HomeEntertainmentMusicနာရီပိုင်းအတွင်း ကြည့်ရှုသူ(၁၂)သန်းကျော်နဲ့ Hit ဖြစ်လာဦးမယ့် Adele ရဲ့ Easy On Me 

နာရီပိုင်းအတွင်း ကြည့်ရှုသူ(၁၂)သန်းကျော်နဲ့ Hit ဖြစ်လာဦးမယ့် Adele ရဲ့ Easy On Me 

Adele ဟာ ဂီတလောကကနေ ခြောက်နှစ်ကြာ အနားယူနေခဲ့အပြီး ယနေ့ အောက်တိုဘာလ(၁၅)ရက်နေ့မှာတော့ Easy On Me လို့ အမည်ရတဲ့ ဆင်ဂယ်လ်သီချင်းတစ်ပုဒ်ကို ထွက်ရှိလိုက်ပြီ ဖြစ်ပါတယ်။

Easy On Me ကတော့ စိတ်ထဲမှာ လှုပ်ခတ်စွာ ခံစားရမယ့် သီချင်းတစ်ပုဒ် ဖြစ်ပြီး ပီယာနိုနဲ့ အနှေး ballad သီချင်း ဖြစ်ပါတယ်။ ဒီသီချင်းဟာ သူမရဲ့ အသစ်ထွက်ရှိလာမယ့် အယ်လ်ဘမ် “30” ရဲ့ ရှေ့ပြေးသီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ “30” အယ်လ်ဘမ်ကတော့ Adele ရဲ့ ထွက်ရှိပြီးခဲ့တဲ့ အယ်လ်ဘမ်တွေဖြစ်တဲ့ “19” ၊ “21” နဲ့ “25” တို့လိုပဲ ဝက်ဝက်ကွဲ အောင်မြင်ဦးမယ်လို့ ခန့်မှန်းရပါတယ်။

“30” အယ်လ်ဘမ်ဟာ Adele ရဲ့ ခင်ပွန်းဟောင်းနဲ့ ကွာရှင်းခဲ့တဲ့ အချိန်ကာလ အသက်အရွယ်ကို ရည်ညွှန်းထားတဲ့ အယ်လ်ဘမ်လည်း ဖြစ်ပါတယ်။ ဒါတင်မက ယခုထွက်ရှိလာတဲ့ Easy On Me ဟာလည်း ၂၀၁၉ ခုနှစ်က သူမခင်ပွန်းနဲ့ လမ်းခွဲခဲ့တဲ့အကြောင်းကို စပ်ဆိုထားတာ ဖြစ်ပါတယ်။

သီချင်းရဲ့ အဓိပ္ပာယ်ကတော့ သူမရဲ့ အိမ်ထောင်ရေးကနေ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် သူမရဲ့ ခင်ပွန်းဟောင်းနဲ့ သားဖြစ်သူတို့ကို သူမအပေါ် နားလည်ပေးဖို့ ရှင်းပြထားတာ ဖြစ်ပါတယ်။  “I changed who I was to put you both first, but now I give up … ” ဆိုတဲ့ စာသားမှာတော့ ခင်ပွန်းဖြစ်သူနဲ့ သားဖြစ်သူအတွက် သူမကိုယ်ကို ပြောင်းလဲခဲ့ရပြီး အခုအချိန်မှာတော့ သူမကိုယ်တိုင်အတွက် စဉ်းစားခွင့်ပေးဖို့ ပြောထားတာ ဖြစ်ပါတယ်။

သီချင်းတစ်ပုဒ်လုံးကို သီဆိုထားတဲ့ သူမရဲ့အသံကတော့ နောင်တတွေနဲ့ ပြည့်နှက်နေပြီး တစ်ဖက်မှာလည်း အဲဒီနောင်တတွေအားလုံးကို ဖြေလျှော့ပြီး သူမကိုယ်ကို ခွင့်လွှတ်ပေးနိုင်တဲ့ ခံစားချက်ကိုလည်း ရရှိပါတယ်။

Photo: adele/ Instagram

music video ထဲမှာတော့ ဒါရိုက်တာ Xavier Dolan က အဖြူ၊အမည်းနဲ့ ရိုက်ကူးလာပြီး နောက်ပိုင်းမှာမှ ကာလာထည့်သွင်းထားပါတယ်။ ဒါဟာ အမျိုးသမီးတစ်ယောက်အနေနဲ့ သူမရဲ့ ကိုယ်ပိုင်ကမ္ဘာတစ်ခုကို တစစီ ဖြိုခွဲပစ်လိုက်ပြီး သူမအတွက် စဉ်းစားကာ ရှေ့တန်းတင်လိုက်တဲ့အတွက် အပြစ်ရှိသလို ခံစားစရာမလိုကြောင်း သူမဘာသာ ပြန်လည်နားလည် သဘောပေါက်နေတဲ့ အဓိပ္ပာယ်ကိုလည်း ပိုပြီးပေါ်လွင်သွားစေပါတယ်။

Easy On Me ဟာ Adele အနေနဲ့ သူမ နာကျင်စေခဲ့တဲ့ လူတွေဆီကို သတင်းစကားပါးထားတာ ဖြစ်သလို ကြေကွဲစရာ လမ်းခွဲမှုကြောင့် အထီးကျန်၊ နာကျင်နေရသူတွေအတွက် လုံခြုံနွေးထွေးစေတဲ့ စောင်လေးတစ်ထည်လိုပါပဲ။

Easy On Me music video ရဲ့ ယူကေရဲ့ ညပိုင်းစံတော်ချိန်မှာ premier ပြသခဲ့တာဖြစ်ပြီး ဒါကို စောင့်ဆိုင်းခဲ့တဲ့ ပရိသတ်ချည်းပဲ သုံးသိန်းနီးပါး ရှိခဲ့ပါတယ်။ ဒါဟာ သူမရဲ့ အယ်လ်ဘမ် မထွက်လာခင် ငါးပတ်အလိုမှာ ထွက်လာတဲ့ ဆင်ဂယ်လ်သီချင်းလည်း ဖြစ်ပါတယ်။

Photo: adele/ Instagram

ယခုလက်ရှိမှာတော့ Easy On Me music video ဟာ ထွက်ရှိတာ နာရီပိုင်းပဲ ရှိသေးပေမယ့် ကြည့်ရှုခံစားသူပေါင်း (၁၂)သန်းကျော် ရှိနေပြီ ဖြစ်ကာ YouTube ရဲ့ Music Trending မှာ နံပါတ်(၂)နေရာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒီအယ်လ်ဘမ်ရဲ့ global campaign အနေနဲ့ ဘရာဇီးလ်၊ မက်ဆီကို၊ ဒူဘိုင်း၊ အီတလီ၊ ဂျာမနီ၊ အိုင်ယာလန်၊ ယူအက်စ်နဲ့ ယူကေတို့မှာ “30” ဆိုတဲ့ ဂဏန်းကို အဆောက်အဦးတွေပေါ်မှာ ပရိုဂျက်တာနဲ့ ထိုးပြပြီး မားကတ်တင်း ဆင်းခဲ့ပါတယ်။ အဲဒီနောက် Taylor Swift ဟာ သူမရဲ့ အယ်လ်ဘမ် ထွက်ရှိမယ့်ရက်ကို တစ်ပတ်ရွှေ့လိုက်တာကို ကြည့်ပြီး ပရိသတ်တွေဟာ Adele ရဲ့ အယ်လ်ဘမ်ဟာ နိုဝင်ဘာလ(၁၉)ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်တယ်လို့ မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ကြပါတယ်။

Photo: adele/ Instagram

Adele ရဲ့ ထွက်ရှိပြီးခဲ့တဲ့ အယ်လ်ဘမ် သုံးချပ်လုံးဟာ သူမဘဝရဲ့ အသက်အရွယ်တွေကို နာမည်ပေးထားတာ ဖြစ်ပြီး အားလုံးဟာ သူမအတွက် အရေးကြီးတဲ့ အချိန်ကာလတွေ ဖြစ်ခဲ့ပါတယ်။ အခုထွက်ရှိလာမယ့် “30” ဟာလည်း သူမရဲ့ ကာလရှည်ကြာ ချစ်သူဖြစ်လာခဲ့တဲ့ Simon Konecki ကို လက်ထပ်ပြီးနောက် သူမဘက်က ထားရစ်ခဲ့တဲ့ နှစ်ကာလလည်း ဖြစ်ပါတယ်။

ဒီအယ်လ်ဘမ်ဟာ Adele အနေနဲ့ သူမရဲ့ ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့မှုအတွက် သူမရဲ့ အသက်(၉)နှစ်အရွယ် သားလေးကို နားလည်စေဖို့ ရည်ရွယ်ပြီး ထွက်ရှိထားတာလို့ Vogue နဲ့ အင်တာဗျူးမှာ ပြောကြားထားပါတယ်။

“ဒီအခွေလေးကနေ သားလေးကို ရှင်းပြချင်တာပါ။ သူ့အသက် နှစ်ဆယ်၊ သုံးဆယ်လောက် ရောက်လာတဲ့အခါကျရင် ကျွန်မက ဘယ်လိုလူလည်းဆိုတာနဲ့ ကျွန်မရဲ့ တကိုယ်ရည် ပျော်ရွှင်မှုအတွက် သူ့ရဲ့ဘဝကို ဖြိုခွဲခဲ့တဲ့အကြောင်းရင်းကို နားလည်စေချင်တာပါ … ” လို့ Adele က ဆိုထားပါတယ်။

Linda December

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular