HomeEntertainmentFilmရုပ်ရှင်ချစ်သူတိုင်း ကြည့်ထားသင့်တဲ့ နာမည်ကြီး ကိုရီးယားရုပ်ရှင်(၁၀)ကား

ရုပ်ရှင်ချစ်သူတိုင်း ကြည့်ထားသင့်တဲ့ နာမည်ကြီး ကိုရီးယားရုပ်ရှင်(၁၀)ကား

ကိုရီးယားရုပ်ရှင်တွေကတော့ ယနေ့ခေတ်မှာ အာရှတိုက်ရဲ့ နာမည်ကြီးဖြစ်နေပြီး ကောင်းမွန်တဲ့ တင်ဆက်မှုနဲ့ ရိုက်ကူး ပုံဖော်မှုတွေကြောင့် နိုင်ငံတကာမှာလည်း နေရာရလာပြီ ဖြစ်ပါတယ်။ ဟောလိဝုဒ်ထိ ထိုးဖောက်နေပြီ ဖြစ်တဲ့ ကိုရီးယားရုပ်ရှင်တွေကတော့ အော်စကာဆုတွေပါ ရရှိနေပြီ ဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူတွေအနေနဲ့ ကြည့်ထားသင့်တဲ့ နာမည်ကျော် ဇာတ်ကားကောင်း (၁၀)ကားကို ဖော်ပြပေးလိုက်ပါတယ်။

(1) Miracle In Cell No.7

Photo via IMDb

ဒီဇာတ်ကားကတော့ လူသတ်မှုတစ်ခုအတွက် မှားယွင်းစွပ်စွဲခံရတဲ့ ဉာဏ်ရည်မပြည့်မီသူတစ်ဦးနဲ့ သူ့ရဲ့(၆)နှစ်အရွယ် သမီးငယ်လေးတို့ရဲ့ကြားက စိတ်နှလုံးနွေးထွေးဖွယ်ရာ ဇာတ်လမ်းကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတလျှောက်မှာတော့ ငိုရမယ့် ဇာတ်ဝင်ခန်းတွေ ပါဝင်သလို ရယ်မောရမယ့် ဇာတ်ဝင်ခန်းတွေလည်း ပါဝင်တာကြောင့် ရိုလာကိုစတာ စီးရသလိုပဲ ခံစားချက်တွေ နိမ့်ချည်မြင့်ချည် ဖြစ်နေမှာပါ။ ၂၀၁၃ ခုနှစ်က ထွက်ရှိထားတဲ့ ဒီဇာတ်ကားဟာ အလွန်အောင်မြင်ခဲ့တာကြောင့် Netflix ကတောင် remake ပြန်ရိုက်ထားရတဲ့အထိပါပဲ။ IMDb rating ကတော့ 8.1 ရရှိထားပါတယ်။

(2) A Tale of Two Sisters

Photo via IMDb

A Tale of Two Sisters ကတော့ horror အမျိုးအစားကို စိတ္တဇဆန်ဆန် ရိုက်ကူးထားတဲ့ နာမည်ကြီးဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဝမ်းနည်းစရာ အတိတ်တစ်ခု ရှိနေတဲ့ မိသားစုတစ်ခုက ကောင်မလေးတစ်ယောက်ဟာ မကြာသေးခင်ကပဲ စိတ္တဇဆေးရုံက ကုသမှုခံယူပြီး အိမ်ပြန်ရောက်လာပါတယ်။ ဒီလိုနဲ့ သူတို့အိမ်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေ ခဏခဏ ဖြစ်လာနေတဲ့အခါမှာတော့ သူတို့ရဲ့မိထွေးဖြစ်သူကို သံသယဝင်လာကြပါတော့တယ်။ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့ပြီး အမေရိကန်ကလည်း ဒီဇာတ်လမ်းကို မှီငြမ်းပြီး ပြန်လည် ရိုက်ကူးထားပါသေးတယ်။ IMDb rating ကတော့ 7.1 ရရှိထားပါတယ်။

(3) The Wailing

Photo via IMDb

horror အမျိုးအစားကိုမှ ကြည့်ပြီးသွားရင် ခြောက်ခြားပြီး မအီမလည်ခံစားချက်နဲ့ ကျန်ခဲ့ရမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ The Wailing ဟာ ကျိန်စာတွေ၊ အစီအရင်တွေ၊ မိစ္ဆာနတ်ဆိုးတွေ၊ အကြမ်းဖက်မှုတွေနဲ့ တည်ဆောက်ထားတဲ့ စိတ္တဇဆန်ဆန် သည်းထိတ်ရင်ဖို ရုပ်ရှင် ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ကိုရီးယားနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ကျေးလက်တောရွာလေးတစ်ခုကို လူစိမ်းတစ်ယောက် ရောက်လာပြီးနောက်မှာတော့ ထူးဆန်းတဲ့ လူသေမှုတွေ ဆက်တိုက်ဖြစ်လာပြီး အမည်မဖော်နိုင်တဲ့ ရောဂါဆန်းတစ်မျိုးကလည်း ပျံ့နှံ့လာပါတယ်။ ဒီလိုနဲ့ ဒီအမှုတွေကို လိုက်လံစုံစမ်းနေတဲ့ ရဲအရာရှိတစ်ယောက်ကတော့ နောက်ဆုံးမှာ ဒီဖြစ်ရပ်တွေကနေ သူသိပ်ချစ်ရတဲ့ သမီးဖြစ်သူကိုပါ ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ ၂၀၁၆ ခုနှစ်က ထွက်ရှိထားပြီး IMDb rating 7.4 ရရှိထားပါတယ်။

(4) Burning

Photo via IMDb

ဒီဇာတ်ကားကတော့ နာမည်ကျော် စာရေးဆရာကြီး Haruki Murakami ရဲ့ ဝတ္ထုတိုဖြစ်တဲ့ Barn Burning ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အလုပ်လက်မဲ့ပြဿနာ၊ လူတန်းစားကွာဟမှု၊ ရေပေါ်ဆီ လူတန်းစားတွေရဲ့ အပျင်းဖြေမှု စတဲ့ လူမှုပြဿနာတွေကို ထည့်သွင်း ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကတော့ ကိုယ်နှစ်သက်သလို ယူဆလို့ရတဲ့ ဇာတ်သိမ်းနဲ့ တင်ဆက်ထားပါတယ်။

ဇာတ်လမ်းကတော့ Jong Soo ဟာ သူ့ငယ်ဘဝက အိမ်နီးချင်းမလေး Hae Mi နဲ့ ပြန်ဆုံတွေ့တဲ့အခါ သူမကို ချစ်မိသွားပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ Hae Mi ဟာ အာဖရိကတိုက်ကို အပျော်ခရီးထွက်သွားတဲ့အခါ သူမအိမ်က ကြောင်လေးကို အစာကျွေးပြီး စောင့်ရှောက်ထားဖို့ Jong Soo ဆီ အပ်နှံခဲ့ပါတယ်။ Hae Mi တစ်ယောက် ခရီးက ပြန်ရောက်တဲ့အခါမှာတော့ သူတို့နဲ့ အဆင့်အတန်းများစွာ ကွာဟတဲ့ Ben ဆိုတဲ့ လူချမ်းသာတစ်ဦးနဲ့ မိတ်ဆွေဖြစ်လာပါတယ်။ အဲဒီနောက် Ben ဆီမှာ ထူးဆန်းတဲ့ ဝါသနာတစ်ခု ရှိနေတဲ့အခါမှာတော့ … ။ ၂၀၁၈ ခုနှစ်က ထွက်ရှိထားပြီး IMDb rating 7.5 ရရှိထားပါတယ်။

(5) The Handmaiden

Photo via IMDb

The Handmaiden ကတော့ နာမည်ကျော် ဒါရိုက်တာ Park Chan Wook ရဲ့ နာမည်ကြီးလက်ရာတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမွေဆက်ခံရမယ့် ဂျပန်အမျိုးသမီးတစ်ဦးဟာ သူမအတွက် အမျိုးသမီးအစေခံတစ်ဦး ငှားရမ်းလိုက်ပါတယ်။ သို့သော်လည်း အဲဒီအစေခံမလေးဟာ လူလိမ်တစ်ယောက်နဲ့ ပူးပေါင်းပြီး သူမရဲ့ချမ်းသာကြွယ်ဝမှုတွေကို သိမ်းပိုက်ဖို့ ကြံစည်နေတဲ့အခါမှာတော့ … ။ ၂၀၁၆ ခုနှစ်က ထွက်ရှိထားပြီး IMDb 8.1 ရရှိထားပါတယ်။

(6) I Saw The Devil

Photo via IMDb

ဒီဇာတ်ကားကတော့ နာမည်ကြီးဇာတ်ကားတစ်ခု ဖြစ်ရုံတင်မက အကြမ်းတမ်းဆုံး ကိုရီးယား ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အထူးအေးဂျင့်တစ်ယောက်ရဲ့ ဇနီးဖြစ်သူဟာ ကွင်းဆက်လူသတ်သမားတစ်ယောက်ရဲ့ သားကောင်ဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီသွေးကြွေးကို ကလဲ့စားချေဖို့အတွက် အဲဒီအထူးအေးဂျင့်ဟာ သူကိုယ်တိုင် ကြမ်းတမ်းရက်စက်တဲ့ မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲပြီး အဲဒီလူသတ်သမားကို လိုက်လံ ရှာဖွေပါတော့တယ်။ မင်းသား Lee Byung Hun ရဲ့ နာမည်ကျော်ဇာတ်ကား ဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ ထွက်ရှိထားပါတယ်။ IMDb ကတော့ 7.8 ရရှိထားပါတယ်။

(7) Mother

Photo via IMDb

နာမည်ကျော် ဒါရိုက်တာ Bong Joon Ho ရဲ့ လက်ရာကောင်းတစ်ခု ဖြစ်တဲ့ Mother ကတော့ ကောင်မလေးတစ်ယောက် သေဆုံးမှုအတွက် သားဖြစ်သူက အမှုဆင်ခံလိုက်ရတဲ့အပေါ် အမှုမှန်ပေါ်ပေါက်ဖို့ ရေကုန်ရေခန်း ကြိုးစားနေတဲ့ မိခင်တစ်ယောက်အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဝါရင့်မင်းသမီးကြီး Kim Hye Ja ရဲ့ ပြောင်မြောက်လွန်းတဲ့ သရုပ်ဆောင်မှုနဲ့အတူ မိဘနဲ့ သားသမီးကြားက အကြောင်းပြချက်မလိုတဲ့ ချစ်ခြင်းမေတ္တာအကြောင်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က ထွက်ရှိထားပြီး IMDb 7.8 ရရှိထားပါတယ်။

(8) Parasite

Photo via IMDb

ဒီရုပ်ရှင်ကတော့ ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် အော်စကာဆုပါ ဆွတ်ခူးထားတဲ့ ဒါရိုက်တာ Bong Joon Ho ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆင်းရဲကျပ်တည်းတဲ့ Kim မိသားစုက သားဖြစ်သူဟာ အလွန်ချမ်းသာကြွယ်ဝတဲ့ Park မိသားစုဆီမှာ အလုပ်ရသွားပါတယ်။ ဒီလိုနဲ့ မကြာခင်မှာပဲ သူတို့မိသားစုဝင်အားလုံးဟာ ဒီအိမ်မှာ အလုပ်ရအောင် ကြံစည်ခဲ့ကြပြီး ကပ်ပါးကောင်တွေနဲ့တူတဲ့ ဘဝကို စတင်နေထိုင်လာကြပါတော့တယ်။ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 8.5 ရရှိထားပါတယ်။

(9) Memories of Murder

Photo via IMDb

ဒါရိုက်တာ Bong Joon Ho ရဲ့ နောက်ထပ် လက်ရာတစ်ခုကတော့ သူ့ရဲ့အစောပိုင်း လက်ရာလည်းဖြစ်၊ classic crime thriller လည်းဖြစ်တဲ့ Memories of Murder ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး ကွင်းဆက်လူသတ်သမားအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး နယ်မြို့လေးတစ်မြို့မှာ အမျိုးသမီးငယ်လေးတွေများစွာ အသတ်ခံနေရတဲ့ ဖြစ်ရပ်ကို နည်းပညာအခက်အခဲ၊ လုပ်ပိုင်ခွင့် ကန့်သတ်ချက်တွေနဲ့ ရဲအရာရှိနှစ်ယောက်က လိုက်လံ စုံစမ်းဖော်ထုတ်ရတဲ့အကြောင်း ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်က ထွက်ရှိထားပြီး IMDb 8.1 ရရှိထားပါတယ်။

(10) Oldboy

Photo via IMDb

ဒါရိုက်တာ Park Chan Wook ရဲ့ အကောင်းဆုံးလက်ရာလို့ ပြောနိုင်တဲ့ Oldboy ကတော့ ရင်တထိတ်ထိတ် အသည်းတယားယားနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပြီး ကြည့်ရှုသူကို မချင့်မရဲဖြစ်စေမယ့် ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ အကြောင်းပြချက် အတည်တကျမရှိဘဲနဲ့ (၁၅)နှစ်ခန့်ကြာအောင် ဖမ်းဆီး ချုပ်နှောင်ပြီး နှိပ်စက်ခံခဲ့ရပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အဝတ်အစား အကောင်းစားတွေ ဆင်ယင်ပေးပြီး ပိုက်ဆံတွေနဲ့ ဖုန်းတစ်လုံးကိုပါ ပေးကာ အချုပ်အနှောင်ကနေ သူ့ကို လွှတ်ပေးလိုက်ပါတော့တယ်။ ဒီမှာတင် အဲဒီလူဟာ သူ့ကို ဖမ်းဆီးနှိပ်စက်ခဲ့သူကို စုံစမ်း ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 8.4 ရရှိထားပါတယ်။

ဒါကတော့ ရုပ်ရှင်ချစ်သူတိုင်း ကြည့်ရှုထားသင့်တဲ့ နာမည်ကျော် ကိုရီးယားဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အလားတူ အခြားဇာတ်ကားတွေ ရှိရင်လည်း ကောမန့်မှာ မျှဝေပေးခဲ့ပါဦး။

Vancouver
RELATED ARTICLES

Most Popular