပြောင်မြောက်စွာ သရုပ်ဆောင်ပြီး အော်စကာဆုရရှိခဲ့ကြသူများ

ဗီလိန်ဇာတ်ရုပ်မှာ ပြောင်မြောက်စွာ သရုပ်ဆောင်ပြီး အော်စကာဆုရရှိခဲ့ကြသူများ

သရုပ်ဆောင်တိုင်းရဲ့ အိပ်မက်ဟာ ဇာတ်လမ်းတစ်ခုရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဟီးရိုးနေရာ၊ ဇာတ်လိုက်နေရာကနေ ခေါင်းဆောင်အဖြစ် ပါဝင်ခွင့်ရဖို့ပဲ ဖြစ်ပါတယ်။ သို့သော်လည်း တချို့သရုပ်ဆောင်တွေကတော့ သရုပ်ဆောင်ပါရမီကို အကောင်းဆုံး ထုတ်ပြနိုင်ဖို့အတွက် ဟီးရိုးရယ်၊ ဗီလိန်ရယ် မရွေးချယ်ကြတော့ပါဘူး။ လူတိုင်းမုန်းတီးကြမယ့် ဗီလိန်ဇာတ်ရုပ်မှာ ပြောင်မြောက်စွာ သရုပ်ဆောင်ပြီးတော့လည်း ဇာတ်လမ်းရဲ့ အရသာကို ပြည့်စုံအောင် ဖြည့်စွက်တတ်ကြပါသေးတယ်။ အခုဖော်ပြပေးချင်တာကတော့ ဗီလိန်ဇာတ်ရုပ်မှာ ပြောင်မြောက်စွာ သရုပ်ဆောင်ပြီး အော်စကာဆုအထိ ဆွတ်ခူးခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။

J.K. Simmons – Whiplash

Photo via screenrant

J.K. Simmons ကတော့ character actor တွေရဲ့ ထုံးစံအတိုင်းပဲ အဓိကဇာတ်လိုက်တွေလောက် အသိအမှတ်ပြု မခံခဲ့ရတဲ့ ဇာတ်ကားပေါင်းများစွာ၊ သရုပ်ဆောင်မှုပေါင်းများစွာ ရှိခဲ့သူ ဖြစ်ပါတယ်။ သို့သော်လည်း ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Whiplash ဇာတ်ကားထဲမှာတော့ သူဟာ အဖက်ဖက်က ပြီးပြည့်စုံမှုကို လိုလားတဲ့၊ အစွန်းရောက်တဲ့ လေ့ကျင့်သင်ကြားမှုတွေနဲ့ ဂီတနည်းပြ Terence Fletcher အဖြစ် သရုပ်ဆောင်ပြီး အော်စကာဆု ရရှိခဲ့ပါတယ်။ အဆိုပါ ဇာတ်ကားထဲမှာတော့ Simmons ဟာ ဒေါသကြီးတဲ့ ကာရိုက်တာအဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင်ထားသလို သူ့ရဲ့ ဂီတဘက်မှာ ကျွမ်းကျင်ပိုင်နိုင်မှုတွေကိုပါ လှလှပပ ထည့်သွင်းသရုပ်ဆောင်ထားပါတယ်။

Sam Rockwell – Three Billboards Outside Ebbing, Missouri

Photo via screenrant

ဒါရိုက်တာ Martin McDonagh ရဲ့ လက်ရာ Three Billboards Outside Ebbing, Missouri ဇာတ်ကားထဲမှာတော့ ဗီလိန်တွေတစ်ယောက်ထက်မက ပါဝင်ပါတယ်။ Sam Rockwell သရုပ်ဆောင်ထားတဲ့ Jason Dixon ဇာတ်ကောင်ကတော့ တယူသန် ရဲအရာရှိတစ်ယောက် ဖြစ်ပြီး သူကာကွယ်စောင့်ရှောက်ပေးဖို့ သစ္စာဆိုထားတဲ့ ပြည်သူတွေအပေါ်မှာ အကြမ်းဖက်မှုတွေ ကျူးလွန်ပြီး အာဏာကို အလွဲသုံးစား ပြုလုပ်သူ ဖြစ်ပါတယ်။

သို့သော်လည်း သူဟာ တကယ်တမ်းမှာ သနားစရာ အမေချစ်သားလေးတစ်ယောက်သာ ဖြစ်ပြီး တချို့အချိန်တွေမှာဆိုရင် ကူကယ်ရာမဲ့နေသူတစ်ယောက်သာ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်မှာတော့ Sam Rockwell ဟာ အများကို ပါဝါအာဏာပြပြီး အကြမ်းဖက်တတ်သူတွေဟာ သူတို့ကိုယ်တိုင်က သနားစရာသတ္တဝါ ဖြစ်နေတတ်တယ်ဆိုတဲ့ သဘာဝကို ပေါ်လွင်စွာ သရုပ်ဆောင်ထားပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်ရုပ်နဲ့ အော်စကာ ရရှိခဲ့တာ ဖြစ်ပါတယ်။

Javier Bardem – No Country For Old Men

Photo via screenrant

No Country For Old Men ဇာတ်ကားကတော့ Best Picture ဆုအပါအဝင် အော်စကာ(၄)ဆု ရရှိခဲ့ပါတယ်။ Javier Bardem ကတော့ ဗီလိန်ဇာတ်ရုပ်ဖြစ်တဲ့ Anton Chigurh နေရာမှာ ပါဝင်ထားပြီး ဇာတ်ဝင်ခန်းတိုင်းမှာ ထိတ်လန့်စရာကောင်းလောက်တဲ့ သရုပ်ဆောင်မှုနဲ့ အစွမ်းပြထားပါတယ်။ Chigurh ဟာ ကာရိုက်တာတစ်ခုဆိုတာထက် ကံတရားရဲ့ သက်ရှိပြယုဂ်၊ ရှောင်လွဲလို့ မရနိုင်ခြင်းစတာတွေကို ကိုယ်စားပြုပါတယ်။ ဒါကြောင့်လည်း ဒီဇာတ်ရုပ်မှာ သရုပ်ဆောင်ခဲ့တဲ့ Javier Bardem ဟာ အော်စကာဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။

Kathy Bates – Misery

Photo via screenrant

Misery ကတော့ စာရေးဆရာကြီး Stephen King ရဲ့ အမည်တူဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ ၁၉၉၀ ခုနှစ်ထွက် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး Kathy Bates ကတော့ အဆိုးဝါးဆုံး အမာခံပရိသတ်တစ်ယောက်အဖြစ် ကြောက်ခမန်းလိလိ သရုပ်ဆောင်ပြီး Best Actress ဆုနဲ့ အော်စကာ ဆွတ်ခူးခဲ့ပါတယ်။

သူမဟာ Annie Wilkes ဆိုတဲ့ ဇာတ်ရုပ်မှာ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ Annie ဟာ သူမ အရူးအမူးနှစ်သက် စွဲလမ်းရတဲ့ စာရေးဆရာကို ယာဉ်တိမ်းမှောက်မှုတစ်ခုကနေ ကယ်တင်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူမ ဘယ်လိုမှ လက်မခံနိုင်တဲ့ ဇာတ်သိမ်းကို ရေးသားခဲ့တဲ့အတွက် စာရေးဆရာကို အဲဒီဇာတ်လမ်းကို ပြင်ဆင်ရေးသားဖို့ တောင်းဆိုလာပါတော့တယ်။

Sir Anthony Hopkins – The Silence of the Lambs

Photo via screenrant

Silence of the Lambs ထဲက Hannibal Lecter ကတော့ ဗီလိန်အစစ်ကြီး မဟုတ်ပါဘူး။ သူဟာ ဒီဇာတ်ကားထဲက ဟီးရိုးဖြစ်တဲ့ Clarice Starling ကို ကူညီပေးပြီး လူဆိုးကို ဖမ်းဆီးနိုင်အောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။ သို့သော်ငြားလည်း သူဟာ လူသားစားသူတစ်ယောက်သာ ဖြစ်နေသေးပြီး ထောင်ကဖောက်ထွင်းရာမှာလည်း အစောင့်တွေကို သတ်ဖြတ်ခဲ့ပါသေးတယ်။

ဒီဇာတ်ကားထဲက Sir Anthony Hopkins ရဲ့ အထင်ကရဖြစ်လွန်းတဲ့ သရုပ်ဆောင်မှုဟာ အမြဲတမ်း ပြောစမှတ် ဖြစ်နေမှာပါ။ ဒါ့အပြင် screen time (၁၆)မိနစ်စာခန့်ပဲ ရရှိခဲ့ပေမယ့် Best Actor ဆုနဲ့ အော်စကာဆွတ်ခူးခဲ့တာကိုက မင်းသားကြီးရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုကို လက်ဖျားခါလောက်ပါတယ်။

Christoph Waltz – Inglorious Basterds

Photo via screenrant

ဒါရိုက်တာ Quentin Tarantino ဟာ Inglorious Basterds ဇာတ်ကားကို ရိုက်ကူးဖို့ ပြင်ဆင်ခဲ့တုန်းက Hans Landa ဇာတ်ရုပ်နဲ့ အံဝင်ခွင်ကျ လိုက်ဖက်မယ့် သရုပ်ဆောင်ကို ရှာမတွေ့မှာတောင် စိုးရိမ်မိခဲ့တယ်လို့ ဆိုပါတယ်။ Hans Landa ဟာ ဉာဏ်ကောင်းလွန်းပြီး သနားစာနာမှု လုံးဝကင်းမဲ့တဲ့ လူ့မိစ္ဆာတစ်ယောက် ဖြစ်သလို ထူးဆန်းပြီး ရယ်ရတဲ့ နာဇီတစ်ယောက် ဖြစ်ပါတယ်။

ဒါရိုက်တာ Quentin Tarantino အနေနဲ့ ဒရာမာချိုးတဲ့နေရာမှာရော၊ ဟာသဉာဏ်ရွှင်တဲ့လူကိုပါ လိုချင်တာဖြစ်ပြီး အင်္ဂလိပ်လိုရော၊ ဂျာမန်လိုပါ ကျွမ်းကျင်စွာ ပြောနိုင်တဲ့အပြင် ပင်ကိုသဘာဝအရ ဩဇာအရှိန်အဝါကောင်းပြီးသား လူတစ်ယောက်ကို လိုချင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအပ်ချက်တွေနဲ့ ကွက်တိကျခဲ့သူကတော့ Christoph Waltz ပဲ ဖြစ်ပါတယ်။

Christoph Waltz ဟာ Han Landa ဇာတ်ရုပ်ကို ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့ပြီး Best Supporting Actor ဆုနဲ့ အော်စကာကိုလည်း ထိုက်တန်စွာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မက ဒီဇာတ်ရုပ်ဟာ ဒါရိုက်တာ Quentin Tarantino ဖန်တီးခဲ့တဲ့ အထင်ကရအဖြစ်ဆုံး ဇာတ်ရုပ်လည်း ဖြစ်ပါတယ်။

Louise Fletcher – One Flew Over The Cuckoo’s Nest

Photo via screenrant

မင်းသမီး Louise Fletcher ကတော့ ဒီဇာတ်ရုပ်မတိုင်ခင်အထိ TV ဘက်မှာသာ အဓိကသရုပ်ဆောင်နေခဲ့တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ အခြားမင်းသမီးတွေရဲ့ ငြင်းပယ်မှုနဲ့ ဒီဇာတ်ကားထဲက သွေးအေးရက်စက်တဲ့ Salem State ဆေးရုံရဲ့ သူနာပြုချုပ် Ratched အဖြစ် သရုပ်ဆောင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

သူမဟာ လူနာတွေအပေါ်မှာ ကြီးမားတဲ့ အုပ်စိုးမှုကို ရရှိထားပြီး သူမရဲ့စည်းမျဉ်းတွေကို ကျော်ဖြတ်ဖို့ ကြိုးစားလာသူတိုင်းကို အညှာအတာကင်းမဲ့စွာ ပညာပေးနေကျ သူနာပြုဆရာမကြီး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်ရုပ်နဲ့ အော်စကာဆုကို ထိုက်တန်စွာ ရရှိခဲ့တာ ဖြစ်ပါတယ်။ One Flew Over Cuckoo’s Nest ဟာ အော်စကာဆုပေးပွဲမှာ Best Picture ၊ Best Director ၊ Best Actor ၊ Best Actress ၊ Best Screenplay ဆိုတဲ့ အဓိကဆုကြီးအားလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ သုံးကားတည်းသော ရုပ်ရှင်ထဲက ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

Daniel Day-Lewis – There Will Be Blood

Photo via screenrant

There Will Be Blood ထဲမှာတော့ Daniel Day-Lewis သရုပ်ဆောင်ထားတဲ့ Daniel Plainview ဟာ မေးခွန်းထုတ်စရာ မလိုလောက်အောင် ဒီဇာတ်လမ်းတစ်ခုရဲ့ ဗီလိန်အဆန်ဆုံး ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။ သူဟာ စက်သုံးဆီလောကမှာ ဘုရင်တစ်ဆူကဲ့သို့ ဩဇာတိက္ကမ ကြီးမားတဲ့ သူဌေးကြီးတစ်ယောက် ဖြစ်လာအောင် ကြိုးစားနေတဲ့ ညှာတာစိတ်ကင်းမဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ငွေကြေးနဲ့ အာဏာအတွက် မရပ်တန့်နိုင်အောင် ဆာလောင်မွတ်သိပ်နေတဲ့ သူ့ရဲ့ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုအတွက် ၂၀၀၈ ခုနှစ် အော်စကာဆုပေးပွဲမှာ Best Actor ဆုကို ဆွတ်ခူးခဲ့ပါတယ်။

Denzel Washington – Training Day

Photo via screenrant

မင်းသားကြီး Denzel Washington ကတော့ Training Day ဇာတ်ကားနဲ့ Best Actor အော်စကာဆုကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ အော်စကာဆု ရရှိခဲ့တာမှာ ထူးခြားချက်ကတော့ များသောအားဖြင့် မင်းသားကြီးဟာ မှန်ကန်ဖြောင့်မတ်တဲ့ ဟီးရိုးနေရာကနေပဲ သရုပ်ဆောင်လေ့ ရှိတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ပရိသတ်တွေအနေနဲ့ Denzel Washington ကို ရန်လိုပြီး ရက်စက်တတ်တဲ့၊ ညစ်ပတ်တဲ့ ရဲသားတစ်ယောက်အဖြစ် မြင်တွေ့ရတာမှာ အံ့အားသင့်စရာ ဖြစ်စေခဲ့ပါတယ်။ သို့သော်လည်း မင်းသားကြီးဟာ ဇာတ်ရုပ်နဲ့ အံဝင်ခွင်ကျ ဖြစ်လွန်းစွာနဲ့ပဲ ပရိသတ်တွေ မမြင်ဖူးသေးတဲ့ သူ့ရဲ့ ဗီလိန်ဇာတ်ရုပ်ကို လှပစွာ ပြသနိုင်ခဲ့ပါတယ်။

Heath Ledger – The Dark Knight

Photo via screenrant

The Dark Knight ထဲက Joker ဇာတ်ရုပ်မှာ Heath Ledger သရုပ်ဆောင်ခဲ့သလိုမျိုး ပြီးပြည့်စုံတဲ့ သရုပ်ဆောင်မှုဆိုတာ အများကြီးတော့ ရှိမယ်မထင်ပါဘူး။ Heath Ledger ဟာ လှုပ်ရှားမှုတိုင်း၊ ပြောသမျှ စကားတိုင်းကို အမှားအယွင်း၊ အပိုအလိုမရှိဘဲ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ Heath Ledger ရဲ့ Joker ဟာ မျိုးဆက်တစ်ခုစာအတွက် အမှတ်ရစရာအကောင်းဆုံး ဗီလိန်ဇာတ်ရုပ်တစ်ခုအနေနဲ့ အမြဲတမ်း အထင်ကရ ဖြစ်နေဦးမှာပါ။ သို့သော်လည်း သူဟာ ဇာတ်ကားရိုက်ကူးရင်းနဲ့ပဲ စိတ်မကောင်းစရာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သို့သော်လည်း သူ့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုအတွက် ကွယ်လွန်ပြီးမှ အော်စကာဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

Joaquin Phoenix – Joker

Photo via IMDb

Joker ဇာတ်ရုပ်မှာ သရုပ်ဆောင်ပြီး အော်စကာရရှိခဲ့တာဟာ Heath Ledger အပြင် Joaquin Phoenix လည်း ရှိပါသေးတယ်။ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Joker ရုပ်ရှင်ကတော့ ဘတ်ဂျက် ဒေါ်လာသန်း(၇၀)တည်းနဲ့ ရိုက်ကူးခဲ့ပြီး box-office မှာ ဝင်ငွေ ဒေါ်လာ(၁)ဘီလျံကျော် ရရှိတဲ့အထိ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

နာမကျန်းနေတဲ့ မိခင်ဖြစ်သူနဲ့ နေထိုင်ရင်း ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကို မချိမဆံ့ ခံစားနေရတဲ့ စိတ်ဝေဒနာရှင် Arthur Fleck ဟာ နောက်ဆုံးမှာတော့ စိတ်ကိုလွှတ်ပေးပြီး မှုခင်းတွေနဲ့ ပရမ်းပတာ ရှုပ်ထွေးပွေလီမှုတွေကို ဖန်တီးပါတော့တယ်။ ဒီဇာတ်ကားနဲ့ပဲ Joaquin Phoenix ဟာ Best Actor ဆုနဲ့ အော်စကာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ ဗီလိန်ဇာတ်ရုပ်ကို ပြောင်မြောက်စွာ သရုပ်ဆောင်ပြီး အော်စကာဆု ရရှိထားကြတဲ့ သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားသရုပ်ဆောင်တွေရှိရင်လည်း ပြောပြခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular