HomeCelebs Update NewsInternationalခွေးကြောင့် လင်မယားကွဲရတာ မဟုတ်ကြောင်း ရှင်းပြလာတဲ့ မင်းသားကြီး Stallone

ခွေးကြောင့် လင်မယားကွဲရတာ မဟုတ်ကြောင်း ရှင်းပြလာတဲ့ မင်းသားကြီး Stallone

မင်းသားကြီး Sylvester Stallone ကတော့ မကြာသေးခင်ကပဲ ဇနီးဖြစ်သူ Jennifer Flavin ဘက်က ကွာရှင်းခွင့် လျှောက်ထားတာကို ကြုံတွေ့လိုက်ရပါတယ်။ မင်းသားကြီးတို့ ဇနီးမောင်နှံဟာ နှစ်တွေအကြာကြီး ချစ်ခင်စွာ ပေါင်းသင်းလာခဲ့ကြတာ ဖြစ်ပါတယ်။ သို့သော်လည်း ဇနီးဖြစ်သူဘက်က အခုလိုကွာရှင်းဖို့ အရင်တောင်းဆိုလိုက်တာဟာ သူတို့ရဲ့အိမ်မွေးခွေးနဲ့ ပတ်သက်ပြီး လင်မယားချင်း အငြင်းပွားကြရာက ကွဲတဲ့၊ကွာတဲ့အဆင့်ထိ ဖြစ်လာတယ်လို့ ကောလာဟလတွေ ထွက်လာတာကြောင့် မင်းသားကြီးက ရှင်းပြလိုက်တာ ဖြစ်ပါတယ်။

အသက်(၇၆)နှစ်အရွယ် မင်းသားကြီး Sylvester Stallone ကတော့ အသက်(၅၄)နှစ်အရွယ် ဇနီးဖြစ်သူ Jennifer Flavin နဲ့ ကွာရှင်းဖို့ ဖြစ်လာရတာဟာ သူတို့ရဲ့အိမ်မွေးခွေးကြောင့် မဟုတ်ပါဘူးလို့ ဆိုလာပါတယ်။ သို့သော်လည်း TMZ သတင်းဌာနကတော့ Stallone ရဲ့ အချစ်တော်ဖြစ်တဲ့ Rottweiler ခွေးလေး Dwight နဲ့ ပတ်သက်ပြီး သူတို့လင်မယားကြားမှာ ပြဿနာတွေ တက်ကြရာက (၂၅)နှစ်ကျော်ပြီဖြစ်တဲ့ အိမ်ထောင်ရေးကို အဆုံးသတ်ဖို့ အကြောင်းဖန်လာတယ်လို့ ဖော်ပြထားပါတယ်။

Photo: jenniferflavinstallon/ Instagram

ကောလာဟလတွေကတော့ Jennifer ဟာ Stallone ရဲ့ခွေးကို အလိုမရှိတာကြောင့် Stallone နဲ့ စကားများကြပြီး တရားရုံးမှာ ကွာရှင်းဖို့ လျှောက်ထားတဲ့အထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။ သို့သော်လည်း မင်းသားကြီးကတော့ သူ့ရဲ့ဇနီးဖြစ်သူ Jennifer ဟာ သူ့ခွေးလေးကို မနှစ်မြို့တာ မှန်ပေမယ့် သူတို့အိမ်ထောင်ရေး ပြိုကွဲရတာဟာ ဒီခွေးလေးကြောင့်တော့ မဟုတ်ပါဘူးလို့ TMZ ကို ပြန်လည် ဖြေကြားရှင်းလင်းထားတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဒီလိုကိစ္စလောက်နဲ့တော့ အဆုံးသတ်လိုက်တာ မဟုတ်ပါဘူး။ Jennifer နဲ့ ပတ်သက်ပြီး ကျွန်တော် သူ့ကိုအရမ်းလေးစားပါတယ်။ သူ့ကို အမြဲတမ်း ချစ်နေမှာပါ။ သူဟာ တကယ့် အံ့ဩစရာ အမျိုးသမီးတစ်ယောက်ပါ။ ကျွန်တော်တွေ့ဖူးသမျှ လူသားတွေထဲမှာ တကယ့်အကောင်းဆုံး လူသားတစ်ဦးပါ …” လို့ မင်းသားကြီး Stallone က TMZ ကို ပြောထားပါတယ်။

Photo via dailymail

ဒါ့အပြင် မင်းသားကြီးဟာ သူ့လက်မောင်းပေါ်က Jennifer ရဲ့မျက်နှာပုံတက်တူးကို သူ့ရဲ့ကွယ်လွန်သွားတဲ့ ခွေးလေးပုံတက်တူးနဲ့ အုပ်ပစ်လိုက်တဲ့ အကြောင်းရင်းကိုလည်း ပြောပြထားပါသေးတယ်။ မင်းသားကြီးရဲ့အဆိုအရ မူလကတော့ သူ့မိန်းမရဲ့ မျက်နှာပုံတက်တူးကို ပြန်လည်ဆန်းသစ်ဖို့ လုပ်ရာက မှားယွင်းသွားတာကြောင့် ကြည့်မကောင်းတော့တဲ့အတွက် သူ့သရုပ်ဆောင်ဘဝအစက သူသိပ်ချစ်ရတဲ့ ခွေးလေး Butkus ရဲ့ပုံနဲ့ အုပ်ပစ်လိုက်ရတာပါလို့ ဆိုထားပါတယ်။

Jennifer ကတော့ မင်းသားကြီးနဲ့ ကွာရှင်းဖို့အတွက် ဩဂုတ်လ(၁၉)ရက်နေ့တည်းက တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ တစ်ပတ်ခန့် ကြာမြင့်ပြီးနောက်မှသာ မီဒီယာတွေက အတည်ပြုနိုင်ခဲ့ပါတယ်။ Jennifer အနေနဲ့ မင်းသားကြီးကို ကွာရှင်းချင်ရတဲ့ အကြောင်းရင်းကတော့ မင်းသားကြီးဟာ သူတို့နှစ်ဦးပိုင် ငွေကြေးဥစ္စာတွေကို ရွှေ့ပြောင်းနေတာကြောင့်လို့ အကြောင်းပြချက် ပေးထားပါတယ်။

Photo: jenniferflavinstallon/ Instagram

Sylvester Stallone နဲ့ Jennifer တို့မှာတော့ သမီးချောလေး သုံးယောက်ရှိပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ဦးလုံးဟာ သမီးသုံးယောက်ကို ပူးတွဲအုပ်ထိန်းသွားမှာ ဖြစ်နိုင်ပြီး မကြာခင်မှာပဲ သူတို့မိသားစုအကြောင်း ရိုက်ကူးထားတဲ့ reality show တစ်ခုကိုလည်း Pramount+ မှာ streaming ပြသသွားဖို့ ရှိနေပါသေးတယ်။ အဲဒီရှိုးထဲမှာတော့ မင်းသားကြီးတို့ အိမ်ထောင်ရေးကို ပြိုကွဲစေခဲ့တဲ့ အကြောင်းရင်းတွေကို ပိုပြီးတိတိကျကျ သိရှိရနိုင်ပါတယ်။

Vancouver

Source: hollywoodlife/tmz

RELATED ARTICLES

Most Popular