HomeAnime၂၀၁၀ နောက်ပိုင်းမှာ ထွက်ရှိထားတဲ့ နာမည်ကြီး Anime ရုပ်ရှင်ကားကောင်း(၁၀)ကား

၂၀၁၀ နောက်ပိုင်းမှာ ထွက်ရှိထားတဲ့ နာမည်ကြီး Anime ရုပ်ရှင်ကားကောင်း(၁၀)ကား

၂၀၁၀ ခုနှစ်နောက်ပိုင်းမှာတော့ Anime ရုပ်ရှင်တွေဟာ တဟုန်ထိုး အောင်မြင်လာပြီး ကမ္ဘာအနှံ့အပြားမှာလည်း ပရိသတ်တွေများစွာ ရရှိလာခဲ့ပါတယ်။ ပရိသတ်တွေဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ထွက်ရှိလာတဲ့ Anime တွေရဲ့ Art Style တွေကို ပိုမိုကြိုက်နှစ်သက်လာကြပြီး အဲဒီ Anime တွေဟာလည်း ကြည့်ရှုသူတွေရဲ့ရင်ထဲမှာ တစ်ခုခုကျန်ခဲ့စေမယ့် ဇာတ်လမ်းမျိူးတွေကို ဖန်တီးထားကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Anime ကို အပိုင်းတွေအများကြီး မကြည့်ချင်ဘဲ တစ်ကားတည်း ကြည့်ချင်သူတွေအတွက် ၂၀၁၀ နောက်ပိုင်း ထွက်ရှိခဲ့တဲ့ Anime ရုပ်ရှင်ကားကောင်းတချို့ကို ဖော်ပြပေးချင်ပါတယ်။

(10) Liz and the Blue Bird

photo via screenrant

ဒီ Anime ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်း နောက်ဆုံးနှစ် တက်ရောက်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်း ပုံဖော်ထားတာ ဖြစ်ပါတယ်။ အဲဒီကောင်မလေး နှစ်ယောက်လုံးဟာ ကျောင်းရဲ့ဂီတတီးဝိုင်းထဲမှာ ပါဝင်ပြီး သူတို့ရဲ့နေ့ရက်တွေကို ပျော်ရွှင်စွာဖြတ်သန်းနေရင်းနဲ့ နောက်ပိုင်းမှာတော့ ဘယ်အရာမှ ထာဝရ မတည်မြဲဘူးဆိုတာကို သိလိုက်ရပါတယ်။

(9) Maquia: When the Promised Flower Blooms

photo via screenrant

ဒီ Anime ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Lorph လို့ခေါ်တဲ့ လူမျိူးတွေဟာ သာမန်ထက် ရှည်လျားတဲ့ သက်တမ်းကို ပိုင်ဆိုင်ထားကြပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြပါတယ်။ တစ်ရက်မှာတော့ Lorph ရဲ့ သွေးတွေဟာ အသက်ရှည်စေတယ်လို့ ယုံကြည်ကြသူတွေက Lorph တွေရဲ့နေရပ်ကို တိုက်ခိုက်ခဲ့တာကြောင့် Maquia ဆိုတဲ့ ကောင်မလေးဟာ အရာအားလုံးကို ဆုံးရှုံးသွားပါတော့တယ်။

(8) The Night is Short, Walk on Girl

photo via screenrant

ဒီ Anime ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကောင်မလေးတစ်ယောက်ဟာ Kyoto မြို့ရဲ့လမ်းတွေကို ညဘက်မှာ လျှောက်သွားနေပြီး ဘားတွေ၊ စာအုပ်ပွဲတော်တွေနဲ့ ပြဇာတ်တွေကို ဝင်ရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သူမကို သဘောကျနေတဲ့ စီနီယာတစ်ယောက်ကလည်း သူရဲ့အချစ်တွေကို သတိထားမိလာအောင် ပြုလုပ်နေပါတယ်။

(7) Weathering With You

photo via screenrant

ဒီ Anime ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်း ကျောင်းသားလေးတစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် အိမ်ကနေထွက်လာပြီး တိုကျိူမြို့မှာ လာရောက် နေထိုင်နေပါတယ်။ တစ်ရက်မှာတော့ သူဟာ ရာသီဥတုကို ထိန်းချုပ်နိုင်တဲ့ ထူးထူးဆန်းဆန်း ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံမိသွားပါတော့တယ်။

(6) When Marnie Was There

photo via screenrant

ဒီ Anime လေးကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ကောင်မလေးတစ်ယောက်ဟာ ကျန်းမာရေးအခြေအနေကြောင့် ကျေးလက်တောရွာတစ်ခုကို အလည်ထွက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ စံအိမ်အကြီးကြီးတစ်ခုမှာ နေထိုင်တဲ့ Marnie ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ရင်းနှီးသွားပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ တဖြည်းဖြည်း ပိုမိုရင်းနှီးလာတာနဲ့အမျှ သူမဟာ Marnie ရဲ့အကြောင်းကို ပိုပြီးသိလာရပါတော့တယ်။

(5) The Tale of the Princess Kaguya

photo via screenrant

ဒီ Anime လေးကလည်း ၂၀၁၃ ခုနှစ်မှာပဲ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.0) ရရှိထားပါတယ်။ တစ်ရက်မှာတော့ ဝါးခုတ်တဲ့ အဘိုးကြီးတစ်ယောက်နဲ့ သူ့ရဲ့အမျိူးသမီးဟာ ဝါးကျည်တောက်တစ်ခုထဲမှာ ချောမောလှပတဲ့ ကောင်မလေး သေးသေးလေးတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမကို ကြိုက်နှစ်သက်သူ မှန်သမျှကို သူတို့ရဲ့အချစ်ကို သက်သေပြဖို့အတွက် မဖြစ်နိုင်လုနီးပါး အရာတွေကို ပြုလုပ်ခိုင်းပါတော့တယ်။ ဒီ Anime ကတော့ အော်စကာဆုတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(4) I Want to Eat Your Pancreas

photo via screenrant

ဒီ Anime လေးကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကောင်လေးတစ်ယောက်ဟာ ဆေးရုံတစ်ခုရဲ့ Waiting Room ထဲမှာ စာအုပ်တစ်အုပ်ကို ကောက်ရခဲ့ရာက စတင်ပါတယ်။ ဖြစ်ချင်တော့ ဒီစာအုပ်ဟာ သူ့ရဲ့ အတန်းဖော် ကောင်မလေးတစ်ယောက်ရဲ့ ဒိုင်ယာရီစာအုပ် ဖြစ်နေတာကို သိလိုက်ရပြီး သူမဟာ အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ဘူး ဆိုတာကိုပါ သိလိုက်ရပါတော့တယ်။

(3) Wolf Children

photo via screenrant

ဒီ Anime ကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Hana ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ဝံပုလွေလူသားတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက် မွေးဖွားခဲ့ပါတယ်။ အဲဒီဝံပုလွေလူသား သေဆုံးသွားတဲ့အချိန်မှာတော့ သူမဟာ ကျန်ရစ်ခဲ့တဲ့ ကလေးနှစ်ယောက်ကို တစ်ကိုယ်တော်မိခင်အနေနဲ့ ပြုစုပျိူးထောင်ရပါတော့တယ်။

(2) A Silent Voice

photo via screenrant

ဒီ Anime ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အကြားအာရုံ ချို့ယွင်းနေတဲ့ အထက်တန်း ကျောင်းသူလေးတစ်ယောက်ဟာ ကျောင်းမှာ တခြားအတန်းဖော်တွေရဲ့ လှောင်ပြောင် အနိုင်ကျင့်မှုကို ခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ အဲဒီကောင်မလေးဟာ ကျောင်းပြောင်းသွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်တွေ ကြာသွားတဲ့အခါ သူမကို အရင်တုန်းက အနိုင်ကျင့်ခဲ့ဖူးတဲ့ ကောင်လေးတစ်ယောက်နဲ့ ပြန်လည် တွေ့ဆုံကြတဲ့အခါမှာတော့……။

(1) Your Name

photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၆ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး IMDb (8.4) ရရှိထားပါတယ်။ ဆယ်ကျော်သက်ကောင်လေးနဲ့ ကောင်မလေးတို့နှစ်ယောက်ဟာ ထူးဆန်းတဲ့ ဆက်သွယ်မှုတစ်ခု ရှိနေပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်ဟာ တစ်ခါမှမတွေ့ဖူးတဲ့ သူစိမ်းတွေ ဖြစ်ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ချင်းပါ လဲသွားပါတော့တယ်။ ဒီလိုထူးဆန်းတဲ့ ဖြစ်ရပ်ကြောင့် သူတို့နှစ်ယောက်ဟာ အပြင်မှာတွေ့ဖို့အတွက် ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့…..။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular