HomeEntertainmentMusicGrammys ကို သပိတ်မှောက်ထားပေမယ့် ဆုရရှိခဲ့တဲ့ The Weeknd

Grammys ကို သပိတ်မှောက်ထားပေမယ့် ဆုရရှိခဲ့တဲ့ The Weeknd

The Weeknd ဟာ ဂရမ်မီဆုပေးပွဲကို သပိတ်မှောက်တယ်လို့ ပြောထားပြီး သူ့ရဲ့ နောက်ထပ် ထွက်ရှိလာမယ့် အယ်လ်ဘမ်တွေကိုလည်း ဂရမ်မီမှာ ဘယ်တော့မှ မတင်သွင်းတော့ဘူးလို့ ပြောထားပေမယ့် ၂၀၂၂ ခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲမှာတော့ ဆုရရှိခဲ့ပါတယ်။ ဒါဟာ ဘယ်လို ဖြစ်ပျက်ခဲ့တာလည်း ဆိုတာကတော့ …

အမည်ရင်း Abel Tesfaye ဖြစ်တဲ့ The Weeknd ဟာ တကယ်‌တော့ Recording Academy ကို စိတ်ပျက်နေသူ ဖြစ်ပါတယ်။ အကြောင်းကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ နာမည်ကျော်အယ်လ်ဘမ် After Hours ကို Recording Academy က စံကာတင်စာရင်းမှာ မထည့်သွင်းခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဲဒီအချိန်တည်းက သူ့ရဲ့ နောက်ထွက်မယ့် အယ်လ်ဘမ်တွေကို ဂရမ်မီမှာ ဆုအတွက် ထည့်သွင်း စဉ်းစားပေးဖို့ မတင်သွင်းတော့ဘူးလို့ အတိအလင်း ပြောထားခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ယခုနှစ် ဂရမ်မီမှာတော့ ထူးဆန်းစွာပဲ The Weeknd က ဆုတစ်ခု ရရှိခဲ့ပါတယ်။

Photo: theweeknd/ Instagram

အဲဒါကတော့ Abel ဟာ Hurricane သီချင်းနဲ့ Best Melodic Rap Performance ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဒီသီချင်းဟာ Kanye West ရဲ့ Donda အယ်လ်ဘမ်ထဲက သီချင်းဖြစ်ပြီး Abel နဲ့ Lil Baby တို့က Featuring အဖြစ် ပါဝင် သီဆိုပေးထားကြတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့သုံးယောက်စလုံးဟာ ဒီသီချင်းနဲ့ ဂရမ်မီဆု ရရှိခဲ့ကြတာ ဖြစ်ပေမယ့် Abel နဲ့ Kanye တို့နှစ်ယောက်ဟာ ဂရမ်မီပွဲကို မတက်ရောက်ခဲ့ကြပါဘူး။

Abel အနေနဲ့ ဂရမ်မီကို သပိတ်မှောက်ထားပေမယ့် ဂရမ်မီဘက်က သူ့ကို ဆုပေးလိုက်တဲ့အတွက် Abel တစ်ယောက် စိတ်ပြေသွားမှာပါလား။ တကယ်တော့ ဒါဟာ သိပ်မဖြစ်နိုင်ပါဘူး။ အကြောင်းကတော့ ၂၀၂၁ ခုနှစ် ဂရမ်မီဆုပေးပွဲဟာ Abel ရဲ့ နာမည်ကျော်အယ်လ်ဘမ် After Hours ထဲက hit သီချင်းဖြစ်တဲ့ Blinding Lights ကို လုံးဝ မျက်ကွယ်ပြုခဲ့ကတည်းက Abel ဘက်က ဂရမ်မီကို လုံးဝစိတ်ကုန်သွားပြီလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo: theweeknd/ Instagram

“ကျွန်တော့်ဓာတ်ပြားတိုက်ကို ပြောထားပါတယ်။ ကျွန်တော့်သီချင်းတွေကို ဂရမ်မီဆီမှာ နောက်ဘယ်တော့မှ တင်သွင်းခွင့် မပြုတော့ပါဘူး။ ကျွန်တော့်ဘက်က အဖြေတစ်ခုပဲ လိုချင်တာပါ။ ဘာဖြစ်သွားတာလည်းပေါ့။ ကျွန်တော့်အထင်တော့ ကျွန်တော်တို့ လုပ်ခဲ့တာ အကုန်ဟုတ်နေတာပဲ … ”

“ကျွန်တော်က သူများစိတ်ညစ်လောက်အောင် ကိုယ့်ကိုယ်ကို ဘဝင်လေဟပ်နေတဲ့သူ မဟုတ်ပါဘူး။ စိတ်ကြီးဝင်နေတာလည်း မဟုတ်ပါဘူး။ လူတွေကလည်း ပြောကြတယ်။ ကျွန်တော် စံကာတင်မှာ ပါမှာပဲတဲ့။ တစ်ကမ္ဘာလုံးကလည်း ပြောကြတယ်။ ဒီနှစ်ကတော့ မင်းရဲ့နှစ်ပဲ ဆိုတာမျိုး။ အဲဒီတော့ ကျွန်တော်တို့လည်း တကယ်ကို စိတ်တွေ ရှုပ်ရပါတယ် … ” လို့ Abel က New York Times မဂ္ဂဇင်းနဲ့ ၂၀၂၁ ခုနှစ်က အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

Photo: theweeknd/ Instagram

“ဂရမ်မီအဖွဲ့အစည်းနဲ့ artist တွေကြားမှာ ယုံကြည်မှု ကျိုးပေါက်နေတာ ကြာလှပါပြီ။ ဒါကြောင့်မို့လို့ အောင်လံတလူလူ လွှင့်နေတာက သိပ်တော့ဉာဏ်ကောင်းရာ မကျပါဘူး။ ကျွန်တော်ထင်တာတော့ ဂီတလောကတစ်ခုလုံးနဲ့ ကျန်တဲ့ public က သူတို့ရဲ့ ဆုရွေးချယ်တဲ့စနစ်ကိုပွင့်လင်းမြင်သာမှု ရှိလားဆိုတာ ကြည့်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်ဘက်ကတော့ ဂရမ်မီရဲ့ အစိတ်အပိုင်းအဖြစ် ရှိနေဖို့ စိတ်ကို မဝင်စားတော့ပါဘူး။ အထူးသဖြင့် ဆယ်စုနှစ်နဲ့ချီပြီး သူတို့ဘာသာ အကျင့်ပျက် ခြစားနေတဲ့ အုပ်စိုးမှု ရှိနေသရွေ့ပေါ့။ နောက်ကိုတော့ ကျွန်တော် ဂရမ်မီမှာ ဆုအတွက် သီချင်းတွေ တင်သွင်းတော့မှာ မဟုတ်ပါဘူး … ” လို့ Abel က Variety သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောထားပါသေးတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular