HomeCelebs Update NewsKoreaကလေးငယ်တွေရဲ့ လုံခြုံမှုအတွက် သောကမျက်ရည်ကျခဲ့ရတဲ့ Haha နဲ့ Byul တို့ဇနီးမောင်နှံ

ကလေးငယ်တွေရဲ့ လုံခြုံမှုအတွက် သောကမျက်ရည်ကျခဲ့ရတဲ့ Haha နဲ့ Byul တို့ဇနီးမောင်နှံ

Running Man ရှိုးရဲ့ပင်တိုင်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Haha နဲ့ သူ့ရဲ့ဇနီးသည် အဆိုတော် Byul တို့ဟာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကြောင့် အခုလို သောကမျက်ရည်ကျခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ Byul က သူမရဲ့ လူမှုကွန်ယက်အကောင့်မှာ မျှဝေပေးထားတာ ဖြစ်ပါတယ်။

ဖြစ်ပုံကတော့ Haha ဟာ တစ်ရက်မှာ မျက်လုံးတွေ ဖောင်းအစ်တဲ့အထိ ငိုကြွေးပြီး အလုပ်ကနေ အိမ်ကိုပြန်လာခဲ့ပါတယ်။ ဒါကို တွေ့လိုက်ရတဲ့ Byul ဟာ ဘာများဖြစ်လို့လည်းလို့ မေးကြည့်တဲ့အခါမှာတော့ Min Shik လို့ခေါ်တဲ့ ကလေးလေးရဲ့ မိဘတွေနဲ့ စတူဒီယိုမှာ တွေ့ခဲ့ရပြီး စိတ်မကောင်းလွန်းလို့ ငိုမိခဲ့ပါတယ်လို့ Haha က ပြန်လည်ပြောပြခဲ့ပါတယ်။

ဒီကိစ္စဟာ မကြာသေးခင်က ကိုရီးယားမှာ ဖြစ်ပွားခဲ့တဲ့ စိတ်နှလုံးကြေကွဲဖွယ်ရာ ဖြစ်ရပ်တစ်ခုအပေါ်မှာ အခြေခံနေပါတယ်။ Min Shik လို့ခေါ်တဲ့ ကလေးလေးဟာ ကျောင်းကနေအပြန် လမ်းဖြတ်ကူးရာမှာ အရှိန်ပြင်းနဲ့ မောင်းနှင်လာတဲ့ကားတစ်စီးကြောင့် အက်ဆီးဒင့်ဖြစ်ပြီး သေဆုံးသွားခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Min Shik လေးရဲ့ မိဘတွေမှာ ရတက်မအေး ဖြစ်နေကြရတာလည်း ဖြစ်ပါတယ်။

Photo: sweetstar0001/ Instagram

ဒီဖြစ်ရပ်ကို Haha က Cast တစ်ယောက်အဖြစ် ပါဝင်တင်ဆက်နေတဲ့ Eye Contact ဆိုတဲ့ ရှိုးမှာ Min Shik လေးရဲ့ မိဘတွေနဲ့ တွေ့ဆုံပြီး မေးမြန်းခဲ့ပါသေးတယ်။ မိဘအများစုဟာ စည်းကမ်းမဲ့ မောင်းနှင်တဲ့ ကားမောင်းသူတွေကြောင့် အပြစ်မဲ့တဲ့ ကလေးလေးတွေ နောက်ထပ် မဆုံးရှုံးရစေဖို့ Min Shik Law ဆိုတဲ့ ဥပဒေတစ်ခုကို ပြဌာန်းပေးဖို့ လက်မှတ်ထိုးပြီး ဝိုင်းဝန်းတိုက်တွန်းနေကြပါတယ်။ Min Shik ဥပဒေမှာတော့ ယာဉ်မောင်းနှင်တဲ့ အရှိန်နှုန်းကို တိုင်းတာနိုင်တဲ့ speed camera တွေ တပ်ဆင်ပေးဖို့နဲ့ သေလောက်တဲ့အထိ ကြီးကျယ်တဲ့ ထိခိုက်မှုဖြစ်စေတဲ့ ယာဉ်မောင်းသူတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။

Haha ကတော့ ဒီကလေးရဲ့ မိဘတွေနဲ့ တွေ့လိုက်ရတဲ့အခါ သေဆုံးသွားတဲ့ ကလေးလေးနေရာမှာ သူ့ရဲ့ကလေးများ ဖြစ်နေခဲ့ရင်ဆိုတဲ့ အတွေးကြောင့် ဝမ်းနည်းပက်လက် ငိုကြွေးမိခဲ့တာပါလို့ ဆိုပါတယ်။ Haha ဆီက ဒီလိုဝမ်းနည်းစရာအတွေးကို ကြားလိုက်ရတဲ့အခါ Byul ဟာလည်း မိခင်တစ်ယောက်ပီပီ စိတ်ထိခိုက်ခဲ့ရပါတယ်။ ဒါကြောင့်လည်း သူမရဲ့လူမှုကွန်ယက်ပေါ်မှာ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သူမရဲ့ထင်မြင်ချက်နဲ့ Min Shik ဥပဒေ အသက်ဝင်လာစေဖို့ ဝိုင်းဝန်းလက်မှတ်ထိုးပေးဖို့လည်း တောင်းဆိုထားပါသေးတယ်။ Byul ရေးထားတဲ့ ပို့စ်အပြည့်အစုံကတော့ အောက်ပါအတိုင်းပါပဲ။

Photo: sweetstar0001/ Instagram

“ကျွန်မယောက်ျားက တစ်နေ့ မျက်လုံးတွေ မို့အစ်ပြီး အလုပ်ကနေ ပြန်လာပါတယ်။ ကြီးကောင်ကြီးမား ယောက်ျားကြီးက ဘာလို့ ငိုပြီးပြန်လာရလည်းလို့ မေးကြည့်လိုက်တော့ Min Shik လေးရဲ့ မိဘတွေနဲ့ စတူဒီယိုမှာ တွေ့ခဲ့ရလို့လို့ ပြောပါတယ်။ တကယ်လို့များ Min Shik လေးနေရာမှာ ကျွန်မတို့ကလေးသာ ဖြစ်နေခဲ့မယ်ဆိုရင်လို့ တွေးမိလိုက်ရင် အရမ်းကြောက်လွန်းလို့ ငိုမိတယ်လို့ ပြောပါတယ်။ သူ့ရဲ့ ရင်နှစ်သည်းချာ တန်ဖိုးထားရတဲ့ ရင်သွေးလေးတွေကို ဘာမှမကာကွယ်ပေးလိုက်နိုင်ဘဲ ဒီလိုမျိုး ဆုံးရှုံးရနိုင်တယ်ဆိုတာက သိပ်ပြီးကြောက်ဖို့ကောင်းသလို ဒေါသလည်း ထွက်ဖို့ကောင်းပါတယ်။

ဒီသတင်းကြားရတာနဲ့တင် ကျွန်မမှာ ရင်တွေနာနေပါပြီ။ ကာယကံရှင်ဖြစ်တဲ့ မိဘတွေဆိုရင် ဘယ်လောက်များ ခံစားနေရပါလိမ့်မလဲ။ အဲ့ဒါပြီးတော့ ကျွန်မတို့လင်မယားနှစ်ယောက်စလုံး အဲ့ညက ငိုမိကြပါတယ်။

Photo: sweetstar0001/ Instagram

ဒီကိစ္စလေးနဲ့ ပတ်သက်ပြီးတော့လည်း ကိုယ်နဲ့မဆိုင်ဘူးလို့ မတွေးစေချင်ပါဘူး။ Min Shik လေးရဲ့အမေဟာ အခုထိ အစားတောင် ကောင်းကောင်းမဝင်သေးဘူးလို့လည်း ကျွန်မ ကြားရပါတယ်။ အရွယ်ရောက်နေပြီးသား ကျွန်မတို့လူကြီးတွေက ဒီကလေးလေးတွေကို မကာကွယ်ပေးနိုင်ဘူးလို့ ခံစားရတာကလည်း အဓိပ္ပာယ်မဲ့လှပါတယ်။ အဲ့ဒါကြောင့် သင်ဟာ မိဘတစ်ယောက်ပဲဖြစ်စေ၊ မိဘမဟုတ်ရင်ပဲ ဖြစ်စေ ကျေးဇူးပြုပြီး ကူညီပေးကြပါ။ ဒီတောင်းဆိုလွှာမှာ လူတွေအများကြီးက လက်မှတ်ထိုးထားကြပြီးပါပြီ။ နောက်ထပ် လူတွေအများကြီးက ထပ်ပြီးသိကြရအောင်လည်း တတ်နိုင်သမျှ ဖြန့်ဝေပေးကြပါ။ ကျွန်မတို့ တန်ဖိုးထားရတဲ့ ရင်သွေးလေးတွေကို ကာကွယ်နိုင်တဲ့ ပိုကောင်းတဲ့ တိုင်းပြည်တစ်ခု တည်ဆောက်နိုင်အောင် ဝိုင်းဝန်းကူညီပေးကြပါ” လို့ Byul က သူမရဲ့ အကောင့်မှာ တင်ထားတာ ဖြစ်ပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular