HomeBiographyAmerica Chavez ဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိလာသူ Xochitl Gomez ရဲ့ဘဝအကြောင်း

America Chavez ဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိလာသူ Xochitl Gomez ရဲ့ဘဝအကြောင်း

Xochitl Gomez ကတော့ Marvel Cinematic Universe ရဲ့ စူပါဟီးရိုးအသစ် America Chavez အဖြစ် သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုကို အချိန်တိုလေးအတွင်း တဟုန်ထိုး ရရှိလာသူလည်း ဖြစ်ပါတယ်။ အသက်(၁၆)နှစ်အရွယ်သာ ရှိသေးတဲ့ Gomez ဟာ Doctor Strange in the Multiverse of Madness ရုပ်ရှင်ထဲမှာ America Chavez အဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သူမအတွက်တော့ ဒီဇာတ်ရုပ်ဟာ သာမန်ဇာတ်ရုပ်တွေထက် အဓိပ္ပာယ်တွေများစွာ ရှိနေတာလည်း ဖြစ်ပါတယ်။

Xochitl Gomez ကတော့ ဧပြီလ(၂၉)ရက် ၂၀၀၆ ခုနှစ်မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ မွေးဖွားရာ ဇာတိမြို့ကတော့ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ ဖြစ်ပါတယ်။ အမေရိကန်-မက္ကဆီကန်မလေး ဖြစ်ပြီး သရုပ်ဆောင်အလုပ်တွေ မတိုင်ခင်မှာတော့ ကြော်ငြာမော်ဒယ်လ်အဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။ အဲဒီနောက်မှာတော့ Shadow Wolves ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ Raven’s Home ဆိုတဲ့ sit-com ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ဖူးပါတယ်။

Photo Credit: Jay Maidment/ Marvel Studios

Marvel စတူဒီယိုက သူမကို သတိထားမိစေခဲ့တဲ့ ဇာတ်ရုပ်ကတော့ ၂၀၂၀ ခုနှစ်မှာ Netflix က ထုတ်လွှင့်ခဲ့တဲ့ The Baby-Sitters Club ဇာတ်လမ်းတွဲထဲက Dawn Schafer ဇာတ်ရုပ်ပဲ ဖြစ်ပါတယ်။ သူမဟာ ဒီဇာတ်ရုပ်ကို အသက်(၁၂)နှစ်အရွယ်မှာ ကမ်းလှမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သို့သော်လည်း season 1 သရုပ်ဆောင်ပြီးနောက်မှာတော့ Marvel နဲ့ အချိန်ဇယားတွေ ညှိနှိုင်းလို့ မရတော့တာကြောင့် ဒီရှိုးကနေ ထွက်ခွာခဲ့ပါတယ်။

သူမရဲ့အမည်ဟာ “ပန်းကလေး”လို့ အဓိပ္ပာယ်ရပါတယ်။

သူမရဲ့အမည်က ရှေ့အမည် Xochitl ကတော့ “So-Chee” လို့ အသံထွက်ပါတယ်။ ဒီစကားလုံးဟာ မက္ကဆီကိုနိုင်ငံရဲ့ ဒေသသုံး တိုင်းရင်းသား ဘာသာစကားတစ်ခု ဖြစ်တဲ့ Nahuatl ဘာသာစကား ဖြစ်ပြီး “ပန်းကလေး”လို့ အဓိပ္ပာယ်ရပါတယ်။

Photo: xochitlgomez/ Instagram

Multiverse of Madness ထဲက ဇာတ်ရုပ်ဟာ သူမအတွက် သီးသန့်ရေးပေးထားတာ ဖြစ်ပါတယ်။

တကယ်တော့ Gomez ဟာ Multiverse of Madness ရုပ်ရှင်အတွက် လူရွေးပွဲ ဝင်ပြိုင်စဉ်က သူမကိုယ်သူမ သိပ်ပြီး မျှော်လင့်ချက် မထားခဲ့ပါဘူး။ အကြောင်းကတော့ သူမဟာ အဲဒီအချိန်တုန်းက အသက်(၁၃)နှစ်သာ ရှိသေးတာဖြစ်ပြီး America Chavez ရဲ့ ဇာတ်ရုပ်အတွက် မူလက ရေးသားထားတဲ့ ဇာတ်ညွှန်းဟာ အသက်(၁၈)နှစ်အရွယ် ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်အဖြစ် ပုံဖော်ထားတာ ဖြစ်လို့ပါပဲ။

သို့သော်လည်း လူရွေးပွဲ ဝင်ပြိုင်ပြီး တစ်လအကြာမှာတော့ နောက်ထပ်တစ်ခေါက် လူရွေးပွဲ ဝင်ပြိုင်ပေးဖို့ ဖိတ်ခေါ်ခံခဲ့ရပါတယ်။ အဲဒီအချိန်မှာတော့ America Chavez ရဲ့ဇာတ်ရုပ်ကို သရုပ်ဆောင်မယ့် Gomez ရဲ့ အသက်အရွယ်နဲ့ လိုက်ဖက်သွားအောင် ပိုငယ်တဲ့ ဗားရှင်းအဖြစ် ပြောင်းလဲပေးခဲ့ကြပါတယ်။

Photo Credit: Marvel Studios/ Disney Studios

Gomez အတွက်တော့ Diversity ရှိမှုဟာ အလွန်အရေးပါပါတယ်။

Marvel Cinematic Universe ထဲက ပထမဆုံးသော queer လက်တင် စူပါဟီးရိုးအဖြစ် သရုပ်ဆောင်ရခြင်းဟာ Gomez အတွက်တော့ အဓိပ္ပာယ်များစွာ ရှိပါတယ်။ အကြောင်းကတော့ သူမ ငယ်ရွယ်စဉ်တုန်းကဆိုရင် လေးစားအားကျစရာ လက်တင်အမျိုးသမီး ဇာတ်ရုပ်ရယ်လို့ များများစားစား မရှိခဲ့လို့ပါပဲ။ ဒါဟာ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေက သရုပ်ဆောင်တွေ ရွေးချယ်တဲ့အခါ diversity လို့ခေါ်တဲ့ လူမျိုး၊ အသားအရောင် စုံလင်မှု မရှိခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင်တော့ မိန်းမငယ်လေးပေါင်းများစွာဟာ သူမကိုကြည့်ပြီး စိတ်အားတက်ကြွလာတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Photo: xochitlgomez/ Instagram

“Selena Gomez နဲ့ Dora The Explorer ကလွဲရင် ဖန်သားပြင်ပေါ်မှာ ကျွန်မတို့လို လူမျိုးတွေကို ကိုယ်စားပြုမှုက တော်တော်လေး နည်းပါတယ်။ ဒါကြောင့် America Chavez အဖြစ် သရုပ်ဆောင်ရတာ ဂုဏ်ယူပါတယ်။ ပြီးတော့ သူမကို MCU ထဲ ခေါ်လာရမှာကိုလည်း သိပ်စိတ်လှုပ်ရှားမိပါတယ်။ သူ့ကို ကျွန်မကြိုက်တဲ့ အချက်ကတော့ သူက ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်။ ပြီးတော့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့လူလည်း ဖြစ်တယ်။ သူ့ဘာသာ lesbian ဖြစ်နေပေမယ့် အဲဒါကို focus လုပ်စရာ မလိုဘူးလေ …” လို့ Elite Daily သတင်းဌာနနဲ့ အင်တာဗျူးမှာ Gomez က ပြောထားပါတယ်။

သူမရဲ့ TikTok အကောင့်ဟာ ပိတ်ခံခဲ့ရပါတယ်။

Gomez ရဲ့ America Chavez ဇာတ်ရုပ်ဟာ MCU ထဲမှာ LGBTQ အသိုင်းအဝိုင်းအတွက် ကိုယ်စားပြုမှု ရရှိလာခြင်းနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ သုံးသပ်ချက်တွေ ရရှိထားပေမယ့် တစ်ဖက်မှာတော့ ဝေဖန်မှုများစွာနဲ့လည်း ရင်ဆိုင်နေရပါသေးတယ်။ Multiverse of Madness ရုပ်ရှင်ဟာ အီဂျစ်နဲ့ ဆော်ဒီအာရေဘီးယားနိုင်ငံတွေမှာ ရုံတင်ခွင့် ပိတ်ခံခဲ့ရသလို Gomez ရဲ့ TikTok အကောင့်ဟာလည်း အမုန်းတရားများ ပြည့်နှက်နေတဲ့ ကောမန့်များစွာ ရရှိမှုကြောင့် ပိတ်ခံခဲ့ရပါသေးတယ်။

Photo: xochitlgomez/ Instagram

သို့သော်လည်း နောက်ဆုံးမှာတော့ Gomez ဟာ သူမရဲ့ TikTok အကောင့်ကို ပြန်လည် ရရှိခဲ့ပြီး အမုန်းစကားတွေ ပြောကြားတဲ့ hater တွေကိုလည်း သတင်းစကားပါးထားပါသေးတယ်။ “ဘယ်အရာကမှ ကျွန်မကို ပြိုလဲသွားအောင် မလုပ်နိုင်ပါဘူး။ ဒီထက်ပိုပြီး ကြံ့ခိုင်သန်မာအောင် နေပြီး ရှေ့ဆက်သွားနေဦးမှာပါ။ ဘာလို့လည်းဆိုတော့ ငယ်ရွယ်သေးတဲ့ ဆယ်ကျော်သက်တွေအနေနဲ့ သူတို့ကြည့်ရမယ့် အကောင်းမြင်စိတ်ရှိသူတစ်ယောက် ရှိနေဖို့ လိုအပ်တယ်လေ …”

“ကျွန်မရဲ့ပုံစံအတိုင်းပဲ အရိုးသားဆုံး ကြိုးစား နေထိုင်သွားမှာပါ။ တချို့ hater တွေထက် ပိုပြီးလည်း အသံကျယ်လောင်တဲ့အပြင် ပိုပြီးလည်း စိတ်အားထက်သန်မှုရှိတဲ့၊ ကျွန်မကို အားပေးကြတဲ့ ပရိသတ်တွေ ရှိနေတာကိုလည်း တကယ် ကျေးဇူးတင်မိပါတယ် …” လို့ သူမက ဆိုထားပါတယ်။

သူမဟာ စကိတ်ဘုတ်စီးရတာ နှစ်သက်သူ ဖြစ်ပါတယ်။

Photo: xochitlgomez/ Instagram

Gomez ရဲ့ ပျော်ရွှင်စရာ ဝါသနာတစ်ခုကတော့ စကိတ်ဘုတ်စီးရတာ နှစ်သက်ခြင်းပါပဲ။ စကိတ်ဘုတ်စီး သင်ယူ လေ့ကျင့်နေတဲ့ ဗွီဒီယိုတချို့ကိုတော့ သူမရဲ့အင်စတာဂရမ်မှာ မျှဝေပေးထားပါသေးတယ်။ သူမအနေနဲ့ စကိတ်ဘုတ်စီးရတာကို ပျော်ရွှင် နှစ်သက်ပေမယ့် အရေးကြီး ဇာတ်ရုပ်တွေ ရရှိထားတဲ့အတွက် ထိခိုက်ဒဏ်ရာ မဖြစ်အောင် ဖြည်းဖြည်းအေးအေးသာ စီးနင်းနေတယ်လို့လည်း ဆိုပါတယ်။

“ကျွန်မ စကိတ်ဘုတ်လည်း နည်းနည်းပါးပါး စီးတတ်ပါတယ်။ ဒါပေမယ့် ဇာတ်ရုပ်တွေ ကမ်းလှမ်းခံလာရတည်းက ထိခိုက်ဒဏ်ရာ ရသွားလို့ မဖြစ်တော့ နည်းနည်းပါးပါး ပွန်းရုံလောက်လေးပဲ စီးနေတာပေါ့ …”လို့ Gomez က ဆိုပါတယ်။

ဒါကတော့ Marvel သရုပ်ဆောင် Xochitl Gomez ရဲ့ စိတ်ဝင်စားစရာ ဘဝအကြောင်းပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Vancouver

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular