HomeCharacterDoctor Doom ရဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာအချက်များ

Doctor Doom ရဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာအချက်များ

Marvel ရဲ့ Greatest Villain of All Time လို့တောင် ပြောကြတဲ့ Doctor Doom ကတော့ ၁၉၆၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Fantastic Four #5 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ကောမစ်ပရိသတ်တွေကတော့ MCU ထဲက နောက်ထပ် ဗီလိန်အကြီးစားတစ်ယောက်နေရာမှာ Doctor Doom ကို ဖြစ်စေချင်နေကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Doctor Doom အကြောင်း ကောမစ်ထဲက စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) သူဟာ စုန်းမတစ်ယောက်ရဲ့သား ဖြစ်ပါတယ်။

photo via screenrant

နာမည်အရင်းကတော့ Victor Doom ပဲ ဖြစ်ပြီး Cynthia Von Doom ဆိုတဲ့ စုန်းမတစ်ယောက်ရဲ့သားပဲ ဖြစ်ပါတယ်။ သူတို့ဟာ Latveria ဆိုတဲ့ တိုင်းပြည်မှာ နေထိုင်ကြပြီး အဲဒီတိုင်းပြည်ကိုတော့ Baron က အုပ်ချုပ်ပါတယ်။ မိခင်ဖြစ်သူ Cynthia ကတော့ Victor ငယ်ဘဝမှာပဲ Mephisto ရဲ့ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပါတယ်။ Victor ရဲ့ ဖခင်ဖြစ်သူကတော့ ရွာသူကြီး ဖြစ်ပြီး ဆေးဆရာဝန်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ Baron ရဲ့ နေမကောင်းတဲ့ ဇနီးကို ကုသပေးဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာကြောင့် Baron ဟာ သူတို့သားအဖကို လိုက်လံဖမ်းဆီးပါတော့တယ်။ ဒါကြောင့်ပဲ သားအဖနှစ်ယောက်ဟာ သူတို့ရဲ့အိမ်ကနေ ထွက်ပြေးခဲ့ရပြီး Victor ရဲ့ဖခင်ကတော့ ဒီကိစ္စကြောင့်ပဲ သေဆုံးသွားတဲ့အခါ Victor ဟာ Baron ကို လက်စားချေဖို့ တိုင်တည်လိုက်ပါတော့တယ်။

(2) Doctor Doom ဖြစ်ပေါ်လာခြင်း

photo via screenrant

အပေါ်မှာ ဖော်ပြထားသလိုပဲ Victor ဟာ Baron ကို လက်စားချေဖို့ တိုင်တည်ကျိန်ဆိုခဲ့ပြီး အဲဒီတိုင်းပြည်မှာ နေထိုင်တဲ့ ပြည်သူတွေကိုလည်း Baron ရဲ့လက်ကနေ ကယ်တင်ရမယ်လို့ သိခဲ့ပါတယ်။ ဒါကြောင့်ပဲ Victor ဟာ ပြည်သူတွေကို တော်လှန်ရေး စတင်စေခဲ့ပြီး အဲဒီတော်လှန်ရေးကိုလည်း သူကိုယ်တိုင် ဦးဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Victor ဟာ Baron ကို အနိုင်ယူနိုင်ခဲ့ပြီး သူ့ကိုယ်သူ အဲဒီတိုင်းပြည်ရဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေ ပြီးဆုံးသွားတဲ့ အချိန်မှာတော့ သူဟာ Armor တစ်ခုကို ဖန်တီးခဲ့ပြီး သူ့ရဲ့မျက်နှာကို ဖုံးကွယ်ဖို့ သံမျက်နှာဖုံးတစ်ခုကိုလည်း ဖန်တီးခဲ့ပါတယ်။ အဲဒီအချိန်က စတင်ပြီး သူဟာ Doctor Doom ဖြစ်လာပါတယ်။

(3) သူဟာ မှော်ပညာနဲ့ သိပ္ပံပညာကို ပေါင်းစပ်အသုံးချသူ ဖြစ်ပါတယ်။

photo via screenrant

Victor ဟာ Latveria တိုင်းပြည်မှာ စမ်းသပ်ဖန်တီးမှုတွေများစွာ ပြုလုပ်ခဲ့ပြီး အဲဒီအချက်ကြောင့်ပဲ Empire State University က သူ့ကို သတိထားမိသွားပါတယ်။ ဒါကြောင့်ပဲ သူဟာ အဲဒီတက္ကသိုလ်မှာ ဆက်လက်လေ့လာဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူဟာ မှော်ပညာနဲ့ နည်းပညာကို စတင်ပေါင်းစပ် အသုံးချပါတော့တယ်။ Victor ဟာ သူ့ရဲ့သေဆုံးသွားတဲ့ မိခင်နဲ့ ဆက်သွယ်နိုင်တဲ့ စက်ပစ္စည်းတစ်ခုကို တီထွင်ခဲ့ပါတယ်။ သို့သော်လည်း Reed Richard ကတော့ အဲဒီစက်ဟာ ပုံမှန်မဟုတ်ဘဲ တစ်ခုခုမှားယွင်းနေတယ်လို့ သတိပေးခဲ့ပေမယ့် Victor ကတော့ ဂရုမစိုက်ခဲ့ပါဘူး။

ဒါကြောင့်ပဲ အဲဒီစက်ရဲ့ မှားယွင်းမှုဟာ Victor ရဲ့မျက်နှာကို အမာရွတ်ကြီး ဖြစ်သွားစေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီစက်ကို ချို့ယွင်းအောင် ပြုလုပ်ခဲ့သူဟာ Ben Grimm ဖြစ်ကြောင်း သိလိုက်ရပါတယ်။ အကြောင်းကတော့ Ben Grimm ဟာ Victor ရဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးနေတာကို အမြင်ကတ်တာကြောင့် ယခုလိုပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒီလောက်ထိ ဖြစ်သွားမယ်လို့တော့ မထင်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ Victor ဟာ သူ့ရဲ့တီထွင်မှုက ဖြစ်သွားတဲ့ ပျက်စီးမှုတွေကြောင့်ပဲ Empire State University က ထုတ်ပယ်ခံလိုက်ရပြီး တရားဝင်ဒေါက်တာဘွဲ့ မရရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း သူ့ကိုယ်သူတော့ ဒေါက်တာဘွဲ့ရပြီး သူ့ရဲ့အရည်အချင်းတွေကလည်း သာမန်ဒေါက်တာဘွဲ့ ရထားသူတွေထက် များစွာသာလွန်နေတယ်လို့ ခံယူထားပါတယ်။

(4) King Arthur ခေတ်က Camelot ကိုလည်း သွားခဲ့ပါသေးတယ်။

photo via screenrant

Victor ကတော့ Fantastic Four ၊ Spider-Man နဲ့ Avengers တို့လို ဟီးရိုးတွေနဲ့ မကြာခဏ တိုက်ခိုက်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ကောမစ်တစ်ခုထဲမှာ ဆိုရင်တော့ သူဟာ King Arthur ခေတ်က Camelot ဆီကို အချိန်ခရီးသွားခဲ့ပါတယ်။ အကြောင်းကတော့ King Arthur ရဲ့ Excalibur ဓားနဲ့ သတ်ခဲ့တဲ့ Undead Army ကြီးကို အသုံးပြုဖို့ ကြိုးစားချင်တာကြောင့်ပါပဲ။ ဖြစ်ချင်တော့ အဲဒီအချိန်မှာပဲ Iron Man ဟာ Victor ရဲ့ အကြံတွေကို သိသွားပြီး Victor ကို အဲဒီအတိတ်ကာလမှာ တားဆီးခဲ့ပါတယ်။ ဒါကြောင့်ပဲ Victor ဟာ Iron Man ကိုလည်း လက်စားချေဖို့ ကျိန်ဆိုခဲ့ပြန်ပါတယ်။

(5) သူဟာ အကန့်အသတ်မရှိတဲ့ မှော်စွမ်းအားတွေ ရရှိဖို့ သူ့ရဲ့ချစ်သူကို စတေးခဲ့ပါတယ်။

photo via screenrant

Victor ရဲ့ဘဝထဲက ပျော်စရာအနည်းငယ်ထဲမှာတော့ Valeria ဆိုတဲ့ကောင်မလေးနဲ့ ချစ်ကြိုက်ခဲ့တဲ့အချိန်လည်း ပါဝင်နေပါတယ်။ Valeria ကတော့ သူချစ်တဲ့ တစ်ဦးတည်းသော မိန်းကလေးတစ်ယောက် ဖြစ်ပြီး ဆယ်ကျော်သက်အရွယ် Latveria တိုင်းပြည်မှာ နေထိုင်ခဲ့တဲ့ အချိန်ကတည်းက ချစ်ကြိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ Victor ဟာ Empire State University မှာ ပညာသင်ခွင့်ရရှိတဲ့ အချိန်မှာတော့ သူဟာ Valeria ကို ထားခဲ့ရပေမယ့်လည်း သူမဟာ သူ့ရဲ့နှလုံးသားထဲမှာ ရှိနေဆဲပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကတော့ ဇာတ်သိမ်းမလှခဲ့ပါဘူး။ နှစ်ပေါင်းများစွာ ကြာမြင့်တဲ့ အချိန်မှာတော့ Victor ဟာ အကန့်အသတ်မရှိတဲ့ မှော်စွမ်းအားတွေကို ရရှိဖို့အတွက် Demon တွေနဲ့ အပေးအယူ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအပေးအယူကတော့ Victor ဟာ အစားထိုးမရလောက်အောင် တန်ဖိုးရှိတဲ့ အရာတစ်ခုကို ပေးဆပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ Valeria ကို ငရဲမီးမှာ အရှင်လတ်လတ် လောင်ကျွမ်းစေပြီး သူ့ရဲ့လိုအင်ဆန္ဒအတွက် ချစ်သူကို စတေးပစ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ မီးလောင်ပြီး ကွာကျလာတဲ့ Valeria ရဲ့ အရေပြားတွေဟာ Victor အတွက် Armor အသစ်အဖြစ် ပြောင်းလဲသွားပါတယ်။

(6) သူဟာ God လည်း ဖြစ်ခဲ့ဖူးပါသေးတယ်။

photo via screenrant

Victor ကတော့ အမြဲတမ်း ပါဝါကို လိုချင်နေသူတစ်ယောက် ဖြစ်ပြီး ကမ္ဘာကြီးကို အုပ်စိုးဖို့နဲ့ Cosmic Power တွေကို ရယူချင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့မှာတော့ Cosmic Being တွေရဲ့ စွမ်းအားတွေကို စုပ်ယူနိုင်စွမ်းလည်း ပိုင်ဆိုင်ထားပါတယ်။ Secret Wars Storyline ထဲမှာတော့ သူဟာ God ဖြစ်လာပြီး God Emperor Doom ဖြစ်လာခဲ့ပါတယ်။ အဲဒီဇာတ်လမ်းထဲမှာတော့ သူဟာ Cosmic Being တွေရဲ့ စွမ်းအားတွေကို စုပ်ယူခဲ့ပြီး Silver Surfer ရဲ့ စွမ်းအားတွေကိုပါ စုပ်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ Galactus ရဲ့ တားဆီးမှုကို ခံခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ သူဟာ Terrax ရဲ့ စွမ်းအားတွေကို ထုတ်ယူခဲ့ပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ဟာ အဲဒီစွမ်းအားတွေကို လက်မခံနိုင်ဘဲ ပျက်စီးသွားပါတယ်။ နောက်ပိုင်းမှာတော့ The Beyonder ဟာ Victor ကို ကယ်တင်ပေးခဲ့ပြီး သူ့အတွက် တိုက်ခိုက်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း Victor ဟာ The Beyonder ဆီက စွမ်းအားတွေကိုပါ ထပ်မံစုပ်ယူခဲ့ပါတယ်။ ဒီလိုနဲ့ Victor ဟာ God Emperor Doom ဖြစ်သွားတဲ့ အချိန်မှာတော့ သူဟာ အားလုံးရဲ့ ဖန်တီးသူနဲ့ အုပ်ချုပ်သူအဖြစ် လူတွေကို ကိုးကွယ်စေခဲ့ပါတယ်။ ဒါ့အပြင် Sue Storm ကိုတော့ သူ့ရဲ့ဇနီးအဖြစ် ရယူခဲ့ပြီး Franklin နဲ့ Valeria ကိုလည်း သူ့ရဲ့သားသမီးတွေအဖြစ် မွေးထားခဲ့ပါတယ်။

(7) သူဟာ Stan Lee နဲ့ Jack Kirby တို့နဲ့ ဆုံတွေ့ခဲ့ဖူးပါတယ်။

photo via screenrant

ယခုအချိန်မှာတော့ Fourth Wall ချိူးဖောက်တဲ့ ဇာတ်ကောင်ဆိုရင် ပရိသတ်အများစုဟာ Deadpool ကို ပြေးမြင်မိကြပေမယ့်လည်း တကယ်တော့ Victor ဟာ ၁၉၆၀ကျော်ကတည်းက Fourth Wall ကို ချိူးဖောက်ခဲ့တာ ဖြစ်ပါတယ်။ Fantastic Four #10 ကောမစ်ထဲမှာတော့ Stan Lee နဲ့ Jack Kirby တို့ဟာ Marvel ရုံးခန်းထဲမှာ အလုပ်လုပ်နေကြပြီး Fantastic Four #10 ကောမစ်ရဲ့ ဗီလိန်အဖြစ် ဘယ်သူ့ကို ထည့်သွင်းရမလည်းလို့ စဉ်းစားနေကြပါတယ်။ သူတို့နှစ်ယောက်လုံးဟာ Doctor Doom ကို ဗီလိန်အဖြစ် ထည့်သွင်းပြီး ဇာတ်လမ်းအဆုံးမှာ သတ်လိုက်မယ်လို့ တိုင်ပင်နေတဲ့ အချိန်မှာပဲ Doctor Doom ဟာ သူ့ရဲ့နာမည်ကို ကြားပြီး အဲဒီရုံးခန်းထဲကို ရောက်လာပါတော့တယ်။ Doctor Doom ကတော့ သူ့ရဲ့ဖန်တီးသူ နှစ်ယောက်လုံးကို မျက်နှာဖုံးချွတ်ကာ သူ့ရဲ့မျက်နှာကို ပြသခဲ့ပြီး ဇာတ်လမ်းကို သူ့အလိုကျ ပြင်ဆင်စေခဲ့ပါတယ်။

ဒါကတော့ Doctor Doom နဲ့ ပတ်သက်တဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာအချက်တွေပဲ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular