HomeCelebs Update NewsKoreaကေပေါ့ပ်လောကအတွက် Super Junior အဖွဲ့က ရေးထိုးခဲ့တဲ့မှတ်တိုင်များ

ကေပေါ့ပ်လောကအတွက် Super Junior အဖွဲ့က ရေးထိုးခဲ့တဲ့မှတ်တိုင်များ

Super Junior အဖွဲ့ဟာ ကေပေါ့ပ်လောကမှာတော့ လေးစားသမှုပြုရမယ့် အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ကေပေါ့ပ် ဒုတိယမျိုးဆက်ရဲ့ အစပိုင်းမှာ ပါဝင်ခဲ့တဲ့ Super Junior ဟာ ယနေ့အချိန်အထိ တည်မြဲနေဆဲ သက်တော်ရှည်အဖွဲ့တစ်ဖွဲ့လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ၂၀၀၅ခုနှစ်မှာ စတင်ပွဲထွက်ခဲ့ပြီးတည်းက ကေပေါ့ပ်ရဲ့ အဝန်းအဝိုင်းကို ဖြန့်ကျက်ပေးနိုင်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့လည်းဖြစ်သလို ကေပေါ့ပ်ဂီတလောကအတွက် ပင်ကိုစစ်မှန်တဲ့ တေးသီချင်းဂီတတွေ ယူဆောင်လာခဲ့သူတွေလည်း ဖြစ်ပါတယ်။

သူတို့ဖန်တီးခဲ့တဲ့ ဂီတအမျိုးအစားတွေကို ကြည့်မယ်ဆိုရင်လည်း Bubblegum Pop ကနေ Alternative အထိ စုံလင်ခဲ့ပြီး R&B တွေ၊ EDM တွေမျိုးစုံခဲ့ရုံသာမက Latin ဂီတဘက်အထိပါ ဖန်တီးခဲ့ကြသူတွေ ဖြစ်ပါတယ်။ ယနေ့အချိန်အထိ (၁၄)နှစ်တိုင်ခဲ့ပြီဖြစ်တဲ့ သူတို့ရဲ့ဂီတခရီးလမ်းဟာ ကေပေါ့ပ်လောကအတွက်လည်း သက်ရောက်မှုတွေများစွာ ဖြစ်စေခဲ့ပါတယ်။ ကေပေါ့ပ်လောကအတွက် Super Junior အဖွဲ့က ဖောက်ပေးခဲ့တဲ့လမ်းတွေကတော့ …

တရုတ်နိုင်ငံမှာ promote လုပ်ခွင့်ရခဲ့တဲ့ ပထမဆုံး Idol အဖွဲ့ဖြစ်ခြင်း

sub-unit ခွဲတဲ့ အလေ့အထဟာ Super Junior အဖွဲ့ကနေ စတင်ခဲ့တယ်ဆိုတာကိုတော့ ကေပေါ့ပ်ချစ်သူတိုင်း သိပြီးသား ဖြစ်ကြမှာပါ။ Super Junior ရဲ့ sub-unit ဖြစ်တဲ့ Super Junior-M (SJ-M) ဟာ တရုတ်နိုင်ငံအတွက် ဖွဲ့စည်းခဲ့တဲ့ sub-unit တစ်ခုပါ။ အသွင်သစ်နဲ့ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ Super Junior-M ဟာ တရုတ်လူမျိုးရော၊ ကိုရီးယားလူမျိုးတွေပါ ရောနှောထားတဲ့တရုတ်နိုင်ငံရဲ့ ပထမဆုံးသော အင်တာနေရှင်နယ်အဖွဲ့တစ်ဖွဲ့ ဖြစ်ခဲ့ပါတယ်။ လူမျိုးနှစ်မျိုး ပေါင်းစပ်ဖွဲ့စည်းထားမှုက တရုတ်နိုင်ငံရဲ့ ဂီတစျေးကွက်ထဲကို ထိုးဖောက်ရာမှာ လွယ်ကူခဲ့ပြီး သူတို့ရဲ့သီချင်း “U” ကို တရုတ်ဗားရှင်းနဲ့ ပွဲထွက်ခဲ့ခြင်းကလည်း တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

Photo: superjunior/Instagram
MTV Asia Awards မှာ Favorite Artist Korea ဆုကို ပထမဆုံးရရှိခဲ့တဲ့အဖွဲ့ဖြစ်ခြင်း

Super Junior အဖွဲ့ဟာ သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် တိုးပြီး ဖန်တီးလာတာနဲ့အမျှ သူတို့ရဲ့အောင်မြင်ကျော်ကြားမှုကလည်း ဒီရေအလား တိုးမြင့်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၀၈ခုနှစ်ရဲ့ MTV Asia Awards မှာ Favorite Artist Korea ဆုကို ဒုတိယမျိုးဆက်ရဲ့ ပထမဆုံးအနေနဲ့ ရဖူးခဲ့တဲ့အဖွဲ့တစ်ဖွဲ့ ဖြစ်လာခဲ့ပါတယ်။ ဒီဆုပေးပွဲဟာ နောက်ပိုင်းမှာ ဖျက်သိမ်းသွားခဲ့တာကြောင့် သမိုင်းကြောင်းမှာတော့ Super Junior အဖွဲ့ဟာ ဒီဆုကို လက်ခံရရှိဖူးခဲ့တဲ့ ပထမဆုံးနဲ့ နောက်ဆုံးအဖွဲ့ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာအနှံ့ပေါက်သွားခဲ့တဲ့ Sorry Sorry သီချင်း

Super Junior အဖွဲ့ဟာ သူတို့ရဲ့တတိယမြောက် တေးအယ်လ်ဘမ်ထဲက Sorry Sorry သီချင်းကြောင့်ပဲ နိုင်ငံတကာမှာပါ ပေါက်ရောက်နိုင်ခဲ့ပါတယ်။ စီးပွားရေးအရ အောင်မြင်ခဲ့ရုံတင်မဟုတ်ဘဲ ဝေဖန်အကဲဖြတ်သူတို့ရဲ့ ချီးမွမ်းမှုကိုပါ ရရှိခဲ့ပါတယ်။ နောက်ထပ် ကြီးမားတဲ့ အောင်မြင်မှုကတော့ ဒီသီချင်းရဲ့အကဟာလည်း ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပြီး ဆိုရှယ်မီဒီယာတွေမှာပါ ခေတ်စားခဲ့တာကို တွေ့ရပါတယ်။ ဒီသီချင်းကြောင့်ပဲ Super Junior အဖွဲ့အနေနဲ့ နိုင်ငံတကာကို ခြေဆန့်နိုင်ခဲ့သလို ကေပေါ့ပ်ကိုလည်း ကမ္ဘာ့နိုင်ငံတွေက သိရှိလာအောင် မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။

Photo: superjunior/Instagram
အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ အထူး Lecture တစ်ခု သင်ကြားပေးခဲ့ရခြင်း

၂၀၁၃ခုနှစ်မှာတော့ Super Junior အဖွဲ့အတွက် ထူးထူးခြားခြား ဖိတ်ကြားမှုတစ်ခု လက်ခံရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ အောက်စ်ဖို့ဒ်တက္ကသိုလ်က အာရှပစိဖိတ်အဖွဲ့အစည်းနဲ့ ကိုရီးယားကျောင်းသားကောင်စီတို့ရဲ့ ဖိတ်ကြားမှုဖြစ်ပြီး Super Junior အဖွဲ့အနေနဲ့ ကျောင်းသားတွေအတွက် အထူးသင်ခန်းစာတစ်ခု လာရောက်သင်ကြားပေးဖို့ ဖြစ်ပါတယ်။ “Super Junior: The Last Man Standing” ဆိုတဲ့နာမည်နဲ့ သင်ခန်းစာကို သင်ကြားပေးဖို့ Eunhyuk ၊ Siwon ၊ Kyuhyun နဲ့ Kangin တို့က အဖွဲ့ကိုယ်စားပြု တက်ရောက်ပြီး သင်ကြားပေးခဲ့ကြပါတယ်။

၂၀၁၅ခုနှစ် Teen Choice Awards မှာ Choice International Artist ဆုကို ရရှိခဲ့ခြင်း

Super Junior ရဲ့ နောက်ထပ်မှတ်တိုင်တစ်ခုကတော့ Teen Choice Awards မှာ ဆုရရှိခဲ့ခြင်း ဖြစ်ပါတယ်။ Teen Choice Awards ရဲ့ အသစ်ထပ်ထည့်လိုက်တဲ့ category နှစ်ခုဖြစ်တဲ့ Choice International Artist နဲ့ Choice Fandom ဆုနှစ်ခုမှာ Choice International Artist ဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။ ဒါဟာလည်း Super Junior ရဲ့ ပထမဆုံးအကြိမ် Teen Choice Awards ဆွတ်ခူးခြင်း ဖြစ်ပါတယ်။

Photo: superjunior/ Instagram
Billboard Latin Song Chart ဝင်ခဲ့တဲ့ ပထမဆုံးသော ကေပေါ့ပ်အဖွဲ့ဖြစ်လာခြင်း

Billboard ရဲ့ Latin Digital Song Sale Chart မှာ နံပါတ်(၁၃)ချိတ်ခဲ့ပြီး Billboard World Digital Song Sale Chart မှာတော့ နံပါတ်(၂)အထိ ချိတ်ခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုကို ရရှိစေခဲ့တာကတော့ “Lo Siento” လို့ အမည်ရတဲ့ သီချင်းပါ။

KKBOX Music Awards မှာ Artist of the Year ဆုကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးနိုင်ငံခြားအဖွဲ့ဖြစ်ခဲ့ခြင်း

ထိုင်ဝမ်ရဲ့ တေးဂီဆုပေးပွဲတွေဟာ Super Junior အဖွဲ့နဲ့တော့ မစိမ်းလှပါဘူး။ Best Korean Singer of the Year ဆုကို ၂၀၁၂ခုနှစ်မှာ ရရှိခဲ့ပြီး Best Korean Artist ဆုကိုတော့ ၂၀၁၃ခုနှစ်နဲ့ ၂၀၁၅ခုနှစ်မှာ နှစ်ကြိမ်တိတိ ရရှိခဲ့ဖူးပါတယ်။ ၂၀၁၉နှစ်မှာလည်း Artist of the Year ဆုကို ရရှိခဲ့တဲ့ ပထမဆုံးသော နိုင်ငံခြားအဖွဲ့အဖြစ် မှတ်တိုင်တစ်ခု ရေးထိုးလိုက်ပြန်ပါပြီ။

ဒါကတော့ Super Junior အဖွဲ့က ရေးထိုးနိုင်ခဲ့တဲ့ သမိုင်းမှတ်တိုင်တွေ ဖြစ်ပါတယ်။ Super Junior အဖွဲ့ရဲ့ သီချင်းတွေထဲက စာဖတ်သူတို့ ကြိုက်နှစ်သက်တဲ့ သီချင်းတွေ ရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

LaNina

Ref: soompi

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular