HomeEntertainmentFilm၂၀၂၂ ခုနှစ် မတ်လအတွင်းမှာ ရုံတင်သွားမယ့် ရုပ်ရှင်ဇာတ်ကားများ

၂၀၂၂ ခုနှစ် မတ်လအတွင်းမှာ ရုံတင်သွားမယ့် ရုပ်ရှင်ဇာတ်ကားများ

ကိုဗစ်ဟာ ယခုအချိန်ထိ ကမ္ဘာအနှံ့မှာ ပျံ့နှံ့နေဆဲ ဖြစ်ပေမယ့်လည်း နိုင်ငံအများစုရဲ့ ရုပ်ရှင်ရုံတွေကတော့ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ပြီး ပုံမှန်အတိုင်း လည်ပတ်နေပြီ ဖြစ်ပါတယ်။ ယခုမတ်လထဲမှာတော့ ရုံတင်မယ့် ဇာတ်ကားပေါင်းများစွာ ရှိပြီး The Batman လိုမျိူး ပရိသတ်တွေ စောင့်မျှော်နေတဲ့ ရုပ်ရှင်လည်း ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဘယ်ရုပ်ရှင်တွေ ထွက်ရှိလာမလည်း ဆိုတာကိုတော့ အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

(1) The Batman

photo via screenrant

ဇာတ်လမ်းကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ Batman ရဲ့ ဟီးရိုးဖြစ်ခါစအချိန်ကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ Matt Reeves က ရိုက်ကူးထားပြီး Batman နေရာမှာတော့ Robert Pattinson က ပါဝင်သရုပ်ဆောင်ထားပါတယ်။ တခြားပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Paul Dano ၊ Zoe Kravitz ၊ Colin Farrell နဲ့ John Turturro တို့က အဓိက ပါဝင်ထားပါတယ်။ ရုံတင်သွားမယ့် နေ့ရက်ကတော့ ယခုလ (၃)ရက်နေ့ပဲ ဖြစ်ပါတယ်။

(2) After Yang

photo via screenrant

ဒီရုပ်ရှင်ကတော့ Sci-Fi ဇာတ်လမ်းအမျိူးအစား ဖြစ်ပြီး ဒါရိုက်တာ Kogonada က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းကတော့ ကလေးတွေကို အဖော်ပြုပေးဖို့အတွက် ကလေးစက်ရုပ်တွေကို ဝယ်ယူနိုင်တဲ့ အချိန်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ Jake ဆိုတဲ့လူဟာ သူ့သမီးရဲ့ အဖော်ဖြစ်တဲ့ Yang ဆိုတဲ့ ကလေးစက်ရုပ်က ပျက်သွားတာကြောင့် ပြန်လည်ပြုပြင်ဖို့ ကြိုးစားနေရင်း ဘာတွေဆက်ဖြစ်မလည်း ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ မတ်လ (၄)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(3) Umma

photo via screenrant

ဇာတ်လမ်းအကျဉ်းကတော့ Amanda နဲ့ သမီးဖြစ်သူတို့ဟာ အမေရိကန်နိုင်ငံမှာ အေးချမ်းစွာ နေထိုင်နေကြပြီး တစ်နေ့မှာတော့ ကိုရီးယားက သူမရဲ့ အမေဖြစ်သူ ရောက်ရှိလာပါတော့တယ်။ အဲ့ဒီအချိန်မှာတော့ Amanda ဟာ သူမရဲ့ အတိတ်က အကြောင်းအရာတွေကို ပြန်လည် သတိရလာပြီး ဘာတွေ ဆက်ဖြစ်မလည်းဆိုတာကို မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ကတော့ (၁၈)ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။

(4) The Outfit

photo via screenrant

ဒီရုပ်ရှင်ကတော့ မှုခင်းဒရာမာ ဇာတ်လမ်းအမျိူးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Leonard ဆိုတဲ့ အပ်ချုပ်သမားတစ်ယောက်ဟာ ဝမ်းနည်းစရာတစ်ခုကြောင့် ချီကာဂိုမြို့ကို ပြောင်းရွှေ့လာပါတယ်။ အဲ့ဒီမြို့မှာတော့ ဝတ်စုံတွေကို ချုပ်ဖို့ တတ်နိုင်သူတွေဟာ ဂိုဏ်းစတားတွေကလွဲရင် လူအနည်းငယ်ပဲ ရှိတာကြောင့် Leonard ကတော့ ဘယ်လို အရှုပ်အထွေးတွေနဲ့ ပတ်သက်မိသွားမလည်း ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကလည်း (၁၈)ရက်နေ့မှာပဲ ရုံတင်သွားမှာ ဖြစ်ပါတယ်။

(5) X

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၇၉ ခုနှစ်မှာ ဇာတ်အိမ်တည်ထားတဲ့ လူသတ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရုပ်ရှင်ဖန်တီးသူတစ်စုဟာ တက်ဆက်မြို့ရဲ့ တစ်နေရာမှာ အပြာကားရိုက်ဖို့ ထွက်လာခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လူသတ်ကားတွေရဲ့ ထုံးစံအတိုင်း မထင်မှတ်ထားတဲ့ ဘယ်လိုအန္တရာယ်တွေ မြင်တွေ့ရမလည်း ဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှုရမှာပါ။ ဒီရုပ်ရှင်ကလည်း (၁၈)ရက်နေ့မှာပဲ ရုံတင်သွားမှာ ဖြစ်ပါတယ်။

(6) Alice

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၇၃ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး အမေရိကန်နိုင်ငံရဲ့ တောင်ပိုင်းက လူမည်းကျွန်တစ်ယောက်ဟာ နှိပ်စက်တတ်တဲ့ လူဖြူပိုင်ရှင်ဆီကနေ ထွက်ပြေးလာတဲ့အကြောင်း ဖြစ်ပါတယ်။ ဒီလိုနဲ့ သူမဟာ တောထဲကနေ ထွက်ပြေးနေရင်း လူမည်းတွေ ကျွန်ပြုခံရတဲ့ အချိန်တွေကနေ လွန်မြောက်နေပြီမှန်း သိလိုက်ရတဲ့အခါ …။ ဒီရုပ်ရှင်ကလည်း (၁၈)ရက်နေ့မှာပဲ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(7) The Lost City

photo via screenrant

ဒီရုပ်ရှင်ကတော့ စွန့်စားခန်းဟာသ ဇာတ်လမ်းအမျိူးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နာမည်ကြီး စာရေးဆရာမတစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ မြို့တစ်ခုအကြောင်း စိတ်ကူးယဉ် ရေးသားထားပြီး သူမရဲ့ ဇာတ်လမ်းဟာ တကယ့်ဒဏ္ဍာရီနဲ့ တိုက်ဆိုင်မှုတွေ ရှိနေတာကြောင့် သိုက်တူးသမားတွေရဲ့ ပြန်ပေးဆွဲတာကို ခံလိုက်ရပါတယ်။ အဲ့ဒီအချိန်မှာတော့ သူမရဲ့စာအုပ်အဖုံးမှာ မော်ဒယ်လ် လုပ်ပေးထားသူက သူမကို ကယ်တင်ဖို့ ကြိုးစားရင်း အလွဲတွေ ဖြစ်တာကို မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ကတော့ (၂၅)ရက်နေ့မှာ ထွက်ရှိလာမှာပါ။

(8) Infinite Storm

photo via screenrant

ဇာတ်လမ်းအကျဉ်းကတော့ အတွေ့အကြုံ ရှိပြီးသား တောင်တက်သူတစ်ယောက်ဟာ ဝါရှင်တန်တောင်ကို တက်နေရင်း နှင်းမုန်တိုင်း တိုက်လာတော့မှာကြောင့် ပြန်ဆင်းလာခဲ့ပါတယ်။ သူမရဲ့အပြန်လမ်းမှာတော့ လူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီး သူတို့နှစ်ယောက်လုံး အန္တရာယ်ကင်းဖို့အတွက် ညမရောက်ခင်မှာ တောင်အောက်ကို ရောက်အောင် ဆင်းရပါတော့တယ်။ ဒီရုပ်ရှင်လည်း (၂၅)ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။

ဒါကတော့ ပရိသတ်တွေ စောင့်မျှော်နေကြပြီး မတ်လအတွင်းမှာ ရုံတင်ပြသသွားမယ့် ဇာတ်ကားအချို့ကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဘယ်ဇာတ်ကားကို အကြည့်ချင်ဆုံးလည်းဆိုတာ ပြောပြခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular