HomeCelebs Update NewsKoreaHyun Bin ဟာ သူမဘဝရဲ့ အချစ်ဦးပါလို့ ပြောလာတဲ့ Son Ye Jin 

Hyun Bin ဟာ သူမဘဝရဲ့ အချစ်ဦးပါလို့ ပြောလာတဲ့ Son Ye Jin 

ပရိသတ်အချစ်တော် မင်းသမီး Son Ye Jin ကတော့ သူမဘဝရဲ့ အချစ်ဦးဟာ လက်ရှိချစ်သူဖြစ်တဲ့ Hyun Bin ပါလို့ ဖွင့်ဟပြောဆိုလာပါတယ်။

ယခုဖေဖော်ဝါရီလဟာ Son Ye Jin အတွက်တော့ သတင်းကောင်းတွေနဲ့ စိတ်လှုပ်ရှားစရာတွေ ပြည့်နှက်နေတဲ့ လတစ်လပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့အပတ်ကပဲ သူမရဲ့ချစ်သူလည်းဖြစ်၊ သရုပ်ဆောင်ဖက်လည်း ဖြစ်တဲ့ Hyun Bin နဲ့ စေ့စပ်လိုက်ပြီး ပရိသတ်တွေ မျှော်လင့်တကြီး စောင့်စားနေတဲ့ သူမရဲ့ ဒရာမာအသစ် Thirty-Nine ဟာလည်း မနေ့က ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှာပဲ ထွက်ရှိလာပြီ ဖြစ်လို့ပါပဲ။

Photo: yejinhand/ Instagram

တောင်ကိုရီးယားနိုင်ငံရဲ့ Nation’s First Love ဆိုတဲ့ ဘွဲ့အမည်ကို ရရှိထားတဲ့ Son Ye Jin ဟာ မကြာသေးခင်ကပဲ tvN ရဲ့ ရသစုံရှိုးတစ်ခု ဖြစ်တဲ့ You Quiz on the Block ကို အလည်လာရောက်ခဲ့ပြီး အောက်ပါအကြောင်းအရာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မအသက်(၄၀)ပြည့်သွားမယ်လို့ တစ်ခါမှ စိတ်မကူးကြည့်မိခဲ့ဖူးဘူး။ အခုတောင်မှပဲ ကိုယ့်အသက်ကိုယ် မယုံနိုင်သေးဘူး … ” လို့ Son Ye Jin က သူမရဲ့ အသက်အရွယ်ပေါ် ထားရှိတဲ့ သဘောထားတွေကို ပြောပြခဲ့ပါတယ်။

Photo via soompi

Son Ye Jin ဟာ အသက်နှစ်ဆယ်ကျော်ကာလတုန်းကတော့ သူမရဲ့ သရုပ်ဆောင်မှုတွေကို ကိုယ်တိုင်က စိတ်မကျေနပ်သေးတာကြောင့် အသက်သုံးဆယ် မြန်မြန်ပြည့်ချင်ခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ သူမရဲ့စိတ်ထဲမှာ အဲဒီအသက်အရွယ်လောက် ရောက်သွားတဲ့အချိန်မှာ သူမ လေးစားအားကျရတဲ့ စီနီယာသရုပ်ဆောင်တွေလိုပဲ သူမရဲ့ သရုပ်ဆောင်မှုဟာလည်း ရင့်ကျက်ပြီး ပိုမိုကောင်းမွန်လာမယ်လို့ တွေးထင်မိခဲ့တာကြောင့်လို့ ဆိုပါတယ်။

“ကျွန်မဆီမှာ အတွေးတွေ၊ စိတ်ခံစားချက်တွေ အများကြီး ရှိတယ်။ ဒါပေမယ့် အဲဒါတွေကို ကိုယ့်ဘာသာ မဖော်ပြတတ်ဘူး။ အဲဒီမှာ ကျွန်မ တွေးမိတာ တခြားအလုပ်တစ်ခုခုကို ရွေးချယ်မိခဲ့ရင် ကျွန်မရင်ထဲက ခံစားချက်တွေကို ဘယ်တော့မှ ဖော်ထုတ်ပြလို့ ရတော့မှာ မဟုတ်ဘူးဆိုတာပဲ။ ဒါကြောင့်ပဲ ကျွန်မဆီမှာရှိတဲ့ စိတ်ခံစားချက်တွေကို သရုပ်ဆောင်အလုပ်ကနေတဆင့် ဖော်ပြချင်ခဲ့တာပါ … ” လို့ ဆိုထားတဲ့ Son Ye Jin ဟာ တကယ်တော့ အလယ်တန်းကျောင်းသူဘဝတည်းက မင်းသမီးဖြစ်ဖို့ အိပ်မက်မက်ခဲ့တာလို့ ပြောပါတယ်။

Photo: yejinhand/ Instagram

အဲဒီနောက်မှာတော့ ရှိုးရဲ့ တင်ဆက်သူတွေဟာ သူမရဲ့ အနှစ်နှစ်ဆယ်ကျော် သရုပ်ဆောင်သက်တမ်းတလျှောက်မှာ တစ်ခါမှ အချိန်ကြာကြာ အနားမယူခဲ့ဖူးတာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကိုတော့ မင်းသမီးက အခုလို ဖြေကြားထားပါတယ်။

“ကျွန်မကလေ … ဪ .. ငါ ခဏတော့ break လုပ်ပြီး အနားယူဦးမယ်လို့ တွေးမိလာရင်တောင် ဇာတ်ညွှန်းကောင်းတစ်ခုကို မြင်လိုက်ရရင် အဲဒါကို လုပ်ချင်စိတ်ပေါက်သွားတော့တာပဲ … ” လို့ ဆိုပါတယ်။

Photo via soompi

အချစ်ရိုမန့်စ်ဇာတ်ကားတွေမှာ သရုပ်ဆောင်တဲ့အခါ သူမ အသုံးပြုတဲ့ လျှို့ဝှက်ချက်တစ်ခုခုများ ရှိသလားဆိုတဲ့ မေးခွန်းကိုတော့ “ကျွန်မကတော့ သရုပ်ဆောင်တယ်ဆိုတာမှာ ရိုမန့်စ်တို့၊ ဟာသတို့၊ horror တို့ဆိုပြီး အမျိုးအစား ခွဲခြားထားတယ်လို့ မထင်ပါဘူး။ ဟာသ သရုပ်ဆောင်ကောင်းတဲ့သူတွေက ရိုမန့်စ်ကားရိုက်ရင်လည်း ကောင်းသလို အက်ရှင်ကားတွေမှာလည်း သရုပ်ဆောင်နိုင်ကြပါတယ်။ ဒါပေမယ့် လူတွေကတော့ ကျွန်မ ရိုမန့်စ် အချစ်ကားတွေမှာ သရုပ်ဆောင်ရင် ပိုပြီးနှစ်သက်ကြတယ်လို့ ထင်မိပါတယ် … ” လို့ ဖြေဆိုထားပါတယ်။

မင်းသမီးချော Son Ye Jin ဟာ တောင်ကိုရီးယားရုပ်ရှင်လောကရဲ့ ဂန္ထဝင်အချစ်ဇာတ်ကားတွေလို့ ပြောလို့ရတဲ့ The Classic နဲ့ A Moment To Remember တို့လို ဇာတ်ကားတွေနဲ့ အောင်မြင်ကျော်ကြားလာသူ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်တွေကြောင့်ပဲ သူမဟာ တောင်ကိုရီးယားနိုင်ငံရဲ့ Nation’s First Love ဆိုတဲ့ ပရိသတ်တွေက ချစ်စနိုးပေးထားတဲ့ ဘွဲ့အမည်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo via soompi

သူမ ရရှိထားတဲ့ ဒီဘွဲ့အမည်နဲ့ ပတ်သက်ပြီး ဘယ်လိုခံစားချက်ရှိလည်းလို့ မေးမြန်းတဲ့အခါမှာတော့ သူမအနေနဲ့ ဒီဘွဲ့အမည်ကို ကြာနိုင်သမျှကြာကြာ ပိုင်ဆိုင်ထားချင်ပါတယ်လို့ ရိုးသားစွာနဲ့ ဖြေကြားခဲ့ပါတယ်။

“တကယ် လက်တွေ့ကျကျ တွေးကြည့်ရင် လူတွေက ကျွန်မကို ဒီ title လေးနဲ့ ဘယ်လောက်ကြာကြာ ထပ်ခေါ်တာ ကြားနိုင်ဦးမှာလည်းပေါ့နော်။ အချိန်တွေကြာသွားတဲ့အခါ ဒီနာမည်လေးကို ပရိသတ်တွေခေါ်တာ ကြားရတော့မှာ မဟုတ်တဲ့အတွက် ကျွန်မကတော့ တတ်နိုင်သမျှ ကြာကြာ ဒီဘွဲ့အမည်လေးကို ခေါ်သံ ကြားချင်နေပါသေးတယ်။ နောက်ထပ် နှစ်တွေကြာသွားတဲ့အခါကျရင်လည်း ပရိသတ်တွေက ကျွန်မရဲ့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ နောက်ထပ် ဘွဲ့နာမည်တစ်ခုခုကို ချစ်စနိုးနဲ့ ပေးချင်လည်း ပေးလာကြဦးမှာပါ … ” လို့ သူမက ဆိုပါတယ်။

Photo: yejinhand/ Instagram

ဒီလိုနဲ့ တင်ဆက်သူတွေဟာ သူမရဲ့ အချစ်ဦးအကြောင်းကို မေးမြန်းတဲ့အခါမှာတော့ “ကျွန်မရဲ့လက်ရှိချစ်သူဟာ ကျွန်မရဲ့ အချစ်ဦးပါပဲ … ” လို့ သူမရဲ့ခင်ပွန်းလောင်း မင်းသား Hyun Bin ကို ရည်ညွှန်းပြောဆိုသွားပါတယ်။

Glasgow

Source: soompi

RELATED ARTICLES

Most Popular