HomeBiographyရိုးရှင်းစွာ ညှို့ငင်နိုင်စွမ်းရှိတဲ့ ထိုင်းမလေး Lisa ရဲ့ဘဝပုံရိပ်လွှာအချို့ 

ရိုးရှင်းစွာ ညှို့ငင်နိုင်စွမ်းရှိတဲ့ ထိုင်းမလေး Lisa ရဲ့ဘဝပုံရိပ်လွှာအချို့ 

Lisa လို့ပြောလိုက်တာနဲ့ အပြုံးချိုချို နှာတံပေါ်ပေါ်လေးနဲ့ ချစ်စရာကောင်မလေးကို ပြေးမြင်ကြမှာပါ။ သူမရဲ့ သူမတူတဲ့ ဖက်ရှင်နဲ့ အကစကေးတွေကြောင့် ပရိသတ်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ ချစ်စရာ Idol တစ်ယောက်လည်း ဖြစ်ပါတယ်။ Lisa ကိုချစ်ပြီး သူမအကြောင်းကို ပိုသိချင်ကြတဲ့ ပရိသတ်များအတွက် Lisa ရဲ့ ဘဝအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Lisa ဟာ ၁၉၉၇ခုနှစ် မတ်လ(၂၇)ရက်နေ့မှာ မွေးဖွားခဲ့ပြီး BLACKPINK အဖွဲ့ထဲမှာ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မေွးဖွားခဲ့တဲ့ ထိုင်းမလေး ဖြစ်ပြီး ငယ်နာမည်ကတော့ Pranpriya Manoban ဖြစ်ပါတယ်။ နောက်ပိုင်းမှာမှ Lalisa Manoban လို့ ပြောင်းလိုက်ပြီး အနုပညာအမည်ကတော့ Lisa လို့ပဲ အတိုကောက် ခေါ်တွင်ထားပါတယ်။ Lalisa ဆိုတဲ့ နာမည်လေးရဲ့ အဓိပ္ပာယ်ကတော့ “ချီးမြှင့်မြှောက်စားခံရသူ” လို့ အနက်ဖွင့်နိုင်ပါတယ်။

Photo: lalalalisa_m/ Instagram

သူမဟာ တစ်ဦးတည်းသော သမီးလေးဖြစ်ပြီး ထိုင်းလူမျိုးမိခင်နဲ့ ဆွစ်နိုင်ငံသား ပထွေးဖြစ်သူတို့ရဲ့ ပြုစုပျိုးထောင်မှုနဲ့ကြီးပြင်းလာရသူ ဖြစ်ပါတယ်။ မိခင်ရဲ့ဒုတိယအိမ်ထောင်ဖြစ်လို့သာ ပထွေးလို့ ဆိုရပေမယ့် Lisa အတွက်ကတော့ ဖခင်အရင်းနဲ့မခြားသူတစ်ယောက်ပါပဲ။

Lisa ဟာ ငယ်စဉ်တည်းက ကိုရီးယားရဲ့ပေါ့ပ်ရေစီးကြောင်းကို စိတ်ဝင်စားခဲ့သူဖြစ်ပြီး Big Bang နဲ့ 2NE1 အဖွဲ့တို့ကို လေးစားအားကျကာ တစ်နေ့ကျရင် ဒီလမ်းပေါ်ကိုပဲ လျှောက်မယ်လို့ စိတ်ကူးထားခဲ့သူပါ။ ကျောင်းသူဘဝမှာ အဆိုပြိုင်ပွဲတွေ၊ အကပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတွေတောက်လျှောက် ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။ အဲ့ဒီ့နောက် We Zaa Cool ဆိုတဲ့ အကအဖွဲ့ထဲကို ဝင်ခဲ့ပြီး GOT7 အဖွဲ့ဝင်ဖြစ်လာမယ့် BamBam နဲ့ တစ်ဖွဲ့တည်းသားချင်း ဖြစ်ခဲ့ပါသေးတယ်။ ဒါကြောင့်လည်း Lisa ဟာ BamBam နဲ့ ငယ်သူငယ်ချင်း‌တွေ ဖြစ်ခဲ့ကြတာပါ။

Photo: lalalalisa_m/ Instagram

ဒီလိုနဲ့ ၂၀၁၀ခုနှစ်မှာတော့ ထိုင်းနိုင်ငံမှာ လာရောက်ကျင်းပတဲ့ YG Entertainment ရဲ့ လူရွေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဝင်အရွေးခံကြတဲ့ လူပေါင်းလေးထောင်ထဲမှာ သူမ တစ်ယောက်တည်း အောင်မြင်ခဲ့တာကတော့ ထူးခြားတဲ့အချက်ပါပဲ။ ၂၀၁၁ခုနှစ် ဧပြီလ(၁၁)ရက်နေ့မှာတော့ YG Entertainment ရဲ့ ပထမဆုံးသော နိုင်ငံခြားသား ထရိန်နီအဖြစ် တရားဝင် ဝင်ရောက်ခဲ့ပါတယ်။ အဲ့ဒီ့အချိန်မှာ Lisa ရဲ့အသက်ဟာ (၁၄)နှစ်ပဲ ရှိပါသေးတယ်။

ငါးနှစ်ကျော် ထရိန်နီဘဝနဲ့ လေ့ကျင့်ပြီးနောက် ၂၀၁၆ခုနှစ်မှာတော့ BLACKPINK အဖွဲ့နဲ့ ပွဲထွက်ခွင့် ရခဲ့ပါတယ်။ သူမရဲ့ ကြိုးစားအားထုတ်မှုနဲ့ မလျှော့တဲ့ ဇွဲလုံ့လတို့ကြောင့် အဖွဲ့ရဲ့ lead rapper နဲ့ main dancer ဆိုတဲ့နေရာကို ရရှိခဲ့ပါတယ်။

Photo: lalalalisa_m/ Instagram

ထိုင်းနိုင်ငံမှာ မွေးဖွားပြီး ကိုရီးယားနိုင်ငံမှာ အရွယ်ရောက်လာရတဲ့ Lisa ဟာ ဘာသာစကားလေးမျိုးကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပါတယ်။ မိခင်ဘာသာစကားဖြစ်တဲ့ ထိုင်းဘာသာစကား၊ ကိုရီးယားဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားနဲ့ ဂျပန်ဘာသာစကားတွေကို ကျွမ်းကျင်ပြီး တရုတ်ဘာသာစကားကိုတော့ အခြေခံလောက် ကျွမ်းကျင်တတ်ကျွမ်းပါတယ်။

အလယ်တန်းကျောင်းသူဘဝမှာတည်းက ထရိန်နီစဖြစ်ခဲ့ပြီး ကိုရီးယားမှာ ပြောင်းရွှေ့နေထိုင်ခဲ့ရတာကြောင့် ကိုရီးယားနိုင်ငံဟာ သူမရဲ့ဒုတိယနေအိမ်လို ဖြစ်နေခဲ့ပါတယ်။ ကိုရီးယားအစားအစာတွေကို နှစ်သက်တဲ့ Lisa ဟာ အဖွဲ့ထဲမှာဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ သံတမန်တစ်ယောက်လို့တောင် ပြောလို့ရပါတယ်။ တစ်ဖွဲ့လုံးကလည်း ထိုင်းအစားအစာ ကြိုက်နှစ်သက်သူတွေ ဖြစ်တော့ Lisa က ဦးဆောင်ပြီး ဆိုင်ကောင်းလေးတွေမှာ မကြာခဏ စားတတ်ကြတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောထားဖူးပါတယ်။

Photo: lalalalisa_m/ Instagram

ထိုင်းနိုင်ငံမှာတော့ Lisa ကို ထိုင်းမင်းသမီးလေးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ အဖွဲ့ထဲမှာဆိုရင်လည်း ချစ်ဖို့အကောင်းဆုံး မျက်နှာအမူအရာလေးတွေ လုပ်တတ်တဲ့ အငယ်လေးလို့ သတ်မှတ်ခံထားရသူပါ။ BLACKPINK အဖွဲ့သားတွေနဲ့ ဝန်ထမ်းတွေရဲ့ ပြောကြားချက်အရ Lisa ရဲ့ စတိတ်စင်ပေါ်က ပုံစံနဲ့ စတိတ်စင်နောက်ကွယ်က ပုံစံဟာ အတော်လေး ကွဲပြားခြားနားတယ်လို့ ဆိုကြပါတယ်။ သူမဟာ ကင်မရာနောက်ကွယ်မှာဆိုရင် စတတ် နောက်တတ်ပြီး ပျော်ပျော်နေတတ်သူလို့ အများက သတ်မှတ်ထားကြပါတယ်။

Lisa ရဲ့ကိုယ်ရေးအချက်အလက်များ

Lisa ရဲ့ အရပ်အမြင့်ဟာ ငါးပေ ငါးလက်မခွဲခန့်ရှိပြီး ကိုယ်အလေးချိန်ကတော့ (၉၈)ပေါင်ကျော် ရှိပါတယ်။ သွေးအမျိုးအစားကတော့ အိုသွေးဖြစ်ပြီး Aries ရာသီဖွားတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ မိတ်ကပ်ကို အလွန်နှစ်သက်သူဖြစ်ပြီး အကြိုက်ဆုံး အစားအစာကတော့ အာလူးချောင်းကြော် ဖြစ်ပါတယ်။ သူမ အကြိုက်ဆုံး ကိုရီးယားအစားအစာကတော့ ဝက်နံရိုးအစပ်စွပ်ပြုတ် ဖြစ်ပါတယ်။ ဂျပန်အစားအစာတွေထဲမှာဆိုရင်တော့ ဆူရှီကို အကြိုက်ဆုံးဖြစ်ပြီး ချိုချိုအေးအေး အရသာရှိတဲ့ အအေးတွေကို ကြိုက်သူပါ။

Photo: lalalalisa_m/ Instagram

သူမဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ဂစ်တာတီးရတာလည်း နှစ်သက်ပါတယ်။ Ukulele ဂစ်တာကိုလည်း တီးတတ်ပါသေးတယ်။ ဓာတ်ပုံရိုက်ရတာလည်း နှစ်သက်တတ်ပြီး အခြားအဖွဲ့ဝင်တွေကိုလည်း ဓာတ်ပုံတွေ ရိုက်ပေးတတ်ပါသေးတယ်။ သူမအကြိုက်ဆုံးအရောင်ကတော့ အဝါရောင်ဖြစ်ပြီး သူမရဲ့မွေးနေ့ဖြစ်တဲ့ (၂၇)ဆိုတဲ့ ဂဏန်းကို အကြိုက်ဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်ရတာကိုလည်း နှစ်သက်သူတစ်ယောက်ပါ။

ဖက်ရှင်နဲ့ ပတ်သက်ရင်တော့ ပွပွချောင်ချောင် ဘောင်းဘီတွေနဲ့ အင်္ကျီတွေကို ကြိုက်နှစ်သက်ပြီး လိုင်းစင်းတွေပါတဲ့ ဂျာစီအင်္ကျီမျိုးကိုလည်း ကြိုက်တယ်လို့ ပြောဖူးပါတယ်။ ဖိနပ်ဆိုရင် sneaker တွေကို သဘောကျပြီး အဖြူရောင် sneaker လေးတွေကိုတော့ အကြိုက်ဆုံး ဖြစ်ပါတယ်။ သိုးမွေးဦးထုပ်လေးတွေကိုလည်း ကြိုက်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေထားဖူးပါတယ်။

Photo: lalalalisa_m/ Instagram

Lisa ရဲ့ စိတ်ကူးထဲက လက်တွဲဖော်ကတော့ သူမထက် အသက်ကြီးပြီး သူမကိုစောင့်ရှောက်ပေးနိုင်တဲ့သူမျိုးပါလို့ YG Life နဲ့ အင်တာဗျူးမှာ ပြောပြထားဖူးပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ရင်တော့ လက်ရှိအချိန်အထိ သူမမှာ ချစ်သူမရှိသေးပါဘူး။

ဒါကတော့ BLACKPINK ပရိသတ်တွေ အားပေးချစ်ခင်ကြတဲ့ Lisa ရဲ့ ဘဝပုံရိပ်အချို့ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ နှစ်သက်ရင် မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲသွားပေးပါဦး။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular