HomeEntertainmentFilmVampire Diaries ရဲ့ ဇာတ်လမ်းတွဲနဲ့ စာအုပ်ထဲက ကွဲပြားချက်များ

Vampire Diaries ရဲ့ ဇာတ်လမ်းတွဲနဲ့ စာအုပ်ထဲက ကွဲပြားချက်များ

Vampire Diaries ဇာတ်လမ်းတွဲကတော့ သွေးစုပ်ဖုတ်ကောင် ဇာတ်လမ်းတွေထဲမှာ Twilight ပြီးရင် နာမည်အကြီးဆုံး ဇာတ်လမ်းတစ်ခုလို့ ပြောလို့ရပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ စာရေးဆရာမ L.J. Smith ရေးသားခဲ့တဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဝတ္ထုဇာတ်လမ်းတွေကို Live Action အဖြစ် ပြန်လည်ဖန်တီးတဲ့ အချိန်မှာတော့ မတူညီတဲ့ အချက်တွေ ရှိတတ်တာ သဘာဝပဲ ဖြစ်တာကြောင့် ဒီတစ်ခါမှာတော့ Vampire Diaries ရဲ့ ဝတ္ထုနဲ့ ဇာတ်လမ်းတွဲတို့ရဲ့ ကွဲပြားချက်တွေကို ဖော်ပြပေးချင်ပါတယ်။

Elena ရဲ့ အချစ်ဆုံးသူငယ်ချင်းများ

photo via cw

ဒီဇာတ်လမ်းတွဲထဲမှာတော့ Elena ရဲ့ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ဟာ Bonnie နဲ့ Caroline တို့ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့်လည်း ဝတ္ထုထဲမှာတော့ Elena ရဲ့ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ဟာ Bonnie နဲ့ Meredith တို့ပဲ ဖြစ်ကြပါတယ်။ ဝတ္ထုထဲမှာတော့ Bonnie ရဲ့ Last Name ဟာ ဇာတ်လမ်းတွဲထဲကနဲ့ မတူသလို ဒီဇာတ်လမ်းတွဲထဲမှာတော့ Meredith ဆိုတဲ့ ဇာတ်ကောင်လည်း မပါဝင်ပါဘူး။ ဒါ့အပြင် ဝတ္ထုထဲမှာတော့ Caroline နဲ့ Elena တို့ဟာ လုံးဝမတည့်ကြတဲ့ ပြိုုင်ဘက်တွေပဲ ဖြစ်ပါတယ်။

ဝတ္ထုထဲက Elena ရဲ့ပုံသဏ္ဍာန်နဲ့ ဇာတ်လမ်းတွဲထဲက ပုံသဏ္ဍာန်ဟာ လုံးဝမတူညီပါဘူး။

photo via cw

ဒီဇာတ်လမ်းတွဲထဲမှာတော့ Elena ရဲ့နေရာမှာ Nina Dobrev က ပါဝင်သရုပ်ဆောင်ထားပြီး သူမကတော့ အညိုရောင်ဆံပင်နဲ့ အညိုရောင်မျက်လုံးတို့ကို ပိုင်ဆိုင်ထားပါတယ်။ ဝတ္ထုထဲက Elena ဇာတ်ကောင်ကတော့ ရွှေရောင်ဆံပင်နဲ့ အပြာရောင် မျက်လုံးတို့ကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ဝတ္ထုထဲက Elena ကတော့ ဂျာမန်လူမျိူးတစ်ယောက် ဖြစ်ပြီး Nina Dobrev ကတော့ Bulgarian လူမျိူး ဖြစ်ပါတယ်။

သရုပ်ဆောင်နဲ့ ဇာတ်ကောင်က လိုက်ဖက်နေဖို့ လိုအပ်တာကြောင့် ဒီဇာတ်လမ်းတွဲကို ဖန်တီးသူတွေဟာ Elena ဇာတ်ကောင်ရဲ့ လူမျိူးကိုပါ Bulgarian အဖြစ် ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ဝတ္ထုထဲက Elena ကတော့ ဒီဇာတ်လမ်းတွဲကလိုမျိူး ချိူသာတဲ့ ပုံစံမဟုတ်ဘဲ တကိုယ်ကောင်းဆန်ကာ ကိုယ့်ကျင့်တရား သိပ်မကောင်းတဲ့ ပုံစံမျိူးလည်း ဖြစ်ပါတယ်။

Elena ရဲ့သွေးကို အမြဲလိုလို သောက်နေတဲ့ Stephen

photo via cw

ဒီဇာတ်လမ်းတွဲထဲမှာတော့ Stephen ဟာ Elena နဲ့ စတင်တွေ့ဆုံချိန်မှာ သူမရဲ့သွေးကို မသောက်မိအောင် သူ့ကိုယ်သူ ထိန်းချုပ်ခဲ့ပါတယ်။ အကြောင်းကတော့ Stephen ဟာ သွေးသောက်မိလိုက်ရင် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ အလွန်ရက်စက်တဲ့ Ripper တစ်ယောက် ဖြစ်သွားလို့ပါပဲ။

နောက်ပိုင်းမှာတော့ သူဟာ Elena ရဲ့သွေးကို သောက်ခဲ့တာတွေ ရှိပေမယ့်လည်း ဒါဟာ Stephen အနေနဲ့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်တယ်လို့ Elena က ယုံကြည်ထားလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝတ္ထုထဲမှာတော့ Stephen ဟာ Elena ရဲ့သွေးကို အမြဲလိုလို သောက်သုံးခဲ့ပါတယ်။

ဝတ္ထုထဲက Elena မှာ မောင်မရှိပါဘူး။

photo via cw

ဒီဇာတ်လမ်းတွဲထဲမှာတော့ Elena မှာ အထက်တန်းကျောင်းတက်နေတဲ့ Jeremy ဆိုတဲ့ မောင်တစ်ယောက် ရှိပြီး သူဟာ ဒီဇာတ်လမ်းတွဲရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝတ္ထုထဲမှာတော့ Elena ဆီမှာ မောင်မရှိဘဲ Margaret ဆိုတဲ့ လေးနှစ်အရွယ် ညီမတစ်ယောက်သာ ရှိပါတယ်။

ဝတ္ထုထဲက Elena ဟာ Stephen ကိုပဲ ချစ်တာပါ။

photo via cw

ဝတ္ထုထဲမှာတော့ Elena ဟာ Stephen ကိုပဲ ချစ်တာဖြစ်ပြီး Damon ကိုတော့ မချစ်ပါဘူး။ ဒီဇာတ်လမ်းတွဲရဲ့ အစမှာတော့ Elena ဟာ Stephen ကို ချစ်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပြီး ဇာတ်လမ်းအဆုံးထိ Damon နဲ့ပဲ ချစ်ကြိုက်သွားခဲ့ပါတယ်။ ဒီအချက်ဟာ သရုပ်ဆောင်နှစ်ယောက်ရဲ့ Chemistry နဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုတွေကြောင့် ပြောင်းလဲသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဝတ္ထုထဲမှာ Mystic Falls မြို့ မရှိပါဘူး။

photo via cw

ဒီဇာတ်လမ်းတွဲတစ်ခုလုံးရဲ့ အဓိကဇာတ်အိမ်တည်ရာ နေရာကတော့ Mystic Falls မြို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝတ္ထုထဲမှာတော့ Fells Church ဆိုတဲ့မြို့မှာ ဇာတ်အိမ်တည်ထားတာပါ။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Fells Church ဆိုတဲ့ နာမည်နဲ့ ဘုရားကျောင်းတစ်ခုကိုတော့ ထည့်သွင်းထားပြီး ဝတ္ထုထဲက မူလမြို့နာမည်ကို Reference ပြုလုပ်ထားပါတယ်။

ဝတ္ထုထဲမှာတော့ Angel တွေပါ ပါဝင်ခဲ့ပါတယ်။

photo via cw

ဒီဇာတ်လမ်းတွဲထဲမှာတော့ သွေးစုပ်ဖုတ်ကောင်တွေ၊ သမန်းဝံပုလွေ၊ စုန်းတွေနဲ့ အခြားအရာတွေ ပါဝင်နေပေမယ့်လည်း ဝတ္ထုထဲမှာတော့ Angel တွေပါ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Elena ဟာလည်း လူသားတစ်ဝက်၊ Angel တစ်ဝက် သွေးနှောလည်း ဖြစ်ပါတယ်။ ဝတ္ထုထဲမှာတော့ လူသားတွေရဲ့ စိတ်ခံစားချက်တွေကို စားသုံးတဲ့ Demon (Phantoms)၊ ပုံသဏ္ဍာန်ပြောင်းလဲနိုင်တဲ့ မြေခွေး (Kitsune) နဲ့ Guardian (Angel) တို့လည်း ပါဝင်နေပါသေးတယ်။

Damon နဲ့ Stephen တို့ရဲ့နောက်ကြောင်း

photo via cw

ဒီဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ကောင် နှစ်ယောက်ဖြစ်တဲ့ Damon နဲ့ Stephen တို့ရဲ့ နောက်ကြောင်းတွေဟာလည်း ဝတ္ထုထဲကအတိုင်း ဖန်တီးထားတာ မဟုတ်ပါဘူး။ ဒီဇာတ်လမ်းတွဲထဲမှာတော့ သူတို့နှစ်ယောက်ဟာ (၁၉)ရာစုနှစ်လောက်မှာ Katherine ကို ကယ်တင်ဖို့ ကြိုးစားရင်း သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဝတ္ထုထဲမှာတော့ သူတို့နှစ်ယောက်ဟာ သွေးစုပ်ဖုတ်ကောင်တွေရဲ့ သွေးကို သောက်ပြီးနောက်မှာ စကားများကြရင်း တစ်ယောက်နဲ့တစ်ယောက် သတ်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားပြီး (၁၅)ရာစုနှစ်၊ (၁၆)ရာစုနှစ်လောက်ကတည်းက အသက်ရှင်နေခဲ့ကြတာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular