HomeCelebs Update NewsInternational၂၀၂၁ ခုနှစ်ရဲ့ ဖော်လိုဝါအများဆုံး Instagram အကောင့်(၁၀)ခု 

၂၀၂၁ ခုနှစ်ရဲ့ ဖော်လိုဝါအများဆုံး Instagram အကောင့်(၁၀)ခု 

မကြာခင်မှာပဲ ၂၀၂၁ ခုနှစ်ဟာ ကုန်ဆုံးလွန်မြောက်တော့မှာ ဖြစ်ပါတယ်။ ယခုတစ်နှစ်တာအတွင်း နိုင်ငံတကာမှာ လူထုစိတ်ဝင်စားမှု အများဆုံး ရရှိခဲ့သူတွေကတော့ မနည်းမနောပါပဲ။ ကမ္ဘာ့လူထုအများစုဆိုရင်လည်း လူမှုကွန်ယက် စာမျက်နှာတွေကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာကြပြီ ဖြစ်တဲ့အတွက် ဆိုရှယ်မီဒီယာပေါ်က နာမည်ကျော်တွေရဲ့ လွှမ်းမိုးမှုဟာလည်း တစထက်တစ ပိုပြီးကြီးမားကျယ်ပြန့်လာပါတယ်။ နာမည်ကျော် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ အင်စတာဂရမ် (Instagram)ဟာလည်း လူသုံးများတဲ့ ဆိုရှယ်မီဒီယာတစ်ခု ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အတွက် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖော်လိုဝါအများဆုံး ပိုင်ဆိုင်ထားတဲ့ အကောင့်(၁၀)ခုကို ဖော်ပြပေးရမယ်ဆိုရင်တော့ ….

(10) Justin Bieber (211 Millions)
Photo: justinbieber/ Instagram

YouTube ကနေတဆင့် ကမ္ဘာကျော်အဆိုတော် ဖြစ်လာတဲ့ Justin Bieber ကတော့ အထင်ရှားဆုံး ဆိုရှယ်မီဒီယာစတားတစ်ယောက် ဖြစ်ပါတယ်။ Baby သီချင်းက စတင်လို့ ဆယ်ကျော်သက်ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားတဲ့ Bieber ဟာ ယနေ့အချိန်ထိ ဆိုရှယ်မီဒီယာမှာ လူစိတ်ဝင်စားမှု အရရှိဆုံး၊ လွှမ်းမိုးနိုင်ဆုံး နာမည်ကျော်ပုဂ္ဂိုလ်တွေထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိ သူ့ရဲ့ အင်စတာဂရမ်က ဖော်လိုဝါပမာဏကတော့ (၂၁၁)သန်း ဖြစ်ပြီး အချိန်နဲ့အမျှ တိုးလာနေဆဲ ဖြစ်ပါတယ်။

(9) Beyoncé Knowles (227 Millions)
Photo: beyonce/ Instagram

နာမည်ကျော်အဆိုတော် Beyoncé ကတော့ Queen Bey လို့ ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ သူမရဲ့ဂုဏ်ပုဒ်နဲ့အညီ ပရိသတ်တွေကို အရှိန်အဝါကောင်းစွာနဲ့ လွှမ်းမိုးထားနိုင်ဆဲ ဖြစ်ပါတယ်။ ဂီတဘက်မှာရော၊ သရုပ်ဆောင်ဘက်မှာပါ လျှောက်လှမ်းခဲ့တဲ့ သူမရဲ့ ဘဝလမ်းဟာ အခုဆိုရင် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်အဖြစ်ပါ အောင်အောင်မြင်မြင် ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ်။ ဒါတင်မက နာမည်ကျော် rapper Jay Z နဲ့ လက်ထပ်ထားတဲ့ သူမရဲ့ အိမ်ထောင်ရေးကြောင့်လည်း ဟောလိဝုဒ်ရဲ့ စိတ်ဝင်စားမှု၊ လေးစားအားကျမှုကို ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိ သူမရဲ့ အင်စတာဂရမ် ဖော်လိုဝါအရေအတွက်ကတော့ (၂၂၇)သန်းကျော် ရှိပါတယ်။

(8) Kim Kardashian (273 Millions)
Photo: kimkardashian/ Instagram

ကမ္ဘာ့မီဒီယာစာမျက်နှာထက်မှာ နေ့စဉ်နဲ့အမျှ ဖော်ပြခံနေရတဲ့ Kim Kardashian ကတော့ ကမ္ဘာပေါ်က လူစိတ်ဝင်စားခံရဆုံး အမျိုးသမီးတစ်ယောက်ဖြစ်သလို သူမရဲ့ မိတ်ကပ်၊ ဖက်ရှင်တွေနဲ့ မိန်းကလေးထုကို လွှမ်းမိုးမှုများစွာ ဖြစ်စေနိုင်သူတစ်ယောက် ဖြစ်ပါတယ်။

သူမရဲ့ မိသားစုနေ့စဉ်ဘဝကို ရိုက်ကူးပြသနေတဲ့ Keeping Up With The Kardashians က အစပြုလို့ အခြား spin-off show များစွာကို အောင်မြင်စွာ ရိုက်ကူး ထုတ်လွှင့်နိုင်ခဲ့ရုံသာမက Kanye West နဲ့ အိမ်ထောင်ရေးကြောင့်လည်း လူစိတ်ဝင်စားမှု ပိုမိုရရှိခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Kim ဟာ Kanye နဲ့ ကွာရှင်းပြီး နာမည်ကျော် အမေရိကန် comedian တစ်ဦးဖြစ်တဲ့ Pete Davidson နဲ့ တွဲနေပါတယ်။ သူမရဲ့ အင်စတာဂရမ် ဖော်လိုဝါပမာဏကတော့ လက်ရှိအချိန်ထိ (၂၇၃)သန်းကျော် ရှိနေပါတယ်။

(7) Selena Gomez (283 Millions)
Photo: selenagomez/ Instagram

Selena Gomez ကတော့ လူမှန်းသိတတ်စ အရွယ်တည်းက ကင်မရာမီးရောင်ရှေ့ကို ရောက်ရှိနေသူ ဖြစ်ပြီး ဆိုရှယ်မီဒီယာမှာဆိုရင်လည်း ပရိသတ်အားပေးမှုကို တခဲနက် ရရှိထားသူ ဖြစ်ပါတယ်။ Selena ကတော့ သူမရဲ့ အင်စတာဂရမ်အကောင့်မှာ သူမရဲ့အလုပ်နဲ့ ပတ်သက်တာတွေအပြင် စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေ၊ ဗဟုသုတတွေကိုပါ ဝေမျှနေသူတစ်ဦး ဖြစ်ပါတယ်။ လက်ရှိ သူမရဲ့ ဖော်လိုဝါပမာဏကတော့ (၂၈၃)သန်းကျော် ရှိနေပါတယ်။

(6) Dwayne “The Rock” Johnson (284 Millions)
Photo: therock/ Instagram

Dwayne Johnson တဖြစ်လည်း The Rock ကတော့ ပရိသတ်အချစ်တော် သရုပ်ဆောင်တစ်ဦး ဖြစ်ပြီး ကိုယ်ပိုင် တက်ကီလာ brand တစ်ခုကို ထုတ်လုပ်ရောင်းချနေတဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ The Rock ကတော့ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ သူ့ရဲ့ လှုပ်ရှားမှုတွေတင်မက နေထိုင်မှုဘဝပုံစံနဲ့ ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်မှုတွေကိုပါ စိတ်အားတက်ကြွဖွယ် မျှဝေပေးနေသူ ဖြစ်ပါတယ်။ The Rock ရဲ့ လက်ရှိ ဖော်လိုဝါအရေအတွက်ကတော့ (၂၈၄)သန်းကျော် ရှိနေပါတယ်။

(5) Ariana Grande (285 Millions)
Photo: arianagrande/ Instagram

အင်စတာဂရမ်မှာ The Rock ကို ကျော်တက်လာတဲ့ Ariana ကတော့ The Voice အဆိုပြိုင်ပွဲရဲ့ ဒိုင်တစ်ယောက်အဖြစ် တာဝန်ယူပြီးတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စား အားပေးမှုကို ပိုမိုရရှိလာသူ ဖြစ်ပါတယ်။ ဒါတင်မက သူမဟာ ၂၀၁၉ ခုနှစ်ရဲ့ ဖော်လိုဝါအများဆုံး ဂီတသမားတစ်ဦး ဖြစ်ခဲ့ပြီး လက်ရှိမှာလည်း ဖော်လိုဝါတက်နှုန်းတွေက ကြောက်ခမန်းလိလိ မြန်ဆန်နေဆဲ ဖြစ်ပါတယ်။ သူမရဲ့ လက်ရှိ ဖော်လိုဝါပမာဏကတော့ (၂၈၅)သန်းကျော် ရှိနေပါတယ်။

(4) Kylie Jenner (293.6 Millions)
Photo: kyliejenner/ Instagram

Kylie Jenner ကတော့ Keeping Up With The Kardashians reality show နဲ့တင်မက သူမရဲ့ ကိုယ်ပိုင် spin-off show တွေနဲ့ ကျော်ကြားလာသူ ဖြစ်ပြီး ဆိုရှယ်မီဒီယာမှာရော၊ မီဒီယာစာမျက်နှာတွေမှာပါ နေ့စဉ်နဲ့အမျှ ဖော်ပြခံနေရသူတစ်ယောက် ဖြစ်ပါတယ်။ ဒါတင်မက သူမရဲ့ Kylie Cosmetics နဲ့ skin care ပစ္စည်းတွေ၊ ရေကူးဝတ်စုံတွေနဲ့ ကလေးအသုံးအဆောင်ပစ္စည်းတွေကိုပါ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ရောင်းချနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ သူမရဲ့ ဖော်လိုဝါအရေအတွက်ဟာ (၂၉၃.၆)သန်းကျော် ရှိနေပြီး နာမည်ကျော် ဘောလုံးကစားသမား Lionel Messi နဲ့ မတိမ်းမယိမ်းမှာ ရှိနေပါတယ်။ ဒါ့အပြင် သူမဟာ အင်စတာဂရမ်ရဲ့ ဖော်လိုဝါအများဆုံး ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးဖြစ်ပြီး ရှေ့လာမယ့် အနာဂတ်မှာလည်း ထိပ်ဆုံး(၃)နေရာကို ကျန်တဲ့နာမည်ကျော်တွေနဲ့ အပြိုင်ကြဲပြီး ရယူသွားဖို့ အလားအလာ ရှိနေပါတယ်။

(3) Lionel Messi (293.8 Millions)
Photo: leomessi/ Instagram

နာမည်ကျော်ဘောလုံးကစားသမား Lionel Messi ကတော့ ဘောလုံးလောကရဲ့ နာမည်ကြီးတစ်ယောက် ဖြစ်ပြီး Cristiano Ronaldo ရဲ့ ပြိုင်ဘက်ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ယခုလည်း ဆိုရှယ်မီဒီယာမှာ လူစိတ်ဝင်စားမှု များစွာရရှိနေတဲ့ Cristiano Ronaldo ရဲ့နောက်ကို ထပ်ကြပ်မကွာ လိုက်လာနေပြီး Kylie Jenner ကိုပါ ကျော်တက်ကာ နံပါတ်(၃)နေရာမှာ ဖော်လိုဝါ (၂၉၃.၈)သန်းကျော်နဲ့ ရပ်တည်နေပါတယ်။

(2) Cristiano Ronaldo (381 Millions)
Photo: cristiano/ Instagram

Cristiano Ronaldo ကတော့ ယခုနှစ်အတွင်း မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြန်လည်ဝင်ရောက်လာခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုများစွာကို ရရှိထားပြီး အင်စတာဂရမ်မှာဆိုရင်လည်း ကြောက်ခမန်းလိလိ ဖော်လိုဝါ သန်းရာဂဏန်းလောက် ခုန်တက်လာတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖော်လိုဝါ (၃၈၁)သန်းကျော် ရရှိထားပါတယ်။

(1) Instagram (453 Millions)
Photo: instagram

အင်စတာဂရမ်ပေါ်က ဖော်လိုဝါအများဆုံး အကောင့်ကတော့ အင်စတာဂရမ်ရဲ့ တရားဝင်စာမျက်နှာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဖော်လိုဝါ (၄၅၃)သန်းကျော် ရရှိထားတဲ့ အင်စတာဂရမ်ရဲ့ စာမျက်နှာမှာတော့ ပို့စ်ပေါင်း (၇၀၀၀)ကျော် မျှဝေထားပြီး သူ့ရဲ့ ပလက်ဖောင်းပေါ်က လူစိတ်အဝင်စားဆုံး၊ ပေါ်ပြူလာအဖြစ်ဆုံးနဲ့ ဖန်တီးမှုအားအကောင်းဆုံး content တွေကို မျှဝေပေးလေ့ ရှိပါတယ်။

ဒါကတော့ ၂၀၂၁ ခုနှစ်အတွက် အင်စတာဂရမ်ပေါ်က ဖော်လိုဝါအများဆုံး ပိုင်ဆိုင်ထားတဲ့ အကောင့်(၁၀)ခုကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ followed လုပ်ထားတဲ့ နာမည်ကျော်ပုဂ္ဂိုလ်၊ ဒါမှမဟုတ် အဖွဲ့အစည်းတွေရဲ့အကြောင်းကိုလည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular