HomeCelebs Update NewsInternationalယနေ့အချိန်အထိ လုပ်အားနဲ့မျှတတဲ့ အနုပညာကြေးမရသေးဘူးဆိုတဲ့ Djimon Hounsou

ယနေ့အချိန်အထိ လုပ်အားနဲ့မျှတတဲ့ အနုပညာကြေးမရသေးဘူးဆိုတဲ့ Djimon Hounsou

သရုပ်ဆောင် Djimon Hounsou ဟာ ဟောလိဝုဒ်မှာ သရုပ်ဆောင်သက်တမ်း နှစ်သုံးဆယ်ကျော်နေပြီ ဖြစ်ပြီး In America ၊ Blood Diamond ရုပ်ရှင်နှစ်ကားနဲ့ အော်စကာ စံကာတင်ဝင်ထားသူလည်း ဖြစ်ပါတယ်။ ဒါတင်မက Furious 7 လို အက်ရှင် blockbuster တွေမှာလည်း ပါဝင်ထားသူဖြစ်ပေမယ့် သရုပ်ဆောင်ကြေးနဲ့ ပတ်သက်လာရင်တော့ အခုအချိန်အထိ ရသင့်ရထိုက်သလောက် မရသေးဘူးလို့ ပြောလာပါတယ်။

ဒီအကြောင်းကိုတော့ Hounsou ဟာ The Guardian သတင်းစာနဲ့ အင်တာဗျူးမှာ ပြောထားတာဖြစ်ပြီး ဟောလိဝုဒ်က သရုပ်ဆောင်ကြေးတွေနဲ့ ပတ်သက်လာရင် သူဟာ တော်တော်လေး အညစ်ခံနေရတယ်လို့ ခံစားရကြောင်း ဆိုပါတယ်။

Photo: djimon_hounsou

“ကျွန်တော့်မှာ ပိုက်ဆံရဖို့ ရုန်းကန်နေရတုန်းပါပဲ။ ဒီလောကထဲမှာ ကျွန်တော့်လောက်တောင် ပရိသတ်အသိအမှတ်ပြုမှု မရထားတဲ့သူတွေက တော်တော်လေး အဆင်ပြေပြီး ချမ်းသာနေကြတာကို ကြုံရဖူးတယ်ဗျ။ အဲ့တော့ ကျွန်တော် အညစ်ခံနေရတယ်လို့ ခံစားရတယ်။ တော်တော်ကြီးကို အညစ်ခံရတာဗျာ။ အဲဒါက ငွေရေးကြေးရေး တစ်ခုတည်းတင် မဟုတ်ဘဲ အလုပ်လုပ်ရတဲ့အပိုင်းမှာလည်း အဲဒီလိုချည်းပဲ … ”

“စတူဒီယိုတွေမှာ မီတင်သွားတက်ရင် သူတို့ ကျွန်တော့်ကို ဆက်ဆံတဲ့ပုံက ဪ ခင်ဗျားက လှေပေါ်က ဆင်းပြေးလာပြီး ပြန်တက်သွားတဲ့တစ်ယောက်ပဲ။ ခင်ဗျားက တကယ့်သရုပ်ဆောင်အစစ်မှန်း ကျုပ်တို့မသိဘူးဆိုတာလိုမျိုး ပြောကြတယ်။ ဒါမျိုးကို ကြားရတဲ့အခါ လူတွေက ကိုယ့်ကိုမြင်နေတဲ့အမြင်၊ ဒါမှမဟုတ် ကိုယ်က ကိုယ်စားပြုနေတဲ့အရာဟာ အရမ်းကန့်သတ်ခံထားရတာကို ခံစားရလိမ့်မယ်။ ဒါပေမယ့်လည်း မတတ်နိုင်ဘူးလေ။ ဒါတွေကနေ လွတ်မြောက်အောင် လုပ်ဖို့က ကျွန်တော့်အပေါ်မှာပဲ မူတည်နေတာပေါ့ …”

Photo Credit: Disney Studios/ Marvel Studios

“ပြီးတော့ သရုပ်ဆောင်ကြေး တူတူတန်တန်ရဖို့ကို အခုထိ သူတို့ကို သက်သေပြနေရတုန်းပဲ။ သူတို့က ကျွန်တော့်ဆီကို လာလိုက်ရင် တကယ့် ပိုက်ဆံလေးနည်းနည်းနဲ့ပဲ။ ဒီ role အတွက်တော့ ကျုပ်တို့ဆီမှာ ဘတ်ဂျက်က ဒီလောက်ပဲ ရှိလို့ပါ။ ဒါပေမယ့် ကျုပ်တို့က ခင်ဗျားကို အရမ်းသဘောကျတာလေ။ ခင်ဗျား ဒီရုပ်ရှင်မှာ အရမ်းလုပ်နိုင်မယ်လို့လည်း ယုံကြည်တယ်ဆိုတာမျိုးတွေချည်းပဲ။ တစ်ကားပြီးတစ်ကား အဲဒီအတိုင်းပဲ။ တကယ်ကြီးကို ရုန်းကန်နေရတာဗျာ။ ကျွန်တော့်ကို မျှမျှတတ သရုပ်ဆောင်ကြေးပေးတဲ့ ရုပ်ရှင်ကားကို တွေ့ကိုမတွေ့ရသေးဘူး …”လို့ Hounsou က ပြောပါတယ်။

တကယ်တော့ Hounsou ဟာ သူ့ရဲ့သရုပ်ဆောင်ဘဝ အစမှာတည်းက ဟောလိဝုဒ်ရဲ့ အသိအမှတ်ပြုမှုကို မရရှိခဲ့တာပါ။ Steven Spielberg ရိုက်ကူးတဲ့ Amistad ရုပ်ရှင်မှာ တော်လှန်ပုန်ကန်တဲ့ လူမည်းကျွန်တစ်ယောက်အဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင်ပြီး ပရိသတ်ရဲ့ အားပေးမှုကိုလည်း တခဲနက် ရရှိခဲ့ပေမယ့် အော်စကာ စံကာတင်စာရင်းဝင်ခဲ့သူဟာ Hounsou မဟုတ်ဘဲ co-star ဖြစ်တဲ့ Anthony Hopkins ဖြစ်နေခဲ့ပါတယ်။

Photo Credit: Jaap Buitendijk

ဒါ့အ‌ပြင် ၂၀၀၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Blood Diamond ရုပ်ရှင်ထဲမှာလည်း Hounsou ရဲ့ကာရိုက်တာနဲ့ Leonardo DiCaprio ရဲ့ကာရိုက်တာတို့ဟာ အညီအမျှ ပုံဖော်ခံခဲ့ရပေမယ့် အော်စကာ စံကာတင်ဝင်တဲ့အခါမှာတော့ Leonardo က lead actor နဲ့ nominees ဝင်ပြီး Hounsou ကတော့ supporting actor အဖြစ်နဲ့သာ nominees ဝင်ခဲ့ပါတယ်။

“ကျွန်တော့်ကို တအားဝိုင်းညစ်ကြသလို ခံစားခဲ့ရတယ်။ အခုဆိုရင်တော့ အော်စကာဆုပေးပွဲက လူဖြူတွေကိုပဲ အရမ်းဦးစားပေးတဲ့အကြောင်း ပြောလာကြပါပြီ။ ဒါပေမယ့် ကျွန်တော့်တုန်းကဆိုရင် ဘာ support မှကို မရခဲ့တာကို အမှတ်ရနေပါသေးတယ်။ ကျွန်တော့်ရဲ့လူမျိုးတူတွေဆီကလည်း support မရခဲ့သလို မီဒီယာတွေဆီကလည်း မရဘူး။ ရုပ်ရှင်လောကကြီးကိုယ်တိုင်ကလည်း ဒါကိုမသိချင်ယောင်ဆောင်ထားတယ်။ ဘယ်လိုလည်းဆိုတော့ စံကာတင်ဝင်တာကိုပဲ ပျော်လိုက်လေဆိုတာမျိုးကြီးဗျာ …” လို့ ပြောထားပါတယ်။

Photo Credit: Warner Bros.

Hounsou ဟာ ယခုလက်ရှိ ရုံတင်ပြသနေတဲ့ Shazam! Fury of the Gods ထဲမှာလည်း ဇာတ်ပို့အဖြစ် ပါဝင်ထားပါသေးတယ်။ ဒီကားထဲမှာတော့ သူ့ရဲ့ကာရိုက်တာဟာ ပထမ Shazam ကားတုန်းကထက် screen time ပိုရပြီး ပိုပြီးလည်း အရေးပါလာပါတယ်။

“အားလုံးထဲမှာမှ DC Universe က respect တစ်ခု ထားသေးတယ်ဗျ။ အစတုန်းကတော့ အဲဒီဇာတ်ရုပ်က ဘာမှသိပ်မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် လုပ်လိုက်တယ်။ ပျော်ဖို့လည်းကောင်းပါတယ်။ ဒါပေမယ့် အခုဒုတိယအကြိမ် ထပ်ပါရတော့ ကိုယ့်ကိုပိုပြီးတော့ respect ထားလာတာ တွေ့ရတယ် …”

“အချိန်တွေ ကြာလာတာနဲ့အမျှ ဟောလိဝုဒ်ကြီးကိုယ်တိုင်ကိုက ငါတို့ သူ့ကိုပိုပေးသင့်တယ်။ သူက အသိအမှတ်ပြု မခံရဘူးဖြစ်နေတယ်လို့ ပြောလာသလိုပဲ။ ကျွန်တော်ထင်တာတော့ သူတို့ ကိုယ့်ဘာသာ သတိထားမိလာတယ် ထင်ပါတယ်။ ဒါကြီးကတော့ ကျွန်တော် ဖြတ်ကျော်ရမယ့် ရုန်းကန်မှုတွေပါပဲ …” လို့ Hounsou က ရင်ဖွင့်ထားပါတယ်။

Vancouver

Source: variety

RELATED ARTICLES

Most Popular