HomeBiographyအင်္ဂလန်ဘုရင်မကြီး Elizabeth II အကြောင်း လူသိပ်မသိသေးတဲ့အချက်များ 

အင်္ဂလန်ဘုရင်မကြီး Elizabeth II အကြောင်း လူသိပ်မသိသေးတဲ့အချက်များ 

အင်္ဂလန်နိုင်ငံရဲ့ ထူးခြားချက်တစ်ခုကို ပြောပါဆိုရင် နန်းသက်အရှည်ဆုံး ဘုရင်မကြီးတစ်ယောက် ထီးနန်းစိုးစံနေတဲ့အကြောင်းကိုပဲ အရင်ဆုံး သတိရမိကြမှာပါ။ Elizabeth II ဘုရင်မကြီးနဲ့ ပတ်သက်ရင် သူမရဲ့ အရောင်အသွေးစုံတဲ့ ဖက်ရှင်ဝတ်စုံတွေနဲ့ တည်တံ့တဲ့ မျက်နှာကိုသာ လူအများစုက သိထားကြပါတယ်။ သူမနဲ့ ပတ်သက်လို့ လူသိပ်မသိသေးတဲ့ အကြောင်းအရာတွေ များစွာရှိတဲ့ထဲက အချို့သော ထူးခြားတဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) ကျောင်းမတက်ခဲ့ရတဲ့ ဘုရင်မကြီး
photo via wikipedia

တော်ဝင်မိသားစုက ဆင်းသက်လာလို့ အကောင်းဆုံးကျောင်းတွေမှာ တက်ရမှာပဲလို့ ထင်လိုက်ရင်တော့ မှားသွားပါလိမ့်မယ်။ ပြောရရင် Elizabeth ဘုရင်မကြီးဟာ လုံးဝကို ကျောင်းမတက်ဖူးပါဘူး။ ဒါပေမဲ့လည်း သူမကို စာမတတ်ဘူးလို့ ပြောချင်တာတော့ မဟုတ်ပါဘူး။ အများသူငါလို စာသင်ကျောင်းတွေ မတက်ရောက်ခဲ့ရပေမယ့် အိမ်မှာပဲ ဆရာတွေခေါ်ပြီး သီးသန့်သင်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဘုရင်မကြီးဟာ သူမ သိဖို့လိုအပ်တဲ့ အခြေခံပညာရပ်တွေကို သင်ယူပြီး ဉာဏ်ပညာပြည့်စုံတဲ့ ဘုရင်မကြီးတစ်ပါး ဖြစ်လာခဲ့ပါတယ်။

(2) ထူးထူးခြားခြား မွေးနေ့နှစ်ရက် ရှိခြင်း။

ဘုရင်မကြီးမှာ ထူးထူးခြားခြား မွေးနေ့နှစ်ရက် ရှိပါတယ်။ သူမရဲ့ မွေးနေ့အမှန်က ဧပြီလ (၂၁)ရက်ဖြစ်ပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင်တော့ ဇွန်လ(၁၁)ရက်နေ့မှာမှ တရားဝင် ကျင်းပကြပါတယ်။ အကြောင်းကတော့ ဆောင်းတွင်း အေးခဲတဲ့ရာသီမှာ ကျရောက်တဲ့ တော်ဝင်မိသားစုတွေရဲ့ မွေးနေ့ကို လူတွေအားလုံး သက်သောင့်သက်သာ ပါဝင်နိုင်ဖို့ ရည်ရွယ်ပြီး ‌နောက်မှ ပြန်လည်ကျင်းပလေ့ ရှိလို့ပဲ ဖြစ်ပါတယ်။

(3) အင်္ဂလန်နိုင်ငံမှာ အချမ်းသာဆုံး လူတစ်ယောက် မဟုတ်တဲ့ သူမ
photo via wikipedia

လူအများစုဟာ Elizabeth ဘုရင်မကြီးကို ယူကေတစ်နိုင်ငံလုံးမှာ အချမ်းသာဆုံးလို့ ထင်မှတ်တတ်ကြပါတယ်။ ဘုရင်မကြီးရဲ့ ဝင်ငွေအချို့ဟာ အခွန်ပေးဆောင်သူတွေဆီက လာတယ်ဆိုပေမယ့် အများစုကတော့ တော်ဝင်မိသားစုပိုင်ဆိုင်တဲ့ ရှေးဟောင်းအဆောက်အအုံတွေကနေ ရရှိတာ ဖြစ်ပါတယ်။ ဘုရင်မကြီးဟာ ခန့်မှန်းချေ ဒေါ်လာ (၄၁၄.၇)သန်း ချမ်းသာပါတယ်။ သို့ပေမယ့် ဒီပမာဏဟာ အင်္ဂလန်နိုင်ငံရဲ့ အချမ်းသာဆုံး လူအယောက်သုံးရာ စာရင်းထဲမှာတောင် မပါဝင်ပါဘူး။

(4) စကားနဲ့မပြောဘဲ လျှို့ဝှက်အချက်ပြတတ်သူ
photo via wikipedia

အမျိုးသမီးတွေရဲ့ လက်ကိုင်အိတ်ဟာ ပါဝါရှိတယ်လို့ လူတွေပြောကြတာ ရှိပါတယ်။ ဒါဟာ ဘုရင်မကြီးအတွက်တော့ လုံးဝကို မှန်ကန်တဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဘုရင်မကြီးဟာ သူမရဲ့ကိုယ်ရံတော်တွေဆီကို လျှို့ဝှက်အချက်ပြဖို့အတွက် သူမရဲ့ လက်ကိုင်အိတ်ကို အသုံးပြုပါတယ်။ ဘုရင်မကြီးရဲ့ သက်တော်စောင့်တွေဟာ ဘုရင်မကြီး ဘာပြောချင်လည်းဆိုတာကို သိနိုင်ဖို့ အမြဲတမ်း နိုးနိုးကြားကြား နေကြရလေ့ ရှိပါတယ်။ ဥပမာ – လက်ကိုင်အိတ်ကို စားပွဲပေါ် တင်လိုက်တယ်ဆိုရင် အဲ့ဒီ့အခမ်းအနားကို ငါးမိနစ်အတွင်း ပြီးစေချင်တာမျိုး၊ ကြမ်းပြင်ပေါ်မှာ ချလိုက်ရင်တော့ ပျင်းစရာ ကောင်းတဲ့ စကားဝိုင်းကနေ ထွက်ချင်တယ်ဆိုတာမျိုးတွေပဲ ဖြစ်ပါတယ်။

(5) စစ်ထဲဝင်ဖူးတဲ့ ဘုရင်မကြီး
photo via wikipedia

ဘုရင်မကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ခုနှစ်မှာ ဗြိတိသျှစစ်တပ်ရဲ့ အမျိုးသမီးတပ်ခွဲမှာ ပါဝင်အမှုထမ်းခဲ့ပါတယ်။ တာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာ ပရော်ဖက်ရှင်နယ် စက်ပြင်သမားတစ်ယောက်အဖြစ် လေ့ကျင့်ခဲ့ပြီး စစ်တပ်အတွင်းမှာ အချိန်ပြည့် တာဝန်ထမ်းဆောင်ဖူးတဲ့ ပထမဆုံးသော တော်ဝင်အမျိုးသမီးဘွဲ့ကို ရရှိခဲ့ပါတယ်။

(6) ကြင်ယာတော်နဲ့ အမျိုးတော်တဲ့ ဘုရင်မကြီး
photo via flickr

တော်ဝင်မိသားစုထဲမှာ အမျိုးအဆွေတွေထဲကပဲ အချင်းချင်း ပြန်ပြီး လက်ဆက်ကြတာဟာ ဒီနေ့ခေတ်မှာတော့ ရိုးရာဓလေ့တစ်ခုလိုတောင် မြင်နေကြပါပြီ။ ဘုရင်မကြီးဟာလည်း အလားတူပဲ ဆွေမျိုးတော်စပ်သူကို လက်ဆက်ထားတာ ဖြစ်ပါတယ်။ ဘုရင်မကြီးရဲ့ ကြင်ယာတော်ဖြစ်တဲ့ မင်းသားကြီး Philip ဟာ ဘုရင်မကြီးနဲ့ သုံးဝမ်းကွဲမောင်နှမ တော်စပ်ပါတယ်။ ဘုရင်မကြီးဟာ Victoria ဘုရင်မကြီးကို အဖေဘက်က တော်စပ်တာဖြစ်ပြီး မင်းသားကြီး Philip ကတော့ အမေဘက်က တော်စပ်တာ ဖြစ်ပါတယ်။ မင်းသားကြီး Philip ဟာ ဂရိနဲ့ ဒန်းနစ်ရှ် ထီးနန်းတွေကို သက်ဆိုင်သူဖြစ်ပေမယ့် ဘုရင်မကြီးနဲ့ လက်ဆက်နိုင်ဖို့ သူ့ရဲ့တော်ဝင်ဂုဏ်ဒြပ်တွေကို ပယ်စွန့်ခဲ့ပါတယ်။

ဒါကတော့ ဘုရင်မကြီး Elizabeth နဲ့ ပတ်သက်လို့ လူသိပ်မသိသေးတဲ့ အချက်တွေထဲက ထူးခြားတဲ့အချက်လေးတွေကို ရွေးချယ်တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ နှစ်သက်တယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်လို့ရအောင် ရှဲပေးသွားပါဦး။

Lego Les
RELATED ARTICLES

Most Popular