HomeEntertainmentMusic(၅၆)ကြိမ်မြောက် Super Bowl Halftime Show မှာ ဖျော်ဖြေခဲ့ကြတဲ့ ထိပ်တန်း Rapper များ 

(၅၆)ကြိမ်မြောက် Super Bowl Halftime Show မှာ ဖျော်ဖြေခဲ့ကြတဲ့ ထိပ်တန်း Rapper များ 

ယခုနှစ်ရဲ့ (၅၆)ကြိမ်မြောက် Super Bowl ပွဲကိုတော့ ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့ရဲ့ Inglewood မှာ ရှိတဲ့ SoFi Stadium မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ဒီပွဲရဲ့ နာမည်ကျော် Halftime Show ကိုတော့ ထူးခြားစွာနဲ့ပဲ ဂီတလောကရဲ့ ထိပ်တန်းရက်ပ်ပါတွေက ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

ဒီနှစ် Super Bowl Halftime Show ရဲ့ အဓိက highlight ဖျော်ဖြေမှုကတော့ Dr. Dre ၊ Snoop Dogg ၊ Kendrick Lamar ၊ Mary J. Blige ၊ Eminem နဲ့ 50 Cent တို့ရဲ့ တင်ဆက်မှုပဲ ဖြစ်ပါတယ်။ တင်ဆက်မှုအစအဆုံးကိုတော့ Dr. Dre နဲ့ Snoop Dogg တို့က အဓိက တင်ဆက်ခဲ့တာ တွေ့ရပါတယ်။

Photo Credit: Rob Carr/ Getty Images

ပရိသတ်တွေကို ပထမဆုံး ဖျော်ဖြေတင်ဆက်ခဲ့တဲ့ တေးသီချင်းကတော့ Dr. Dre ရဲ့ The Next Episode ဖြစ်ပြီး Snoop Dogg က featuring ပါဝင်ထားပါတယ်။ ဒီသီချင်းကတော့ ၂၀၀၀ ခုနှစ်မှာ ထွက်ရှိပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ Dr. Dre ရဲ့ ဆင်ဂယ်လ်သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ Snoop Dogg ဟာ Dr. Dre နဲ့အတူ Tupac Shakur ရဲ့ ၁၉၉၅ ခုနှစ်က အောင်မြင်ခဲ့တဲ့သီချင်း California Love ကို သီဆိုခဲ့ကြပါတယ်။ ဒီသီချင်းအတွက် ဆက်တင်အပြင်အဆင် ဒီဇိုင်းတွေကိုတော့ လော့စ်အိန်ဂျလိစ်မြို့က အဆောက်အဦးပုံစံတွေလို ပြုလုပ်ထားတာ တွေ့ရပါတယ်။

Photo Credit: NYTimes

ပရိသတ်တွေကို ကြိုတင် ကြေညာမထားဘဲ surprise အနေနဲ့ ဧည့်သည်အဖြစ် ပါဝင်ဖျော်ဖြေခဲ့သူကတော့ 50 Cent ပဲ ဖြစ်ပါတယ်။ 50 Cent ကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ In Da Club သီချင်းနဲ့ Dr. Dre နဲ့ Snoop Dogg တို့ရဲ့ ဖျော်ဖြေမှုအပြီးမှာ ဖျော်ဖြေသွားပါတယ်။

အဲဒီနောက် တဆက်တည်းမှာပဲ Mary J. Blige က ဖျော်ဖြေခဲ့ပြီး သူမရဲ့ အောင်မြင်တဲ့ တေးသီချင်းနှစ်ပုဒ်ဖြစ်တဲ့ Family Affair နဲ့ No More Drama တို့ကို ဖျော်ဖြေသွားပါတယ်။

Photo Credit: Ted S. Warren/ AP Photo

Mary J. Blige ရဲ့ ဖျော်ဖြေမှုအပြီးမှာတော့ ဒီပွဲထဲက အငယ်ဆုံးရက်ပ်ပါဖြစ်တဲ့ Kendrick Lamar ရဲ့ ဖျော်ဖြေမှုကို တွေ့ရပါတယ်။ Lamar ကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ M.A.A.D City နဲ့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Alright တို့ကို ဖျော်ဖြေသွားပါတယ်။

အဲဒီနောက်မှာတော့ Eminem ရဲ့ ဖျော်ဖြေမှုအလှည့်ကို ရောက်ရှိလာပြီး သူ့ရဲ့ ဟစ်သီချင်းတစ်ပုဒ် ဖြစ်တဲ့ Lose Yourself ကို Anderson. Paak ရဲ့ ဒရမ်တီးခတ်မှုနဲ့အတူ သီဆိုဖျော်ဖြေခဲ့ပါတယ်။ Eminem ဟာ သူ့ရဲ့ဖျော်ဖြေမှုအဆုံးမှာတော့ ဂုရုကြီး Dr. Dre ရဲ့ဘေးမှာ ဒူးထောက် ထိုင်ချလိုက်ပြီး Dr. Dre ကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ Still D.R.E သီချင်းကို စန္ဒယားနဲ့ တီးခတ်ကာ ဖျော်ဖြေမှုကို အဆုံးသတ်ခဲ့ပါတယ်။

Photo Credit: NYTimes

ယခုနှစ်ရဲ့ Super Bowl Halftime Show ဖျော်ဖြေမှုဟာ အတော်လေး ထူးခြားပါတယ်။ အကြောင်းကတော့ Hip-Hop ကို အဓိကထားပြီး highlight ဖျော်ဖြေမှု ပြုလုပ်ထားလို့ပါပဲ။ Super Bowl Halftime Show မှာ rapper အဖြစ်နဲ့ ပထမဆုံး ပါဝင်ခွင့်ရရှိခဲ့တာဟာ ၁၉၉၈ ခုနှစ်က ဖြစ်ပြီး Queen Latifah က ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း သူမဟာ အဆိုပါဖျော်ဖြေမှုဟာ ရက်ပ် မရွတ်ခဲ့ပါဘူး။

ယခုနောက်ပိုင်း နှစ်ကာလတွေ ပြောင်းလဲလာတော့မှသာ အားကစားပွဲတွေရဲ့ ဖျော်ဖြေမှုတွေမှာ hip-hop ကို အနည်းငယ် နေရာပေးလာခဲ့တာ ဖြစ်ပေမယ့် ယခုနှစ်ပွဲလို အစအဆုံး rapper တွေကို တင်ဆက်စေတာမျိုးတော့ ယခင်က မရှိခဲ့ဖူးပါဘူး။ ဒါကြောင့် ယခုနှစ်ရဲ့ Super Bowl Halftime Show ဟာ ထူးခြားမှုတွေနဲ့ ပြည့်နှက်နေတာ ဖြစ်ပါတယ်။

Glasgow

Source: nytimes

RELATED ARTICLES

Most Popular