HomeBiographyဆင်းဆင်းရဲရဲဘဝကနေ ထိတ်ထိတ်ကြဲ အောင်မြင်လာတဲ့ Idol (၈)ယောက်

ဆင်းဆင်းရဲရဲဘဝကနေ ထိတ်ထိတ်ကြဲ အောင်မြင်လာတဲ့ Idol (၈)ယောက်

လက်ရှိမှာ အအောင်မြင်ဆုံးလူတွေဟာ တစ်ချိန်က အခက်ခဲဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ကြရဖူးသူတွေ ဖြစ်နေတတ်ပါတယ်။ ဘဝပေးအခြေအနေအရ ခက်ခဲကြပ်တည်းတဲ့ဘဝမှာ လူဖြစ်လာခဲ့ရပေမယ့် လောကဓံကို စိန်ခေါ်ပြီး ချီးကျူးစရာကောင်းလောက်အောင် အနိုင်ပိုင်းပြနိုင်ခဲ့သူတေွ ရှိပါတယ်။ ကိုရီးယားရဲ့ ဖျော်ဖြေရေးလောကမှာလည်း ငယ်စဉ်က ဆင်းရဲမွဲတေတဲ့ဘဝနဲ့ မွေးဖွားကြီးပြင်းခဲ့ကြရသူတွေ ရှိပါတယ်။ ပတ္တမြားမှန်ရင် နွံမနစ်ဘူးဆိုတဲ့ ရှေးဆိုရိုးစကားအတိုင်းပဲ ဆင်းရဲတွင်းထဲကနေ ရုန်းထွက်ပြီး အောင်မြင်မှုကို ရယူနိုင်ခဲ့တဲ့ ကေပေါ့ပ် Idol (၈)ယောက်ကတော့ …

(1) IU
Photo: dlwlrma/ Instagram

IU ဟာ ငယ်စဉ်ဘဝတုန်းက ဆင်းရဲတဲ့မိသားစုကနေ မွေးဖွားလာခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့မိသားစုဟာ အကြွေးတွေ ပတ်လည်ဝိုင်းနေခဲ့လို့ အဘွားလုပ်သူရဲ့အိမ်မှာ သွားကပ်နေရတဲ့အထိပါပဲ။ အဘွားဖြစ်သူကလည်း IU နဲ့ သူမရဲ့မောင်လေးကို တတ်နိုင်သမျှ ထောက်ပံ့ကျွေးမွေးခဲ့ပါတယ်။ သို့ပေမယ့် အိုမင်းနေပြီဖြစ်တဲ့ အဘွားဟာလည်း အများကြီးတော့ မလုပ်ပေးနိုင်ခဲ့ပါဘူး။ ပိုးဟပ်တွေ အများကြီးနဲ့ အဘွားရဲ့အိမ်မှာ တော်တော်လေး ဒုက္ခခံပြီး နေခဲ့ကြရပါသေးတယ်။ ဒီလိုနဲ့ Idol ဖြစ်ချင်တဲ့အိပ်မက်နဲ့ IU ဟာ audition ပေါင်းမြောက်များစွာကို ဝင်အရွေးခံခဲ့ပါတယ်။ သို့ပေမယ့် သူမရဲ့ပါရမီ အရည်အချင်းတွေကို မြင်အောင်မကြည့်တတ်ခဲ့တဲ့ အေဂျင်စီတွေကြောင့် အကြိမ်ကြိမ် ကျရှုံးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အရှုံးမပေးဘဲ ဇွဲသတ္တိအပြည့်နဲ့ ကြိုးစားတဲ့ IU ဟာ ကိုရီးယားရဲ့ အအောင်မြင်ဆုံး solo artist တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

(2) Taeyang (BIGBANG)
Photo: __youngbae__/ Instagram

ကေပေါ့ပ်လောကမှာ ဩဇာကြီးကြီး သက်ရောက်မှုရှိတဲ့ BIGBANG အဖွဲ့က အသံပါဝါကောင်းကောင်းနဲ့ အဖွဲ့ဝင် Taeyang ဟာလည်း ငယ်စဉ်က ခက်ခဲကြမ်းတမ်းတဲ့ ကလေးဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။ စားဖို့သောက်ဖို့တောင် အနိုင်နိုင် ဖြတ်သန်းခဲ့ရတဲ့ မိသားစုကနေ ကြီးပြင်းခဲ့ရလို့ အောက်သက်ကျေပြီး ဘဝနာသူလို့ ပြောရင် မှားမယ်မထင်ပါဘူး။ ဒီအခက်အခဲ အကြပ်အတည်းတွေကြောင့်ပဲ Taeyang ဟာ အဆိုတော်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပါတော့တယ်။ သူ့ဘဝရဲ့ရည်ရွယ်ချက်ကတော့ သူ့မိသားစုကို ကူညီထောက်ပံ့ချင်တာပါ။ ဒီလိုနဲ့ စိတ်ဓာတ်မကျဘဲ ကြိုးစားခဲ့တဲ့ရလဒ်အဖြစ် ကေပေါ့ပ်လောကရဲ့ ထိပ်တန်းအဖွဲ့ BIGBANG မှာ ပရိသတ်အားပေးမှု အများကြီးနဲ့ အောင်မြင်သူတစ်ယောက် ဖြစ်လာပါတော့တယ်။

(3) Sunggyu (INFINITE)
Photo via koreaboo

Sunggyu ဟာ နာမည်ကြီး Idol တစ်ယောက်ဖြစ်ဖို့ ရေခံမြေခံကောင်းကောင်းနဲ့ အထောက်အပံ့တွေ ရခဲ့သူတော့ မဟုတ်ပါဘူး။ သူ့ရဲ့မိသားစုဟာ အဆိုတော်ဖြစ်ချင်တဲ့ သူ့ရဲ့အိပ်မက်ကို အားမပေးသလို ငွေရေးကြေးရေးအရလည်း မချောင်လည်လှပါဘူး။ ရံဖန်ရံခါဆို Sunggyu တစ်ယောက် သူငယ်ချင်းရဲ့အိမ်မှာတောင် သွားနေရတာမျိုး ရှိခဲ့ဖူးပါသေးတယ်။ ဒီလိုနဲ့ မပြေလည်မှုတွေကြားထဲကပဲ ကြိုးစားပြီး audition တွေ ဝင်ရွေးခံခဲ့ပေမယ့် ငြင်းပယ်မှုများစွာကို ရရှိခဲ့သူ ဖြစ်ပါတယ်။ ကံကောင်းချင်တဲ့တစ်နေ့မှာတော့ Woollim Entertainment ရဲ့ ရွေးချယ်ခြင်းခံခဲ့ရပြီး INFINITE အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ်နဲ့ ပွဲထွက်ခဲ့ရပါတော့တယ်။

(4) Sandara Park
Photo: daraxxi/ Instagram

Dara လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ Sandara Park ဟာ ဝါဂွမ်းစလေးလို နုနယ်သိမ်မွေ့ လှပလွန်းလို့ သူမရဲ့ဘဝလမ်းဟာ ပန်းခင်းလမ်းပဲလို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ Dara တို့မိသားစုဟာ Dara ခပ်ငယ်ငယ် ကလေးဘဝမှာပဲ ငွေရေးကြေးရေးပြဿနာတွေကြောင့် ကိုရီးယားကနေ ဖိလစ်ပိုင်နိုင်ငံကို ပြောင်းရွှေ့ခဲ့ကြရပါတယ်။ အကြောင်းကတော့ သူမရဲ့ဖခင်ဖြစ်သူဟာ တိတ်တဆိတ် နောက်အိမ်ထောင်ပြုထားပြီး သူမတို့မိသားစုတစ်ခုလုံးကို ထားပစ်ခဲ့လို့ပါပဲ။ ဒါ့အပြင် မိသားစုပိုင်ငွေတွေအားလုံးကိုလည်း ဖခင်ဖြစ်သူက ယူသွားခဲ့တာကြောင့် အောင်မြင်ကျော်ကြားချင်တဲ့ Dara ရဲ့ အိပ်မက်လေး ရေစုန်မျောရတော့မလို ဖြစ်ခဲ့ရပါတယ်။

သို့ပေမယ့် ဒီအခက်အခဲတွေဟာ တောက်ပလာမယ့် ကြယ်ပွင့်လေး Dara ကို မတားဆီးနိုင်ခဲ့ပါဘူး။ သူမဟာ ဖိလစ်ပိုင်နိုင်ငံမှာပဲ သရုပ်ဆောင်မင်းသမီး၊ အဆိုတော်အဖြစ်နဲ့ ကျော်ကြားလာခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ နာမည်ကျော် ကိုရီးယားမိန်းကလေးအဖွဲ့ 2NE1 ရဲ့ အဖွဲ့ဝင်အဖြစ်နဲ့ ပွဲထွက်ခဲ့ရပြီး ကိုရီးယားနိုင်ငံမှာလည်း ပြန်လည်အခြေချနိုင်ခဲ့ပါတယ်။

(5) Yunho (TVXQ)
Photo: yunho2154/ Instagram

Yunho ဟာ ယနေ့ပိုင်ဆိုင်ထားတဲ့ အောင်မြင်မှုမျိုးကိုရဖို့ ခယောင်းလမ်းအိပ်မက်ဆိုးတွေကို ဖြတ်ကျော်ခဲ့ရသူ ဖြစ်ပါတယ်။ သူ့ရဲ့မိသားစုဟာ ငွေကြေးအတော်လေး ကြပ်တည်းခဲ့ပြီး အိမ်ပေါ်က မောင်းချခံရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ နေစရာအခက်အခဲရှိနေတဲ့ Yunho တို့မိသားစုဟာ အခါအားလျော်စွာ မီးရထားဘူတာတွေမှာ အိပ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ ဘဝမှာ ကုန်းကောက်စရာတောင် မရှိတော့ဘူးလို့ စိတ်ဓာတ်ကျနေတဲ့ Yunho ရဲ့မိသားစုဟာ သူဖြစ်ချင်တဲ့ အဆိုတော်အိပ်မက်ကိုလည်း အားမပေးနိုင်ခဲ့ပါဘူး။ ဒီတော့ သူ့ရဲ့အိပ်မက်ကိုလည်း လက်မလွှတ်နိုင်၊ မိသားစုကိုလည်း ထောက်ပံ့ချင်တဲ့ Yunho ဟာ အချိန်ပိုင်းအလုပ်များစွာကို လုပ်ခဲ့ရပါတယ်။ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး အလဲထိုးခဲ့တဲ့ Yunho ဟာ နောက်ဆုံးမှာတော့ SM Entertainment ရဲ့ ရွေးချယ်မှုကို ရရှိခဲ့ပြီး ထိပ်တန်းကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ TVXQ အဖွဲ့ထဲမှာ ပါဝင်နိုင်ခဲ့ပါတယ်။

(6) Eunhyuk (Super Junior)
Photo: eunhyukee44/ Instagram

Eunhyuk ဟာ တော်တော်လေး ဆင်းရဲခက်ခဲတဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။ ငွေဆိုတာ ရှားလွန်းလို့ အိမ်သာတောင် မပါတဲ့ အိမ်မျိုးမှာ နေခဲ့ရဖူးပါတယ်။ ဆင်းဆင်းရဲရဲ ဖြတ်သန်းခဲ့ရတဲ့ ကလေးဘဝမှာ Eunhyuk စိတ်ဝင်စားတာကတော့ street performance ပါ။ ဒါတွေကနေတစ်ဆင့် ပိုးပါလာတဲ့ Eunhyuk ဟာ အကဘက်မှာလည်း အရည်အချင်းတွေ ပြည့်ဝလာခဲ့ပါတယ်။ ဒီလိုနဲ့ SM Entertainment ရဲ့ ရွေးချယ်ခံလိုက်ရပြီး အာရှတစ်ခွင်မှာ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခံရတဲ့ Super Junior အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။

(7) Sejeong (gugudan)
Photo: clean_0828/ Instagram

ပြုံးအလှပိုင်ရှင်လေး Sejeong ဟာ အပေါ်ယံကြည့်ရင် မထင်ရပေမယ့် ငယ်စဉ်က ဆင်းရဲတဲ့မိသားစုမှာ ကြီးပြင်းခဲ့ရသူ ဖြစ်ပါတယ်။ တစ်နေ့ တစ်နေ့ စားဖို့သောက်ဖို့ကိုတောင် တော်တော်လေး ရုန်းကန်ခဲ့ရတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ရပေမယ့် အိပ်မက်ကြီးကြီးမက်ခဲ့လို့ ဒီနေ့ဆိုရင်တော့ talent တွေအများကြီးနဲ့ ပရိသတ်ချစ်တဲ့ Idol တစ်ယောက် ဖြစ်လို့နေပါပြီ။

(8) V (BTS)
Photo via flickr

V ဟာ လက်ရှိအချိန်မှာ ကမ္ဘာအထိ ထိုးဖောက်နိုင်နေတဲ့ BTS အဖွဲ့က အဖွဲ့ဝင်တစ်ယောက်ပါ။ လက်ရှိမှာ ကမ္ဘာတစ်လွှားက ကောင်မလေးတွေရဲ့ သည်းသည်းလှုပ် အားပေးမှုကို ရရှိပြီး အောင်မြင်နေပေမယ့် သူ့ရဲ့ဘဝအစဟာလည်း လွယ်တော့မလွယ်ခဲ့ပါဘူး။ V ဟာ ဒယ်ဂူမြို့က သူဆင်းရဲ လယ်သမားမိသားစုကနေ မွေးဖွားခဲ့သူဖြစ်ပြီး သူ့ဘဝမှာ ဒီနေ့လို အောင်မြင်လာလိမ့်မယ်လို့ လုံးဝတွေးထင်ထားခဲ့သူ မဟုတ်ပါဘူး။ သူ့ကိုယ်သူ လယ်သမားပဲ ဖြစ်လာမယ်လို့ တွေးထားသူတစ်ယောက်ပါ။ သို့ပေမယ့် ဖြစ်ချင်တော့ သူငယ်ချင်းတစ်ယောက်က audition သွားတာကို အဖော်လိုက်ပေးရင်းနဲ့ မရည်ရွယ်ဘဲ ကိုယ်တိုင် ဝင်အရွေးခံလိုက်ရာကနေ ဒီနေ့အားလုံး မြင်တွေ့နေရတဲ့ V အဖြစ်ကို ရောက်ရှိလာခဲ့ပါတော့တယ်။

ဆင်းရဲတာဟာ ကျရှုံးမှုရဲ့ အကြောင်းရင်းမဟုတ်ဘဲ မကြိုးစားတာကသာ ကျရှုံးမှုရဲ့ အကြောင်းရင်းဆိုတာကို ဒီနာမည်ကြီး Idol တွေက သက်သေပြနေပါတယ်ဆိုတာ တင်ပြရင်း … ။

LaNina

 

RELATED ARTICLES

Most Popular