HomeBiographyRap God လို့ တင်စားခေါ်ဝေါ်ကြတဲ့ Eminem ချိုးထားတဲ့ ကမ္ဘာ့ဂင်းနစ်စံချိန်များ

Rap God လို့ တင်စားခေါ်ဝေါ်ကြတဲ့ Eminem ချိုးထားတဲ့ ကမ္ဘာ့ဂင်းနစ်စံချိန်များ

Eminem ဟာ Hip-Hop ဂီတရဲ့ အထင်ကရ Rapper တစ်ယောက်ဖြစ်သလို ပရိသတ်တွေကြားထဲမှာ ရေပန်းအစားဆုံးနဲ့ အအောင်မြင်ဆုံး Rapper တစ်ယောက်လို့ ပြောလို့ရပါတယ်။ သူ့ရဲ့သီချင်းတွေနဲ့ အံ့ဩလောက်စရာ ဂီတပါရမီတွေအပြင် အတိတ်ဇာတ်ကြောင်းတွေကြောင့်လည်း solo artist တစ်ယောက်အနေနဲ့ ပရိသတ်ကြားမှာ တဟုန်ထိုး အောင်မြင်လာခဲ့တယ်လို့ ပြောနိုင်ပါတယ်။

ဒီတော့ Eminem တစ်ယောက် ဘယ်လောက် အောင်မြင်လည်း၊ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ဘယ်လောက်ရေပန်းစားလည်းလို့ မေးနိုင်ပါတယ်။ အဖြေကတော့ ကမ္ဘာ့ဂင်းနစ်စံချိန်တင်တဲ့အထိ အောင်မြင်တယ်လို့ ပြောရမှာပါ။ ပုံမှန်ဆိုရင် လူတစ်ယောက်က ဂင်းနစ်စံချိန်တစ်ခုကိုတောင် ချိုးနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် Eminem ကတော့ သူ့ရဲ့ ဂီတသက်တမ်းတစ်လျှောက် လက်ရှိအချိန်အထိ စုစုပေါင်း ဂင်းနစ်စံချိန်(၉)ခု မှတ်တမ်းတင်ထားပါတယ်။ Guinness World Records ဝက်ဘ်ဆိုဒ်မှာ ဝင်ကြည့်လိုက်ရင် သူချိုးထားတဲ့ စံချိန်တွေကို တွေ့ရမှာပါ။

photo via eminem/facebook
(၁) ယူကေ Chart မှာ ထွက်ရှိပြီး ပထမပတ်အတွင်း အရောင်းရဆုံး Hip-Hop အယ်လ်ဘမ်စံချိန်

လေးခွေမြောက် ထွက်ရှိခဲ့တဲ့ The Eminem Show အယ်လ်ဘမ်ဟာ ယူကေနိုင်ငံမှာ ထွက်ရှိပြီး တစ်ပတ်အတွင်း အယ်လ်ဘမ်ချပ်ရေပေါင်း (၃၁၆,၀၀၀)ကျော် ရောင်းချခဲ့ရပါတယ်။

(၂) (၂၁)ရာစုရဲ့ ပထမဆယ်စုနှစ်အတွင်း အယ်လ်ဘမ်ချပ်ရေ အရောင်းရဆုံးစံချိန်

Eminem ဟာ (၂၁)ရာစုရဲ့ ပထမ ဆယ်စုနှစ်အတွင်း အယ်လ်ဘမ်ချပ်ရေပေါင်း (၃၂)သန်း(၃)သိန်းကျော်နဲ့ ယူအက်စ်မှာ ရောင်းအားအကောင်းဆုံး စံချိန်ကို ပိုင်ဆိုင်ထားပါတယ်။

(၃) အမြန်ဆုံးရောင်းချရတဲ့ Rap အဆိုတော် စံချိန်

၂၀၀၀ခုနှစ်မှာ ထွက်ရှိလာတဲ့ Eminem ရဲ့ တတိယမြောက် စတူဒီယိုအယ်လ်ဘမ် The Marshall Mathers LP ဟာ ထွက်ရှိပြီး တစ်ပတ်အတွင်း ယူအက်စ်မှာ အယ်လ်ဘမ်ချပ်ရေပေါင်း (၁)သန်း(၇)သိန်း(၆)သောင်းကျော် ရောင်းချထားရပါတယ်။

photo via eminem/facebook
(၄) ယူအက်စ်မှာ ဆက်တိုက် နံပါတ်(၁)ချိတ်နိုင်တဲ့ solo artist စံချိန်

Eminem ဟာ ၂၀၀၀ခုနှစ်က ထွက်ရှိခဲ့တဲ့ The Marshall Mathers LP အယ်လ်ဘမ်ကစလို့ နောက်ဆုံး ၂၀၂၀ခုနှစ်မှာ ထွက်ရှိထားတဲ့ အယ်လ်ဘမ်အထိ အယ်လ်ဘမ်(၁၀)ချပ်လုံး Billboard 200 chart မှာ ဆက်တိုက် နံပါတ်(၁)ချိတ်ထားပါတယ်။ ဒါဟာ ယူအက်စ်ဂီတသမိုင်းမှာ အယ်လ်ဘမ်(၁၀)ချပ် ဆက်တိုက်ထွက်ပြီး ထွက်လိုက်တဲ့ အယ်လ်ဘမ်တိုင်း နံပါတ်(၁)ချိတ်နိုင်တဲ့ ပထမဆုံး solo artist စံချိန် ဖြစ်ပါတယ်။

(၅) ဆင်ဂယ်လ်တစ်ပုဒ်တည်းမှာ စကားလုံးရေအများဆုံးစံချိန်

ဒီစံချိန်ကတော့ တော်တော်များများ သိထားကြပြီး ဖြစ်မှာပါ။ Rap God ဆိုတဲ့ ဆင်ဂယ်လ်တစ်ပုဒ်တည်းမှာ စကားလုံးရေ (၁၅၆၀)ပါဝင်ပြီး တကယ်ကြီး Rap God အဖြစ် ခံယူစေနိုင်ခဲ့တဲ့ စံချိန် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစံချိန်ကို သူ့ရဲ့ ၂၀၂၀မှာ အသစ်ထွက်လာတဲ့ အယ်လ်ဘမ်ထဲက Godzilla ဆိုတဲ့ သီချင်းဆင်ဂယ်လ်နဲ့ ပြန်ပြီး စံချိန်ချိုးသွားပါတယ်။ Godzilla သီချင်းထဲက တတိယ Verse အပိုဒ်မှာဆိုရင် စက္ကန့်သုံးဆယ်အတွင်း စကားလုံး(၂၂၉)လုံးကို ဆိုသွားတာ ဖြစ်ပါတယ်။

photo via eminem/facebook
(၆) ယူကေမှာ နံပါတ်(၁)ချိတ်တဲ့အယ်လ်ဘမ် အများဆုံးရထားတဲ့ Rapper စံချိန်

Eminem ဟာ ယူကေ Chart မှာဆိုရင်လည်း အယ်လ်ဘမ်(၁၀)ချပ်ဆက်တိုက် နံပါတ်(၁)ချိတ်ထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ အအောင်မြင်ဆုံးအယ်လ်ဘမ်ကတော့ Recovery လို့ ပြောလို့ရပါတယ်။ Recovery အယ်လ်ဘမ်ဟာ နံပါတ်(၁)နေရာမှာ (၆)ပတ်တိတိ ကြာအောင် ရပ်တည်နေနိုင်ခဲ့ပါတယ်။

(၇) ဝေါဟာရအများဆုံး သီဆိုထားတဲ့ Artist စံချိန်

ဂီတအထူးပြုဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ musix match ရဲ့ လေ့လာထားချက်အရ အချိန်တိုင်းအတွက် အရောင်းရဆုံး သီချင်း(၉၉)ပုဒ်ရှိပြီး ဝေါဟာရကျယ်ပြန့်လွန်းစွာပဲ ထူးခြားတဲ့စကားလုံး(၈၉၁၀)လုံးကို သုံးစွဲထားတယ်လို့ သိရပါတယ်။ Eminem ရဲ့နောက်မှာတော့ Jay-Z က စကားလုံးရေ (၆၉၀၂)လုံး၊ Tupac က စကားလုံးရေ (၆၅၇၀)လုံး၊ Kanye West က (၅၀၆၈)လုံးနဲ့ Bob Dylan က စကားလုံးရေ (၄၈၈၃)လုံးတို့ကို မတူကွဲပြားစွာ သုံးစွဲထားတယ်လို့ မှတ်တမ်းဝင်ထားပါတယ်။

Photo: eminem/ Instagram
(၈) Facebook မှာ Like အများဆုံးရထားတဲ့ အမျိုးသား musician စံချိန်

Eminem ရဲ့ official Facebook စာမျက်နှာကတော့ Like (၈၆)သန်းခွဲနဲ့ အမျိုးသား musician တွေထဲမှာ Like အများဆုံးစံချိန်ကို ရရှိထားပါတယ်။ သူ့အနောက်မှာတော့ Like (၇၆)သန်းကျော်နဲ့ Justin Bieber ၊ Like (၇၁)သန်းကျော်နဲ့ Michael Jackson တို့က အသီးသီး ရရှိထားကြပါတယ်။

(၉) ယူအက်စ်ရဲ့ Billboard Hot 100 Chart မှာ အဆင့်အများဆုံး ခုန်တက်သွားတဲ့စံချိန်

၂၀၀၆ခုနှစ်က ထွက်ရှိခဲ့တဲ့ Akon ရဲ့ Smack That သီချင်းမှာ Eminem ကလည်း Featuring ဝင်ဆိုပေးထားပြီး Billboard chart မှာ စဝင်တုန်းက နံပါတ်(၉၅)နေရာမှာသာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကြောင့် ခုန်ပျံကျော်လွှားပြီး အဆင့်(၇)နေရာကို ရောက်ရှိသွားခဲ့ပါတယ်။

ဒါကတော့ Rap God လို့ တင်စားခေါ်ဝေါ်ကြတဲ့ Eminem ချိုးနိုင်ခဲ့တဲ့ ကမ္ဘာ့ဂင်းနစ်စံချိန်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူက Eminem ပရိသတ်ဆိုရင် သူ့ရဲ့သီချင်းတွေထဲက ဘယ်သီချင်းကို အကြိုက်ဆုံးဆိုတာလည်း ပြောပြခဲ့ပါဦး။

Lego Les

 

RELATED ARTICLES

Most Popular