HomeDramaကိုရီးယားဒရာမာပရိသတ်တိုင်း ကြည့်ရှုထားသင့်တဲ့ Song Hye Kyo ရဲ့ ဒရာမာ (၆)ခု

ကိုရီးယားဒရာမာပရိသတ်တိုင်း ကြည့်ရှုထားသင့်တဲ့ Song Hye Kyo ရဲ့ ဒရာမာ (၆)ခု

Song Hye Kyo ဟာ ကိုရီးယားရဲ့ ဖျော်ဖြေရေးလောကမှာ ဘယ်လောက်အထိ အရေးပါ လွှမ်းမိုးနိုင်လည်းဆိုတာကိုတော့ ကေဒရာမာ ပရိသတ်တိုင်း သိထားကြမှာပါ။ သူမဟာ မော်ဒယ်လ်အဖြစ်နဲ့ ပွဲထွက်လာခဲ့ပြီးမှ First Love ဆိုတဲ့ ဒရာမာနဲ့ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းကစလို့ Song Hye Kyo ဟာ အောင်မြင်ကျော်ကြားလာခဲ့ပြီး သရုပ်ဆောင်လောကမှာ ထိပ်တန်းနေရာကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ စာဖတ်သူအနေနဲ့ Song Hye Kyo ရဲ့ အချို့သော ဒရာမာတွေကို ကြည့်ရှုထားဖူးတယ်ဆိုရင် အောက်မှာ ဖော်ပြပေးမယ့် ဒရာမာတွေကိုလည်း သေချာပေါက် ကြည့်ရှုထားသင့်ပါတယ်။

(1) Autumn In My Heart (IMDb Rating 7.9)
Photo via mydramalist

ဒီဇာတ်လမ်းတွဲကတော့ မြန်မာနိုင်ငံမှာရော၊ အာရှနိုင်ငံ အနှံ့အပြားမှာပါ Song Hye Kyo ကို လူကြိုက်များ အောင်မြင်စေခဲ့တဲ့ ဒရာမာတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံမှာဆိုရင်တော့ ကိုရီးယားဒရာမာတွေကို လူကြိုက်များ ရေပန်းစားလာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီဒရာမာထဲမှာတော့ Song Hye Kyo နဲ့အတူ Song Seung Hoon ၊ Won Bin တို့က အဓိက ပါဝင်ထားပါတယ်။

ဇာတ်လမ်းကတော့ Eun Suh နဲ့ Joon Suh ဆိုတဲ့ မောင်နှမနှစ်ယောက်ဟာ တကယ်တမ်း သွေးသားမတော်စပ်ဘူးဆိုတာ သိသွားကြတဲ့နောက်မှာတော့ Eun Suh ဟာ သူမရဲ့မိခင်အရင်းဆီ သွားရောက်နေထိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာအောင် ကွဲကွာသွားပြီးနောက်မှာတော့ သူတို့နှစ်ယောက် ပြန်ဆုံမိကြပြီး အပြန်အလှန် ချစ်မိကြသွားပါတယ်။

ဒီဇာတ်ကားထဲက ကံဆိုးသူကောင်မလေး Eun Suh ရဲ့ ဇာတ်ရုပ်မှာ Song Hye Kyo ဟာ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပြီး သူမရဲ့ ကြေကွဲစရာ ဘဝဇာတ်ကြောင်းနဲ့ Joon Suh ၊ Tae Seok တို့နဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာလည်း ပရိသတ်တွေ တသသ ဖြစ်ကျန်ရစ်ခဲ့ရတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

(2) Hotelier (IMDb Rating 7.5)
Photo via pinterest

ဟောင်းပေမယ့် ကောင်းနေဆဲ ကိုရီးယားဒရာမာဟောင်းတွေထဲမှာတော့ Hotelier လည်း အပါအဝင် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Bae Yong Joon ၊ Song Yoon Ah ၊ Song Hye Kyo နဲ့ Kim Seung Woo တို့ အဓိက ပါဝင်ထားပါတယ်။

ဇာတ်လမ်းကတော့ ဆိုးလ်ဟိုတယ်ရဲ့ ဟိုတယ်လုပ်ငန်း လည်ပတ်မှုပုံစံတွေကြားက အချစ်ဇာတ်လမ်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဟိုတယ်ရဲ့ စီအီးအိုဖြစ်သူ ကွယ်လွန်သွားပြီးနောက်မှာတော့ ဟိုတယ်ကို စီမံခန့်ခွဲဖို့ Shin Dong Hyuk ကို ခန့်အပ်လိုက်ပါတယ်။ ဒီမှာတင် Shin Dong Hyuk ဟာ အတိတ်မှာ နာမည်ဆိုးရှိခဲ့ပေမယ့် Seo Jin Young ဆိုတဲ့ မိန်းကလေးကို သူ့ရဲ့လုပ်ငန်းမှာ ကူညီလုပ်ကိုင်ဖို့ ထပ်မံ ငှားရမ်းလိုက်ပါတော့တယ်။

Song Hye Kyo ကတော့ ဟိုတယ်ကို အမွေဆက်ခံရမယ့် မိန်းကလေး Kim Yoon Hee နေရာက သရုပ်ဆောင်ထားပါတယ်။ Kim Yoon Hee ကတော့ နောက်ထပ် ဟိုတယ်မန်နေဂျာတစ်ယောက် ဖြစ်တဲ့ Han Tae Joon နဲ့ ချစ်ကြိုက်နေသူ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Song Hye Kyo ဟာ ခေါင်းဆောင်မင်းသမီး မဟုတ်ပေမယ့် သူမရဲ့ လှပကျော့ရှင်းတဲ့ အမူအရာလေးတွေနဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ဇာတ်လမ်းကို ပိုပြီးမြိုင်ဆိုင်စေပါတယ်။

(3) All In (IMDb Rating 7.8)
Photo via pinterest

ဒီဒရာမာထဲမှာတော့ Lee Byung Hyun နဲ့ Song Hye Kyo တို့ အဓိက ပါဝင်ထားပါတယ်။ Lee Byung Hyun ကတော့ Kim In Ha ဆိုတဲ့ ပရော်ဖက်ရှင်နယ် ပိုကာကစားသမား ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားပြီး Song Hye Kyo ကတော့ Min Su Yeon ဆိုတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းကတော့ ငယ်ရွယ်စဉ်အချိန်မှာပဲ Kim In Ha ဟာ Su Yeon ရဲ့ အဖေဖြစ်သူရဲ့ သေဆုံးမှုကို ကလဲ့စားချေဖို့ လူမိုက်ဂိုဏ်းတစ်ဂိုဏ်းရဲ့ ခေါင်းဆောင်ကို သတ်ပစ်လိုက်ပါတယ်။ ဒီပြစ်မှုအတွက် In Ha ဟာ ထောင်ခုနှစ်နှစ် ကျခံလိုက်ရပါတယ်။ အဲဒီနောက် နှစ်တွေကြာသွားတဲ့အခါ In Ha နဲ့ Su Yeon တို့ ပြန်လည်ဆုံတွေ့သွားကြပါတော့တယ်။

ဒီဇာတ်လမ်းတွဲဟာ ကိုရီးယားပြည်တွင်းမှာတော့ အလွန်အောင်မြင်ခဲ့ပြီး ၂၀၀၃ ခုနှစ်ရဲ့ Baeksang Art Awards မှာ Grand Prize ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် Song Hye Kyo ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုဟာလည်း ပရိသတ်တွေရဲ့ ရင်ကို ထိခဲ့ပြီး ၂၀၀၃ ခုနှစ်ရဲ့ SBS Drama Awards မှာ Top Excellence Award ကို ဆွတ်ခူးခဲ့ပါသေးတယ်။

(4) Full House (IMDb Rating 7.9)
Photo via mydramalist

မြန်မာပရိသတ်တွေ အသည်းစွဲ ကြိုက်နှစ်သက်ကြတဲ့ Song Hye Kyo ရဲ့ နောက်ထပ် ဒရာမာတစ်ခုကတော့ Full House ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Song Hye Kyo နဲ့ Rain တို့ဟာ အကျင့်စရိုက်ချင်း ဆန့်ကျင်ဘက် ဖြစ်နေကြပေမယ့် ဘယ်လိုမှ မတတ်သာဘဲ အတူနေထိုင်လိုက်ရတဲ့ လူငယ်နှစ်ယောက်အဖြစ် သရုပ်ဆောင်ထားကြပါတယ်။

သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် တူးတူးခါးခါး မုန်းတီးနေကြပေမယ့် အတူနေထိုင်တာ ကြာလာတဲ့အခါမှာတော့ အမုန်းတွေနေရာမှာ အချစ်တွေက နေရာဝင်လာတဲ့အကြောင်းကို ရင်ခုန်ကြည်နူးဖွယ်ရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Full House ရဲ့ ထူးခြားချက်ကတော့ ကိုရီးယားဒရာမာဇာတ်လမ်းတွေကို အာရှတလွှားမှာ လူကြိုက်များ အောင်မြင်လာအောင် လမ်းခင်းပေးနိုင်ခဲ့တဲ့ စီးရီးတစ်ခု ဖြစ်ခဲ့တာပါပဲ။ ဒါ့အပြင် ရိုမန့်စ် ဟာသဇာတ်လမ်းမျိုးကို နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက်လည်း ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုလို့ကောင်းတဲ့ ဒရာမာအဖြစ် အမြဲတမ်း ရပ်တည်နေမှာ ဖြစ်ပါတယ်။

(5) Worlds Within (IMDb Rating 7.5)
Photo via pinterest

Worlds Within ကတော့ Hyun Bin နဲ့ Song Hye Kyo တို့ရဲ့ ဒရာမာဖြစ်ပြီး relationship တစ်ခုရဲ့ အနိမ့်အမြင့် အတက်အကျတွေကို သဘာဝဆန်ဆန် ရိုက်ကူးထားတဲ့ ဒရာမာတစ်ခု ဖြစ်ပါတယ်။

Jung Ji Oh နဲ့ Joo Joon Young တို့ဟာ ဖျော်ဖြေရေးလောကမှာ ပီဒီတွေအဖြစ် လုပ်ကိုင်နေကြသူနှစ်ဦး ဖြစ်ပါတယ်။ နှစ်ယောက်စလုံးဟာ rating မြင့်တဲ့ ကေဒရာမာတွေကို ထုတ်လုပ်ပေးနိုင်ဖို့ အလုပ်မှာ ဖိအားတွေ များတဲ့ကြားက သူတို့ကြားက relationship ကို ထိန်းသိမ်းနိုင်အောင် ကြိုးစားရတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။

ကိုယ်ပိုင် career ကို လျှောက်လှမ်းနေရင်း အချစ်ဘက်မှာလည်း အဆင်ပြေအောင် နေထိုင်နိုင်တဲ့ ဇာတ်လမ်းမျိုးကို သဘောကျသူတွေအတွက် ဒီဒရာမာကတော့ မဖြစ်မနေ ကြည့်ရှုထားသင့်ပါတယ်။ သူတို့နှစ်ယောက်ကြားက အချစ်ရေးဟာ ရုပ်ရှင်မဆန်ဘဲ အပြင်ဘဝက တကယ့်ချစ်သူစုံတွဲတွေ ရုန်းကန်ရင်ဆိုင်ရတဲ့ ပုံစံမျိုးနဲ့ မြင်တွေ့ရမှာ ဖြစ်တာကြောင့် ခံစားချက်ချင်းလည်း တိုက်ဆိုင်နိုင်ပါလိမ့်မယ်။

(6) That Winter, The Wind Blows (IMDb Rating 7.7)
Photo via mydramalist

ဒီဒရာမာကတော့ Jo In Sung နဲ့ Song Hye Kyo တို့ရဲ့ ပြင်းရှတဲ့ အချစ်ဦးစားပေး ဒရာမာတစ်ခု ဖြစ်ပါတယ်။ Jo In Sung ကတော့ Oh Soo အဖြစ် သရုပ်ဆောင်ထားပြီး Song Hye Kyo ကတော့ Oh Young အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဒရာမာထဲက ထူးခြားချက်ကတော့ Song Hye Kyo ဟာ အမြင်အာရုံချို့ယွင်းနေတဲ့ ကောင်မလေး Oh Young အဖြစ် ပီပြင်စွာ သရုပ်ဆောင်ထားတာပါပဲ။

သူတို့နှစ်ယောက်ဟာ အတိတ်မှာ ဒဏ်ရာဒဏ်ချက်တွေကိုယ်စီ ပိုင်ဆိုင်ထားကြပြီး မတူညီမှုများစွာ ရှိကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် စွဲမက်စွာ ချစ်နေကြပါတယ်။ သူတို့ရဲ့ အချစ်ခရီးလမ်းက မလွယ်ကူပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မရှိမဖြစ် လိုအပ်နေကြတာကြောင့် လှပတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒါကတော့ ကိုရီးယားဒရာမာပရိသတ်တွေ ကြည့်ရှုထားသင့်တဲ့ Song Hye Kyo ရဲ့ ဒရာမာ(၆)ခုပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဒရာမာတွေရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

Glasgow

 

RELATED ARTICLES

Most Popular