HomeCharacterThe Boys ကောမစ်ထဲမှာ စွမ်းအားတွေ ရရှိခဲ့တဲ့ Hughie

The Boys ကောမစ်ထဲမှာ စွမ်းအားတွေ ရရှိခဲ့တဲ့ Hughie

The Boys ဇာတ်လမ်းတွဲကတော့ လောလောဆယ်မှာ Season 3 ထွက်ရှိနေပြီ ဖြစ်ပါတယ်။ ကောမစ်ကို အခြေခံပြီး ပြန်လည်ဖန်တီးထားတဲ့ ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်းပဲ ဒီဇာတ်လမ်းတွဲဟာလည်း ပြောင်းလဲမှုတွေ ပြုလုပ်ထားပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Hughie ဟာ သူ့ရဲ့ ထိုးထွင်းဉာဏ်နဲ့ Engineering Skill တွေကို အသုံးပြုပြီး Superhuman တွေနဲ့ ရင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကောမစ်ထဲက Hughie ကတော့ အလိုမတူဘဲ Compound V ထိုးခံခဲ့ရပြီး စွမ်းအားတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ The Boys အဖွဲ့သားတွေဟာ သေချာစဉ်းစား စီစဉ်ထားတဲ့ နည်းဗျူဟာတွေနဲ့ လက်နက်တွေကို အသုံးပြုကာ Superhuman တွေကို ရင်ဆိုင်ကြပေမယ့်လည်း ကောမစ်ထဲမှာတော့ သူတို့ဟာ Superhuman တွေနဲ့ ယှဉ်ပြိုင် တိုက်ခိုက်နိုင်ဖို့အတွက် သူတို့ကိုယ်သူတို့ Compound V တွေ ထိုးခဲ့ကြပါတယ်။ Compound V ကတော့ Superhuman တွေကို ဖြစ်ပေါ်လာစေတဲ့ ဆေးတစ်ခုပဲ ဖြစ်ပြီး ဒီဆေးကိုတော့ ဇာတ်လမ်းတွဲထဲမှာလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဒီဆေးဟာ ယာယီအတွက်ပဲ အာနိသင်ရှိတာ မဟုတ်ဘဲ တစ်သက်လုံး စွမ်းအားတွေ ရရှိသွားမှာ ဖြစ်ပါတယ်။

အဲဒီ Compound V ကိုတော့ Butcher က အဖွဲ့သားအားလုံးကို ထိုးပေးခဲ့တာ ဖြစ်ပြီး Hughie ကိုလည်း သူ သတိမထားမိတဲ့အချိန်မှာ ထိုးပေးလိုက်တာ ဖြစ်ပါတယ်။ ကောမစ်ထဲက Hughie ရဲ့ ပထမဆုံးမစ်ရှင်ကတော့ Teenage Kix ဆိုတဲ့ လူငယ်စူပါဟီးရိုးအဖွဲ့ကို စောင့်ကြည့်ရတာပဲ ဖြစ်ပါတယ်။ Hughie ဟာ Teenage Kix ကို စောင့်ကြည့်နေတဲ့အချိန်မှာပဲ Butcher ဟာ အနောက်ကနေ Compound V ကို ရုတ်တရက် ထိုးသွင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ‌တော့ Hughie ဟာ သာမန်လူတွေထက် သာလွန်တဲ့ ခွန်အားနဲ့ ခံနိုင်ရည်တို့ကို ရရှိသွားပါတယ်။

photo via screenrant

စစချင်းမှာတော့ Hughie ဟာ ဒီစွမ်းအားတွေကို မထိန်းချုပ်နိုင်ဘဲ အခက်အခဲတေွနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ Teenage Kix အဖွဲ့ကတော့ The Boys တို့ရဲ့ ခြိမ်းခြောက်ခြင်းကို သိသွားတဲ့အချိန်မှာ The Boys တို့ကို လမ်းမပေါ်မှာပဲ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်းမှာပဲ Hughie ဟာ Teenage Kix အဖွဲ့ဝင်ဖြစ်တဲ့ Blarney Cock ရဲ့ရင်ဘတ်ကို ထုပ်ချင်းပေါက်သွားအောင် လက်သီးနဲ့ ထိုးပစ်ခဲ့ပါတယ်။ တကယ်တော့ Hughie ဟာ Blarney ကို မရည်ရွယ်ဘဲ သတ်ပစ်မိခဲ့တာ ဖြစ်ပြီး သူလုပ်ခဲ့တဲ့ လုပ်ရပ်ကို သူ့ဘာသာ ပြန်လည် ကြောက်ရွံ့သွားပါတယ်။

photo via screenrant

နောက်ပိုင်းမှာတော့ Hughie ဟာ တဖြည်းဖြည်းနဲ့ စိတ်ပိုင်းဆိုင်ရာ မာကြောလာပြီး တိုက်ပွဲတွေများစွာမှာလည်း ပါဝင်ခဲ့ပါတယ်။ Hughie ဟာ ဒီလိုစွမ်းအားတွေ ရရှိသွားပေမယ့် သူ့ရဲ့အကြီးမားဆုံး စွမ်းအားကတော့ လိမ္မာပါးနပ်မှုနဲ့ ကိစ္စတစ်ခုကို သေသေချာချာ စဉ်းစားနိုင်စွမ်း ရှိတာပဲ ဖြစ်ပါတယ်။ သူဟာ The Boys တို့ကို သူ့ရဲ့ထောက်လှမ်းရေး ကျွမ်းကျင်မှုနဲ့လည်း ကူညီခဲ့ပါသေးတယ်။

Season 3 ထဲမှာတော့ (၂၄)နာရီကြာ အစွမ်းတွေ ရရှိသွားစေတဲ့ Compound V24 ပါဝင်လာပြီး Butcher ဟာလည်း အဲဒီဆေးကို အသုံးပြုလိုက်ပြီဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲထဲမှာလည်း Hughie ဟာ Compound V24 ကြောင့် ခဏတာ စွမ်းအား ရရှိသွားတာမျိူးကိုလည်း မြင်တွေ့ရနိုင်ပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular