HomeCelebs Update NewsKoreaအချစ်ဟာသ ဇာတ်ရုပ်တွေမှာ ပိုင်နိုင်လွန်းတဲ့ ကိုရီးယားမင်းသမီး(၇)ယောက်

အချစ်ဟာသ ဇာတ်ရုပ်တွေမှာ ပိုင်နိုင်လွန်းတဲ့ ကိုရီးယားမင်းသမီး(၇)ယောက်

ကိုရီးယားဒရာမာတွေထဲက ရိုမန့်စ်ဟာသ အမျိုးအစားကို ပြောမယ်ဆိုရင် ဘယ်မင်းသမီးကတော့ဖြင့် သရုပ်ဆောင် အပိုင်နိုင်ဆုံးပါလို့ ပြောရခက်ပါတယ်။ အကုန်လုံးဟာ ဇာတ်ရုပ်နဲ့ လိုက်ဖက်၊ ပီပြင်အောင် အကောင်းဆုံး သရုပ်ဆောင်နိုင်ကြသူတွေချည်းပါပဲ။ သို့ပေမယ့် အဲ့ဒီ့ထဲကမှ ပရိသတ် အားပေးမှုအများဆုံး ရရှိထားတဲ့ ရိုမန့်စ်ဟာသ ဘုရင်မတွေကို ဖော်ပြရမယ်ဆိုရင်တော့ …

Park Min Young

Photo: rachel_mypark/ Instagram

မင်းသမီး Park Min Young ဟာ ဒရာမာဆိုရင် ဘယ်လိုအမျိုးအစားကိုမဆို ပီပြင်အောင် သရုပ်ဆောင်နိုင်သူလေးပါ။ သို့ပေမယ့် သူမရဲ့ အအောင်မြင်ဆုံးနဲ့ ပရိသတ် အားပေးမှုအများဆုံး ဇာတ်ရုပ်တွေကို ကြည့်လိုက်မယ်ဆိုရင်တော့ အများစုဟာ ရိုမန့်စ်ဟာသ အမျိုးအစားတွေချည်း ဖြစ်နေတာကို တွေ့ရမှာပါ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ သူမ သရုပ်ဆောင်ထားတဲ့ နာမည်ကြီး ဒရာမာတွေကတော့ What’s Wrong With Secretary Kim နဲ့ Her Private Life တို့ ဖြစ်ပါတယ်။ ဒီကားတွေကို ကြည့်လိုက်မယ်ဆိုရင်လည်း သူမရဲ့ရိုမန့်စ်ဆန်တဲ့ အချစ်ခန်းတွေမှာသာမက ဟာသအခန်းတွေမှာလည်း ပီပီပြင်ပြင် သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ။

Jun Ji Hyun

Photo: junjihyun_81/ Instagram

ရိုမန့်စ်ဟာသ မင်းသမီးတွေလို့ ပြောရင် Jun Ji Hyun မပါဘဲနဲ့တော့ ပြည့်စုံမှာ မဟုတ်ပါဘူး။ Jun Ji Hyun ဟာ ကိုရီးယားရဲ့ ဖျော်ဖြေရေးလောကထဲမှာ ကျင်လည်လာခဲ့တဲ့ ကြာမြင့်နေပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက် ဖြစ်သလို ရိုမန့်စ်ဟာသ မင်းသမီးလို့ ပြောလိုက်ရင်လည်း My Sassy Girl ဇာတ်ကားနဲ့ ခေတ်ဦးကိုတောင် မှီထားသူလို့ ပြောရမှာပါ။ သူမဟာ ဒရာမာတွေ အများကြီး သရုပ်ဆောင်ထားတာ မဟုတ်ပေမယ့် ဒရာမာတစ်ခုဆိုရင် ဆိုသလောက် သူမရဲ့သရုပ်ဆောင်မှုတွေကို စွဲလမ်းပြီး ကျန်ခဲ့ကြရတာဟာ ထုံးစံလို ဖြစ်နေပါပြီ။

Jang Nara

Photo: nara0318/ Instagram

Jang Nara ဟာ တကယ် ဟာသဆန်တဲ့ ဇာတ်ရုပ်တွေမှာ ပါဝင်ဖူးသူ ဖြစ်ပါတယ်။ သို့ပေမယ့် သူမဟာ ဇာတ်ရုပ်ရွေးချယ်ရာမှာ ဟာသတစ်ခုတည်း မဟုတ်ဘဲ ရင်ထဲမှာပါ နွေးထွေးမှုကို ခံစားရစေမယ့် ဇာတ်ကောင်စရိုက်မျိုးကို ပါးနပ်စွာ ရွေးချယ်တတ်သူလည်း ဖြစ်ပါတယ်။ Fated to Love You ထဲမှာဆိုရင်လည်း ကျိကျိတက် သူဌေးကိုမှ သွားချစ်မိတဲ့ သာမန်မိန်းကလေး Kim Mi Young ဆိုတဲ့ ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားတာက ငိုလည်းငိုရ၊ ရယ်လည်းရယ်ရတဲ့ ခံစားချက်တွေကို ဖြစ်စေမှာပါ။

Son Ye Jin

Photo: yejinhand/ Instagram

Son Ye Jin ကတော့ တကယ့် အလေးအနက်ထား သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တွေမှာလည်း သရုပ်ဆောင်ဖူးသလို ဟာသရိုမန့်စ်ဇာတ်ရုပ်တွေမှာလည်း ချစ်စရာကောင်းလောက်အောင် သရုပ်ဆောင်ကောင်းသူ ဖြစ်ပါတယ်။ Personal Taste လို ဒရာမာမျိုးနဲ့ နောက်ဆုံးထွက်ထားတဲ့ Crash Landing On You လို ဒရာမာမျိုးတွေမှာဆိုရင်လည်း သူမရဲ့ ဟာသရိုမန့်စ် ဇာတ်ရုပ်တွေ ဘယ်လိုတောင် ပီပြင်တယ်ဆိုတာ ကြည့်ပြီးသူတိုင်း လက်ခံကြမှာပါ။ ဒါဟာ Son Ye Jin အနေနဲ့ မယ်လိုဒရာမာလို့ခေါ်တဲ့ ဇာတ်ရုပ်အတည်ကြီးတွေကနေ ဟာသရိုမန့်စ်လို ဇာတ်ရုပ်တွေအထိ အားလုံးမှာ သရုပ်ဆောင်နိုင်ကြောင်း သက်သေပြထားတာလည်း ဖြစ်ပါတယ်။

Gong Hyo Jin

Photo: rovvxhyo/ Instagram

ဟာသရိုမန့်စ်ဆိုတဲ့ ဇာတ်ရုပ်အမျိုးအစားမှာ ဂုဏ်သတင်းကြီးမားတဲ့ နောက်ထပ် မင်းသမီးတစ်လက်ကတော့ Gong Hyo Jin ဖြစ်ပါတယ်။ သူမရဲ့ ဂုဏ်သတင်းကို စတင်ကျော်ကြားစေခဲ့တဲ့ Pasta ဆိုတဲ့ ဒရာမာထဲမှာဆိုရင် ရိုကျိုးတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပေမယ့် ခေါင်းလည်းမာတတ်တဲ့ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ထားတာကို မြင်ရမှာပါ။ အဲ့ဒီ့နောက်ပိုင်း သူမ သရုပ်ဆောင်ထားတဲ့ ဟာသရိုမန့်စ် ဇာတ်ကားတွေကတော့ The Greatest Love ၊ The Master’s Sun ၊ It’s Okay, That’s Love ၊ Don’t Dare to Dream နဲ့ အခုနောက်ဆုံး ထွက်ရှိထားတဲ့ When the Camellia Blooms တို့ ဖြစ်ပါတယ်။

Shin Min Ah

Photo: illusomina/ Instagram

မင်းသမီး Shin Min Ah ဟာ ရိုမန့်စ်ဟာသ ဇာတ်ရုပ်တွေနဲ့ ပတ်သက်လာရင် တကယ် ပါရမီပြည့်ဝတဲ့ မင်းသမီးတစ်လက်ဖြစ်ကြောင်းကို My Girlfriend is a Gumiho နဲ့ Oh My Venus တို့လို ဒရာမာတွေမှာ အသေအချာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ဟာသရိုမန့်စ် ကာရိုက်တာတွေမှာဆိုရင် သူမရဲ့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို တကယ် ဆွဲဆောင်စေနိုင်တာ ဖြစ်ပါတယ်။

Nam Ji Hyun

Photo: hyuniiiiiii_95917/ Instagram

မင်းသမီးလေး Nam Ji Hyun ကတော့ ပရိသတ်တွေရဲ့ မျက်စိရှေ့မှာတင် လူလားမြောက်လာတဲ့ နောက်တက် မင်းသမီးလေး ဖြစ်ပါတယ်။ သူမဟာ ကလေးသရုပ်ဆောင်ဘဝတည်းက သူမရဲ့သရုပ်ဆောင်စွမ်းရည်ကို ပြသထားပြီးဖြစ်လို့ အခုလို အရွယ်ရောက်လာတဲ့ အချိန်မှာလည်း အောင်မြင်တဲ့ မင်းသမီးလေးတစ်လက် ဖြစ်လာတာ ဆန်းတော့မဆန်းပါဘူး။ Shopaholic Louis ထဲက Go Bok Sil ဆိုတဲ့ ဇာတ်ရုပ်နဲ့ Suspicious Partner ထဲက Eun Bong Hee ကာရိုက်တာတွေဟာ သူမရဲ့ဟာသစွမ်းရည်ကို ပြသထားနိုင်တဲ့ ဇာတ်ရုပ်တွေ ဖြစ်ပါတယ်။

ဒါကတော့ ဟာသရိုမန့်စ် အမျိုးအစားမှာ ပရိသတ်အားပေးမှုကို ရရှိထားတဲ့ မင်းသမီးတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားမင်းသမီးတွေ ရှိရင်လည်း ပြောပြခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular