HomeCelebs Update NewsInternationalမိန်းမရဲ့မျက်နှာပုံတက်တူးကို ခွေးလေးရဲ့ပုံနဲ့ အုပ်လိုက်တဲ့ Sylvester Stallone

မိန်းမရဲ့မျက်နှာပုံတက်တူးကို ခွေးလေးရဲ့ပုံနဲ့ အုပ်လိုက်တဲ့ Sylvester Stallone

မင်းသားကြီး Sylvester Stallone ကတော့ ခွေးချစ်တတ်သူတစ်ယောက် ဖြစ်ပြီး သူ့လက်မောင်းပေါ်က ယခင်ထိုးထားတဲ့ ဇနီးဖြစ်သူရဲ့ မျက်နှာပုံတက်တူးနေရာမှာ သူချစ်တဲ့ ခွေးလေး Butkus ရဲ့ပုံနဲ့ cover up လုပ်လိုက်ပါတယ်။ အဲဒီခွေးလေးကတော့ မင်းသားကြီးနဲ့အတူ မူလ Rocky ရုပ်ရှင်နဲ့ Rocky 2 တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ခွေးလေး ဖြစ်ပါတယ်။ ဒါ့အပြင် ဒီခွေးဟာ အပြင်ဘဝမှာလည်း မင်းသားကြီးကိုယ်တိုင် အမြတ်တနိုး ချစ်ခင်စွာနဲ့ မွေးထားခဲ့တဲ့ ခွေးလေး ဖြစ်ပါတယ်။

Photo via dailymail

မင်းသားကြီး Stallone ကတော့ သူ့ရဲ့လက်မောင်းပေါ်က ချစ်ဇနီးဖြစ်သူရဲ့ မျက်နှာပုံတက်တူးနေရာမှာ တချိန်က သူအလွန်ချစ်ခင်ရတဲ့ ခွေးလေး Butkus ရဲ့ပုံနဲ့ အစားထိုးပြီး ပုံအသစ်အုပ်ပစ်လိုက်တာ ဖြစ်ပါတယ်။ မင်းသားကြီးက ဒီလိုတက်တူးအသစ် မအုပ်ခင် ရက်သတ္တပတ် အနည်းငယ်တုန်းကတော့ ဇနီးဖြစ်သူ Jennifer Falvin ဟာ သူမရဲ့အင်စတာဂရမ်မှာ သမီးသုံးယောက်ကို ပွေ့ဖက်ထားတဲ့ ပုံနဲ့အတူ အခုလိုဖြစ်ရပ်မျိုး ဖြစ်လာတော့မှာကို အရိပ်အမြွက် ပြောထားပါတယ်။

Photo via dailymail

“ဒီကောင်မလေးတွေက ကျွန်မရဲ့ အရေးကြီးဆုံးပါပဲ။ တခြားဘယ်အရာကမှ အရေးမကြီးပါဘူး။ ကျွန်မတို့လေးယောက်ပဲ ထာဝရရှိနေပါမယ် …” လို့ ပုံရဲ့ကပ်ပရှင်မှာ ရေးသားထားပါတယ်။ တကယ်တော့ Jennifer Flavin ဟာ မင်းသားကြီးထက် အသက်(၂၂)နှစ် ငယ်ရွယ်သူ ဖြစ်ပြီး ယခုလက်ရှိမှာတော့ မင်းသားကြီးရဲ့ အင်စတာဂရမ်အကောင့်မှာ Jennifer တစ်ယောက် follow လုပ်ထားတာ မတွေ့ရတော့ပါဘူး။

ဒါဟာ မင်းသားကြီးတို့ အိမ်ထောင်ရေးမှာ တစုံတခု ဖြစ်နေပြီလားလို့ တွေးစရာရှိပေမယ့် မင်းသားကြီးရဲ့ ကိုယ်စားလှယ်ကတော့ သူတို့ဇနီးမောင်နှံကြားမှာ ဘာပြဿနာတစုံတရာမှ မရှိဘူးလို့ ပြောထားပါတယ်။ “တကယ်တော့ Mr. Stallone က သူ့မိန်းမပုံတက်တူးကို ပြန်ပြီး refresh လုပ်ချင်တာပါ။ ဒါပေမယ့် ရလဒ်ကတော့ စိတ်မကောင်းစရာနဲ့ပဲ စိတ်ကျေနပ်မှုမရရှိခဲ့သလို ပြန်ပြင်ဖို့လည်း အဆင်မပြေတော့ပါဘူး …” လို့ မင်းသားကြီးရဲ့ ကိုယ်စားလှယ်က ပြောထားပါတယ်။

Photo: jenniferflavinstallone/ Instagram

ဒါ့အပြင် မင်းသားကြီးဟာ သူ့ရဲ့မိသားစုကို ချစ်ခင်ကြောင်းနဲ့ သူတို့မိသားစုအကြောင်း reality show တစ်ခုကိုလည်း ရိုက်ကူးနေပြီး မကြာခင်မှာ Paramount+ မှာ ထုတ်လွှင့်ပြသသွားမယ်လို့လည်း မင်းသားကြီးရဲ့ကိုယ်စားလှယ်က ဆိုထားပါတယ်။

မင်းသားကြီး အခုအစားထိုးလိုက်တဲ့ ခွေးလေး Butkus ကတော့ မင်းသားကြီးရဲ့ မအောင်မြင်ခင် နေ့ရက်တွေမှာ မင်းသားကြီးနဲ့အတူတူ နေထိုင်ခဲ့တဲ့ သူ့ရဲ့ချစ်လှစွာသော ခွေးလေး ဖြစ်ပါတယ်။ Butkus ကိုတော့ ၁၉၇၀ ခုနှစ်ဝန်းကျင်တည်းက မွေးထားတာ ဖြစ်ပြီး အဲဒီအချိန်တုန်းက မင်းသားကြီးဟာ Rocky ရုပ်ရှင်ကိုတောင် မရိုက်ကူးရသေးပါဘူး။ တစ်ရက်မှာတော့ မင်းသားကြီးဟာ စားစရာဘာမှ မရှိတဲ့အတွက် ဒီခွေးလေးကို ဒေါ်လာ(၄၀)နဲ့ရောင်းပြီး အသက်ဆက်ခဲ့ရတယ်လို့ ဆိုပါတယ်။

Photo: officialslystallone/ Instagram

ဒီလိုနဲ့ သူ့ရဲ့ Rocky ရုပ်ရှင်ဇာတ်ညွှန်းက ရောင်းထွက်သွားတဲ့ အချိန်မှသာ ဒီခွေးလေးကို အသည်းအသန် ပြန်လိုက်ရှာပြီး ဝယ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

“Rocky ရဲ့ ဇာတ်ညွှန်းက ရောင်းထွက်သွားတော့ ကျွန်တော် သူ့ကို ပြန်ဝယ်နိုင်ပြီလေ။ အဲဒါနဲ့ပဲ သူ့ကို ပြန်ရှာပြီး ပြန်ဝယ်ခဲ့တာပဲ။ ဒါပေမယ့် သခင်အသစ်က ကျွန်တော်အရမ်း သည်းသည်းလှုပ်နေတာကို သိတော့ အဲဒီတုန်းက ကျွန်တော့်ကို ဒေါ်လာ(၁၅၀၀၀)တောင် တောင်းခဲ့တယ်လေ။ ဘယ်လောက်ပဲ ပေးရပေးရပါဗျာ။ သူက တကယ် တန်ဖိုးရှိပါတယ် …”လို့ မင်းသားကြီးက ပြောပြဖူးပါတယ်။ မင်းသားကြီးရဲ့ အချစ်တော်ခွေးလေး Butkus ကတော့ ၁၉၈၁ ခုနှစ်မှာ နှလုံးရပ်ပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မင်းသားကြီးရဲ့ အိမ်ထောင်ရေးမှာတော့ ဒါဟာ တတိယမြောက် အိမ်ထောင်ရေးဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ယနေ့အချိန်ထိ တည်မြဲနေတဲ့ အိမ်ထောင်ရေးတစ်ခုအဖြစ် ဟောလိဝုဒ်မှာ လူသိများပါတယ်။ သို့သော်လည်း လက်ရှိဖြစ်ရပ်အရ ဘာတွေဆက်ဖြစ်လာမလည်းဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Vancouver

Source: people/dailymail

RELATED ARTICLES

Most Popular