HomeBiographyသက်လတ်ပိုင်းအမျိုးသမီးတွေရဲ့ ဖက်ရှင်စံပြဖြစ်တဲ့ Kim Hee-ae အကြောင်း တစေ့တစောင်း 

သက်လတ်ပိုင်းအမျိုးသမီးတွေရဲ့ ဖက်ရှင်စံပြဖြစ်တဲ့ Kim Hee-ae အကြောင်း တစေ့တစောင်း 

စွယ်စုံရမင်းသမီးတစ်လက်ဖြစ်တဲ့ Kim Hee-ae ဟာ အောင်မြင်တဲ့ ဒရာမာပေါင်းများစွာမှာ ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်ထားသူ ဖြစ်ပါတယ်။ ဂျယ်ဂျူကျွန်းဇာတိဖြစ်တဲ့ မင်းသမီးဟာ သူမရဲ့အနုပညာသက်တမ်းတစ်လျှောက် ထူးချွန်ဆုပေါင်း (၂၅)ဆုထက်မက ရရှိထားပြီး အခုထက်ထိလည်း အရှိန်အဟုန်နဲ့ အောင်မြင်နေဆ‌ဲ ဖြစ်ပါတယ်။ ယခုလတ်တလောမှာလည်း The World of the Married ဆိုတဲ့ ဒရာမာနဲ့ ပရိသတ်ရဲ့အားပေးမှုရော စိတ်ဝင်စားမှုကိုပါ ရရှိနေတာဖြစ်လို့ သူမအကြောင်း စိတ်ဝင်စားစရာ အချက်ငါးချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ၁၉၈၃ခုနှစ်တည်းက အနုပညာလောကထဲကို ဝင်ရောက်ခဲ့ပါတယ်။
Photo: heeae_official/ Instagram

Kim Hee-ae ဟာ အထက်တန်းကျောင်း တက်နေရင်းနဲ့ အနုပညာလောကထဲ ဝင်ဖို့ ဖြစ်လာခဲ့ပါတယ်။ သူမ ကျောင်းက ဆရာမရဲ့ မောင်နှမတော်စပ်သူတစ်ယောက်ဟာ ကြော်ငြာအေဂျင်စီတစ်ခုမှာ အလုပ်လုပ်သူ ဖြစ်တာကြောင့် သူမရဲ့ ထူးခြားတဲ့ ရုပ်သွင်ကို မြင်ပြီး မော်ဒယ်လ်အလုပ်လုပ်ဖို့ လာကမ်းလှမ်းခဲ့တာပါ။

အဲ့လိုနဲ့ ကျောင်းယူနီဖောင်းကြော်ငြာအတွက် မော်ဒယ်လ်လုပ်ပေးဖို့ ‌ဖြစ်လာခဲ့ပါတယ်။ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်တဲ့အချိန်ကတော့ ၁၉၈၃ခုနှစ်မှာ ဖြစ်ပြီး The First Day in the Twentieth Year ဆိုတဲ့ ရုပ်ရှင်မှာ စတင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီ့အချိန်ကစလို့ သရုပ်ဆောင်အလုပ်ရော မော်ဒယ်လ်အလုပ်ကိုပါ တွဲဖက်လုပ်ကိုင်ခဲ့ပါတယ်။

(၂) ဒရာမာပေါင်းများစွာမှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ထားပါတယ်။
Photo: heeae_official/ Instagram

၁၉၉၁ခုနှစ်က ထွက်ရှိခဲ့တဲ့ Beyond the Mountains နဲ့ ၁၉၉၂ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Sons and Daughters ဆိုတဲ့ ဒရာမာတွေနဲ့ ပထမဆုံး Daesang ဆုကို ရရှိခဲ့ပြီး အောင်မြင်တဲ့ ဒရာမာနဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် သူမ သရုပ်ဆောင်တဲ့ ကာရိုက်တာ‌ တော်တော်များများဟာလည်း ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။ ၂၀၀၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ My Husband’s Woman ဆိုတဲ့ ဒရာမာထဲမှာဆိုရင်လည်း သူငယ်ချင်းရဲ့ယောက်ျားနဲ့ ပြန်ပြီးဖောက်ပြန်တဲ့ ဆက်ဆီကျကျ အမျိုးသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။ အခု လူစိတ်ဝင်စားနေတဲ့ The World of the Married ဇာတ်လမ်းမှာ ပါဝင်ထားတဲ့ ပုံစံနဲ့ ဆန့်ကျင့်ဘက် ကာရိုက်တာ ဖြစ်ပါတယ်။

(၃) ခရီးသွားရတာ နှစ်သက်ပါတယ်။
Photo: heeae_official/ Instagram

သူမဟာ အလုပ်များလွန်းတဲ့ ထိပ်တန်းမင်းသမီးတစ်လက် ဖြစ်ပေမယ့် အချိန်အား ရရင်ရသလို ခရီးတွေသွားပြီး အပန်းဖြေတတ်သူပါ။ ထိုင်း၊ အီတလီ၊ လော့စ်အိန်ဂျလိစ် စတဲ့နေရာတော်တော်များများကို လည်ပတ်ထားပြီး သူမ သွားတဲ့နေရာက လှပတဲ့ ရှုမျှော်ခင်းတွေနဲ့ အစားအစာတွေကိုလည်း ပရိသတ်တွေနဲ့အတူ ပြန်လည်မျှဝေလေ့ ရှိပါတယ်။

(၄) သက်လတ်ပိုင်းအမျိုးသမီးတွေရဲ့ ဖက်ရှင်စံထားရာ မင်းသမီး ဖြစ်ပါတယ်။
Photo: heeae_official/ Instagram

Kim Hee-ae ဟာ သရုပ်ဆောင်လောက,က ခေတ္တအနားယူပြီး ကြော်ငြာမော်ဒယ်လ်အဖြစ်နဲ့ အမိုက်စား ဖက်ရှင်တွေကို ကိုယ်စားပြုခဲ့ပါသေးတယ်။ ကိုရီးယားမှာတော့ သူမဟာ သက်လတ်ပိုင်း အမျိုးသမီးတွေရဲ့ ဖက်ရှင်ဆရာမကြီး ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ ဖက်ရှင်တွေကို ဘယ်လိုအဂေါ်စားပုံစံမျိုးနဲ့ လန်းလို့ရတယ်ဆိုတာကို သူမက ပြသနေလေ့ ရှိပါတယ်။ ဒါကြောင့်လည်း သူမရဲ့ ဝတ်စားဆင်ယင်ပုံတွေကို အာဂျူးမားတွေက လိုက်အတုခိုးရပြီး သူမလို စတိုင်လ်ကျအောင် နေထိုင်ကြတာ ဖြစ်နိုင်ပါတယ်။

(၅) ပျော်ရွှင်အေးချမ်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပါတယ်။
Photo: heeae_official/ Instagram

သူမရဲ့ အပြင်ဘဝက အိမ်ထောင်ရေးဟာ သူမ သရုပ်ဆောင်ထားတဲ့ Ji Sun-woo ကာရိုက်တာလိုတော့ မဟုတ်ပါဘူး။ သူမရဲ့ခင်ပွန်းဟာ ကိုရီးယားရဲ့နာမည်ကြီး အင်တာနက်ကုမ္ပဏီတစ်ခုက စီအီးအိုဟောင်းတစ်ယောက်ဖြစ်ပြီး သားနှစ်ယောက် ထွန်းကားထားပါတယ်။ သူမရဲ့ အိမ်ထောင်ရေးနဲ့ မိသားစုဘဝအကြောင်းကိုတော့ မီဒီယာတွေမှာ ဖြေကြားလေ့ မရှိဘဲ သီးသန့်လေး နေလေ့ရှိပါတယ်။

သူမဟာ ပြီးခဲ့တဲ့ ဧပြီလ(၂၃)ရက်နေ့ကပဲ အသက်(၅၃)နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီး အနုပညာသက်တမ်းကတော့ (၃၇)နှစ် ရှိနေပါပြီ။ သူမအကြောင်းလေးတွေ တစွန်းတစ သိရလို့ ကြိုက်နှစ်သက်တယ်ဆို မိတ်ဆွေတွေလည်း ဖတ်ရအောင် ရှဲပေးသွားပါဦး။

LaNina
RELATED ARTICLES

Most Popular