HomeCelebs Update NewsKorea2021 မှာ ဖောက်ထွက်ပြီး အောင်မြင်လာတဲ့ ကေဒရာမာစတား(၆)ယောက်

2021 မှာ ဖောက်ထွက်ပြီး အောင်မြင်လာတဲ့ ကေဒရာမာစတား(၆)ယောက်

ကိုရီးယားဒရာမာလောကမှာတော့ နှစ်စဉ်နှစ်တိုင်း ဖောက်ထွက်ပြီး အောင်မြင်လာတဲ့ နာမည်ကျော် သရုပ်ဆောင်တွေ ရှိပါတယ်။ နာမည်ကျော် ဇာတ်လမ်းတွဲတစ်ခုခုမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အားပေးနှစ်ခြိုက်မှုကြောင့် ယခင်ကထက် ပိုမိုအောင်မြင်လာကြသူတွေ မနည်းမနောပါပဲ။ ယခုနှစ် ၂၀၂၁ ခုနှစ်မှာလည်း အလားတူ သိသိသာသာ ဖောက်ထွက်ပြီး အောင်မြင်လာသူတွေ ရှိပါတယ်။

Jung Ho Yeon

ယခုနှစ်အတွင်းမှာ သိသိသာသာ ဖောက်ထွက်ပြီး အောင်မြင်လာတဲ့ မျက်နှာသစ်သရုပ်ဆောင်တစ်ယောက်ကတော့ Squid Game သရုပ်ဆောင် Jung Ho Yeon ပဲ ဖြစ်ပါတယ်။ သူမဟာ Kang Sae Byeok ဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပေမယ့် တကယ်တော့ ဒါဟာ သူမရဲ့ ပထမဆုံး ပွဲဦးထွက် ဒရာမာဇာတ်ရုပ် ဖြစ်ပါတယ်။

Jung Ho Yeon ဟာ Squid Game မှာ သရုပ်ဆောင်ပြီးတည်းက ကိုရီးယားပြည်တွင်းမှာသာမက နိုင်ငံတကာ ပရိသတ်တွေရဲ့ အားပေးမှုကိုပါ ရရှိထားပြီး နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ Adidas ၊ Louis Vuitton ၊ Calvin Klein စတဲ့ ကြော်ငြာစာချုပ်တွေကိုပါ ကမ်းလှမ်းခံထားရသူ ဖြစ်ပါတယ်။

Wi Ha Joon

Squid Game ထဲမှာ ပါဝင်သရုပ်ဆောင်ပြီး ယခုနှစ်အတွက် သိသိသာသာ ဖောက်ထွက် အောင်မြင်လာသူကတော့ သရုပ်ဆောင်ကတော့ Wi Ha Joon ပဲ ဖြစ်ပါတယ်။ အသက်(၃၀)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Wi Ha Joon ဟာ မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားတစ်လက် ဖြစ်လာတယ်ဆိုတာ ငြင်းလို့မရတဲ့အချက်ပါပဲ။

ရဲအရာရှိ Hwang Jun Ho အဖြစ် ပီပြင်စွာ သရုပ်ဆောင်ထားရုံတင် မဟုတ်ဘဲ သူ့ရဲ့ တည်ကြည်ခန့်ငြားတဲ့ အရှိန်အဝါကြောင့်လည်း မိန်းကလေးပရိသတ်ရဲ့ အသည်းနှလုံးကို ရရှိထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နေ့ချင်းညချင်းဆိုသလို ပိုပြီး အောင်မြင်ကျော်ကြားလာပြီး လူမှုကွန်ယက်မှာဆိုရင်လည်း ဖော်လိုဝါတွေ သိသိသာသာ များပြားလာတာ ဖြစ်ပါတယ်။

Jeon Yeo Bin

နာမည်ကျော်ဒရာမာ Vincenzo လို့ ပြောလိုက်ရင် မင်းသမီး Jeon Yeo Bin မပါလို့လည်း မပြီးပါဘူး။ ဒီဇာတ်လမ်းတွဲထဲက ပရိသတ်အချစ်တော် မင်းသား Song Joong Ki ရဲ့ သရုပ်ဆောင်မှုအပြင် Hong Cha Young ဆိုတဲ့ ရှေ့နေမလေးကြောင့်လည်း ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပြည့်စုံသွားစေတာ ဖြစ်ပါတယ်။

Jeon Yeo Bin ဟာ ဒရာမာလောကထဲကို ၂၀၁၅ ခုနှစ်တည်းက The Treacherous ဒရာမာနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် သူမရဲ့ အောင်မြင်မှုကို အရှိန်တင်ပေးပြီး ကမ္ဘာအနှံ့က ပရိသတ်တွေအထိ ထိုးဖောက်ပေးခဲ့တာကတော့ Vincenzo ဒရာမာပဲ ဖြစ်ပါတယ်။

သူမရဲ့ အသစ်ထွက်ရှိလာဦးမယ့် ဒရာမာကတော့ “Glitch” လို့ အမည်ရပြီး Lee Dong Whi ၊ Ryu Kyung Soo နဲ့ Nana တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

Han So Hee

၂၀၂၁ ခုနှစ်အတွင်းမှာ သိသိသာသာ အောင်မြင်မှုအရှိန် မြင့်တက်နေတဲ့ မင်းသမီးလေးကတော့ Han So Hee ပဲ ဖြစ်ပါတယ်။ သူမဟာ နာမည်ကြီးဒရာမာ The World of the Married ထဲက လူတိုင်း မုန်းချင်စရာ ဇာတ်ရုပ် Yeon Da Kyung နဲ့ နာမည်ကျော်ကြားလာပြီး ပရိသတ်ရဲ့ တခဲနက် ချစ်ခင်အားပေးမှုကို ရရှိထားသူ ဖြစ်ပါတယ်။

သို့သော်လည်း ယခုနှစ်ကတော့ သူမအတွက် ပိုပြီး အောင်မြင်မှုအရှိန် မြင့်တက်စေတဲ့ နှစ်လို့ ပြောရမှာပါ။ သူမကို ဒီလိုဖောက်ထွက် အောင်မြင်စေခဲ့တဲ့ ပထမ ဒရာမာကတော့ ဝဘ်တွန်းကို အခြေခံ ရိုက်ကူးထားတဲ့ Nevertheless ဖြစ်ပြီး Song Kang နဲ့ အတွဲညီညီ သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

ဒုတိယဒရာမာကတော့ Netflix က ထုတ်လုပ်တဲ့ My Name ဖြစ်ပြီး သူမရဲ့ ပထမဆုံး အက်ရှင်ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲက သူမရဲ့ သရုပ်ဆောင်မှုနဲ့အတူ စတန့်လုပ်ကွက်တွေကြောင့်လည်း ပရိသတ်တွေရဲ့ ချီးကျူးထောပနာကို အထူးရရှိထားပါတယ်။

ဒ့ါအပြင် ၂၀၂၂ မှာ ကြည့်ရှုရဦးမယ့် သူမရဲ့ ဒရာမာအသစ်နှစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ Why Did You Come To My House ဆိုတဲ့ musical drama နဲ့ မင်းသား Park Seo Joon နဲ့အတူ သရုပ်ဆောင်မယ့် Hard Creature ပဲ ဖြစ်ပါတယ်။

Ahn Bo Hyun

Han So Hee လိုပဲ My Name ဒရာမာနဲ့ ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးမှုကို ရရှိလာသူကတော့ Ahn Bo Hyun ပဲ ဖြစ်ပါတယ်။ တကယ်တော့ သူ့ရဲ့ အောင်မြင်မှုအစဟာ Itaewon Class ထဲက ဗီလိန်ဇာတ်ရုပ်နဲ့ ဖြစ်ခဲ့ပေမယ့် ယခုနှစ်အတွင်းမှာ ထွက်ရှိလာတဲ့ Yumi’s Cells ၊ My Name ဒရာမာတွေနဲ့ ခေါင်းဆောင်မင်းသားအဖြစ်နဲ့လည်း လိုက်ဖက်မှုရှိကြောင်း သက်သေပြထားသူ ဖြစ်ပါတယ်။

ဒါ့အပြင် Jo Bo Ah နဲ့အတူ Military Prosecutor Do Bae Man ဒရာမာထဲမှာ ပါဝင်သရုပ်ဆောင်ဖို့ကိုလည်း အတည်ပြုထားပြီး ဖြစ်ပါတယ်။

Tang Jun Sang

၂၀၂၁ ခုနှစ်မှာ တောက်ပလာတဲ့ ကြယ်ပွင့်တွေထဲမှာ Tang Jun Sang လည်း ပါဝင်ပါတယ်။ Tang Jun Sang ဟာ Crash Landing On You ထဲမှာ ဇာတ်ပို့အဖြစ်နဲ့ သူ့ရဲ့ သရုပ်ဆောင်စကေးကို ပြသပြီးနောက်မှာတော့ Lee Je Hoon နဲ့ အပြိုင်ကြဲထားတဲ့ Move to Heaven ဒရာမာမှာတော့ ပရိသတ်ရဲ့ အားပေးမှုကို ပိုမိုရရှိခဲ့ပါတယ်။

Move to Heaven က သူ့ရဲ့ သရုပ်ဆောင်မှုကြောင့်ပဲ ငယ်ရွယ်သေးတဲ့ Tang Jun Sang ရဲ့ ရှေ့အနုပညာလမ်းခရီးမှာတော့ ဒီထက်ပိုကောင်းတဲ့ အခွင့်အလမ်းတွေ ရရှိလာဦးမယ်ဆိုတာ မလွဲဧကန်ပါပဲ။

ဒါကတော့ ယခုနှစ် ၂၀၂၁ အတွင်း ဖောက်ထွက်အောင်မြင်လာကြတဲ့ ကိုရီးယားကြယ်ပွင့်တွေပဲ ဖြစ်ပါတယ်။ ဘယ်ကြယ်ပွင့်လေးတွေက စာဖတ်သူတို့ရဲ့အကြိုက် ဖြစ်နေလည်းဆိုတာ ပြောခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular